ကလေးတွေရဲ့စိတ်ကို အနာတရဖြစ်စေနိုင်တဲ့ စကား (၇) မျိုး

အမေရိကန်တစ်နိုင်ငံတည်းမှာတင် တစ်နှစ်ကို ကလေးပေါင်း ၇၀၀၀၀၀ ကျော်ဟာ စိတ်ပိုင်းဆိုင်ရာနှိပ်စက်ညှဉ်းပန်းမှုကို ခံစားနေရပါတယ်။ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းစက်မှုကို ခံရပြီးနောက် စိတ်မတည်ငြိမ်တာ၊ စိတ်ဓာတ်ကျတာ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းပါးတာတို့ ခံစားလာရပါတယ်။

ကလေးတွေမှာ စိတ်ဒဏ်ရာရတာက မိဘတွေ လွှတ်ကနဲထွက်သွားမိတဲ့ စကားတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ဘယ်လိုစကားတွေက ကလေးတွေရဲ့စိတ်မှာ အနာတရဖြစ်စေနိုင်လဲဆိုတာ love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ သင့်ကလေးကို အခြားကလေးများနဲ့ နှိုင်းယှဉ်ခြင်း

သင့်ကလေးကို အခြားကလေးတွေနဲ့ နှိုင်းယှဉ်ပြီးတော့ ဆူပြောတာက ကလေးတွေမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပျောက်ပြီး အရှုံးသမားတစ်ယောက်လို ခံစားလာရပါတယ်။ ဒါ့အပြင် မောင်နှမအချင်းချင်း နှိုင်းယှဉ်ပီဲးပြောတာကလည်း မောင်နှမတွေအကြား မလိုအပ်ဘဲ မကျေနပ်ချက်တွေ ဖြစ်လာစေပါတယ်။

ကလေးအချင်းချင်း နှိုင်းယှဉ်ပြီး ဆူလိုက်တဲ့အခါ မိဘတွေက သူ့ကို မချစ်ဘူးဆိုတဲ့ ခံစားချက်ကို ကလေးမှာ ရရှိသွားပါတယ်။

၂။ ကလေးရဲ့ခံစားချက်တွေကို ပစ်ပယ်ခြင်း

ကလေးရဲ့အရုပ်လေး ကျိုးပဲ့သွားတာက မိဘတွေအတွက်တော့ အရေးမကြီးတဲ့အရာပါပဲ။ ဒါပေမယ့် ကလေးအတွက်တော့ သူကြိုက်တဲ့အရုပ်လေး ကျိုးပဲ့သွားရင် အရမ်းဝမ်းနည်းသွားပါတယ်။

ကလေးက သူ့ရဲ့ဝမ်းနည်းမှုတွေ၊ ပျော်ရွှင်မှုတွေကို မိဘတွေကို ပြောပြတဲ့အခါ မိဘတွေက အရေးမပါသလို၊ ဂရုမစိုက်သလို ပြုမူလိုက်တဲ့အခါ ကလေးက ပိုဝမ်းနည်းသွားမှာပါ။ နောက်ပိုင်းမှာတော့ ကလေးက အသက်ကြီးလာတဲ့အခါ စိတ်ခံစားချက်တွေကို ထိန်းချုပ်ရခက်လာပြီး အမြဲလိုလိုစိတ်ပူပန်နေတာကို ကြုံတွေ့ရနိုင်ပါတယ်။

၃။ ကလေးကို လိမ်ညာခြင်း

မိဘတွေက ကလေးကို ပေးထားတဲ့ကတိတွေကို မမှတ်မိတော့တာဖြစ်နိုင်သလို ပြီးစလွယ်ကတိပေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကလေးတွေက မိဘတွေပေးထားတဲ့ကတိတွေကို အမြဲလိုလိုမှတ်မိနေတတ်ပါတယ်။

ကလေးတွေအပေါ် လိမ်ညာပြောတာ၊ ကတိမတည်တာများလာရင် သူတို့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေအ‌ပေါ် အမြဲတမ်းသံသယမျက်လုံးနဲ့ပဲ ကြည့်နေတတ်ပါတယ်။ ဒါ့အပြင် လိမ်ညာပြောလိုက်ရင် အဆင်ပြေတယ်ဆိုတဲ့ မကောင်းတဲ့အကျင့်လည်း ကူးစက်သွားစေမှာပါ။

၄။ ဖိအားပေးခြင်း

မိဘတွေက ကလေးတွေကို အရမ်းအောင်မြင်စေချင်တာကြောင့် အစွမ်းကုန်ပံ့ပိုးပေးကြပါတယ်။ ဒါပေမယ့် အချို့သောစကားတွေက ကလေးတွေကိုအားမဖြစ်စေဘဲ ဖိအားပဲ ဖြစ်သွားစေပါတယ်။ အချို့သောဖိအားတွေက ကလေးအရွယ်နဲ့ မမျှတတာကြောင့် စိတ်ပူပန်မှုတွေက အမြဲလိုလိုလွှမ်းမိုးနေမှာပါ။

၅။ ကလေးတွေရဲ့အစွမ်းအစကို မေးခွန်းထုတ်ခြင်း

ကလေးတွေကို ပိုမိုကြိုးစားစေချင်တာကြောင့် "ဒီလောက်ပဲ ကြိုးစားနိုင်တော့တာလား၊ ဒီထက်ပိုပြီး မလုပ်နိုင်တော့ဘူးလား" စတဲ့မေးခွန်းတွေ မေးရင် ရလဒ်က ပြောင်းပြန်ထွက်လာမှာပါ။

ဒီလိုမေးခွန်းတွေက ကလေးတွေရဲ့ကြိုးစားချင်စိတ်ကို ရိုက်ချိုးလိုက်သလို ဖြစ်စေပါတယ်။ ပိုပြီးကြိုးစားချင်စိတ်ရှိအောင် အခြားသော နည်းလမ်းတွေနဲ့ တိုက်တွန်းတာက ပိုပြီး အကျိုးရှိစေမှာပါ။

၆။ ကလေးတွေရဲ့ စိတ်ခံစားချက်နဲ့ ခန္ဓာကိုယ်ကို အပြစ်တင်ခြင်း

ကလေးအရွယ်မှာ ပစ္စည်းတွေ ခဏခဏလွတ်ကျတာ၊ ဝမ်းနည်းပြီး ခဏခဏငိုတာ၊ အကြောင်းမရှိဘဲ ဂျီကျတာတို့ ဖြစ်လေ့ရှိပါတယ်။ ဒါ့အပြင် မိဘတွေပြောတဲ့စကားတိုင်းကိုလည်း အတိအကျလိုက်မလုပ်နိုင်သေးပါဘူး။

"စားတာကလည်း နှေးလိုက်တာ၊ ဒီလောက်တောင် နားမလည်ဘူးလား" စတဲ့ စကားလုံးတွေက ကလေးတွေအတွက်တော့ နာကျင်စရာစကားတွေပါပဲ။

၇။ ကလေးတွေကို အမြဲတမ်းအပြစ်ရှိတယ်လို့ အထင်ရောက်စေခြင်း

အချို့သောမိဘတွေက အဆင်မပြေတဲ့အခါတိုင်းမှာ ကလေးတွေကို အပြစ်ပုံချတတ်ပါတယ်။ "ဒီကလေးကို မွေးလိုက်လို့ ဝါသနာတွေ၊ အခွင့်အရေးတွေ၊ တက်လမ်းတွေ ဆုံးရှုံးရတယ်" လို့ အမှတ်မထင် ပြောထွက်မိတတ်ကြပါတယ်။

မိဘတွေက လွှတ်ခနဲ ပြောလိုက်မိပေမယ့် ကလေးတွေရဲ့စိတ်ထဲမှာတော့ အမြဲတမ်းအပြစ်ရှိတယ်လို့ ခံစားသွားရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments