မကြာသေးခင်ကမှ ကလေးမွေးဖွားထားတဲ့ အမေနဲ့ အဖေတွေက အိပ်ရေးဝဝအိပ်ရမှာ မဟုတ်ပါဘူး။ ကလေးကို မကြာခဏ နို့တိုက်ရတာ၊ အနှီးလဲပေးရတာ၊ ထကြည့်ရတာတို့ကြောင့် အိပ်ချိန်က နည်းပါးနေမှာပါ။
အဲဒါကြောင့် ကလေးမွေးဖွားထားတာမကြာသေးတဲ့ မေမေတွေ အိပ်ချိန်များများရစေဖို့ နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ကလေးနဲ့အတူတူ လိုက်အိပ်ပါ။
မွေးကင်းစကလေးတွေက တစ်ရက်ကို ၁၆ နာရီခန့် အိပ်နိုင်ကြပါတယ်။ ကလေးတွေက နို့စို့ပြီးတဲ့အခါ ပြန်လည်အိပ်ပျော်သွားတတ်ပါတယ်။ အိပ်နေကျအချိန်အတိုင်းမအိပ်ဘဲနဲ့ နေ့ဘက်မှာလည်း ကလေးအိပ်တဲ့အချိန်မှာ လိုက်အိပ်ရင် အိပ်ရေးပိုဝလာမှာပါ။
ညဘက်မှာ ခဏခဏ နိုးလိုက်အိပ်လိုက်ဖြစ်နေတာက အိပ်စက်မှုစက်ဝန်းကို ကမောက်ကမဖြစ်စေပြီး စိတ်ဖိစီးမှုတွေလည်း ခံစားရနိုင်ပါတယ်။
၂။ ကလေးနဲ့တစ်ခန်းတည်းမှာ အိပ်ပါ။
ညဘက်မှာလည်း ကလေးကို ကြည့်ဖို့အတွက် လိုအပ်လာနိုင်ပါတယ်။ ကလေးကို အခန်းခွဲသိပ်ရင် ခဏခဏထရတာကြောင့် အိပ်ရေးလည်း ပျက်နေမှာပါ။
ကလေးကို မိမိရဲ့အိပ်ခန်းထဲမှာပဲ သိပ်တာ၊ ပုခက်ထဲသိပ်တာက ကလေးကို လွယ်လွယ်ကူကူ ကြည့်ရှုလို့ရတာကြောင့် ညဘက်တွေမှာ အိပ်ရေးအရမ်းမပျက်နိုင်တော့ပါဘူး။
၃။ ကာဖိန်းဓာတ်ပါဝင်တဲ့ သောက်စရာတွေကို ရှောင်ပါ။
သင်က ညဘက်မှာ အိပ်ရေးဝဝအိပ်ချင်ပေမယ့် အိပ်မပျော်တာလည်း ရှိနိုင်ပါတယ်။ အဲဒါကြောင့် ညဘက်မှာ အိပ်စက်ချိန်ကို မထိခိုက်အောင် ကာဖိန်းဓာတ်ပါဝင်တဲ့သောက်စရာတွေကို ရှောင်ပါ။
အိပ်ရာမဝင်ခင် ဖုန်းအသုံးပြုတာကလည်း အိပ်ရေးမဝစေပါဘူး။ အချိန်မှန်အိပ်ရာဝင်ပြီး အချိန်မှန်အိပ်ရာထတာက အိပ်ချိန်တွေ ပိုထွက်လာစေမှာပါ။
၄။ လုပ်စရာတွေကို မေ့ထားလိုက်ပါ။
အမေတွေက ညအိပ်ရေးပျက်တဲ့အပြင် နေ့ဘက်မှာလည်း အိမ်အလုပ်တွေကို လုပ်ရပါသေးတယ်။ နေ့ဘက်မှာလည်း အနားယူချိန်က နည်းပါးတာကြောင့် အိပ်စက်ချိန်လည်း မရှိပါဘူး။
နို့တိုက်မိခင်တွေက အမြဲတမ်းကျန်းမာနေဖို့အတွက် အိမ်အလုပ်တွေကို အရမ်းစိတ်ပူမနေသင့်ဘဲ အိပ်ရေးဝဖို့သာ အရေးကြီးပါတယ်။ အချို့သောအိမ်အလုပ်တွေကို အခြားမိသားစုဝင်တွေနဲ့ ထားလိုက်ပြီး ကလေးနဲ့မေမေ ကျန်းမာဖို့ တတ်နိုင်သမျှ အိပ်သင့်ပါတယ်။
၅။ ကလေးကို မိသားစုဝင်တွေ ထိန်းပေးဖို့ အကူအညီတောင်းပါ။
ကလေးကို အဖေနဲ့အမေ တစ်ယောက်တစ်လှည့်ထိန်းပြီး အဖေကြည့်ပေးနေချိန်မှာ အမေက အနားယူနေလို့ရပါတယ်။ ဒါမှမဟုတ် အခြားမိသားစုဝင်တွေက ကလေးကို ကြည့်ပေးနေချိန်မှာ အိပ်လို့ရသလို အခြားသောအလုပ်ကိစ္စတွေကိုလည်း ဆောင်ရွက်လို့ရပါတယ်။
ညဘက်မှာလည်း ကလေးကို ကြည့်ဖို့ အဖေနဲ့အမေ တာဝန်ခွဲထားရင် အိပ်ရေးပျက်တာတွေ နည်းပါးလာမှာပါ။
၆။ အမေရဲ့အသံကို ကလေးတွေက သဘောကျပါတယ်။
တစ်ခါတရံမှာ ကလေးတွေ ငိုတာက တစ်ခုခု လိုအပ်လို့မရပါဘူး။ ကလေးက ဗိုက်ဆာတာမဟုတ်ဘဲ၊ တစ်ခုခုအဆင်မပြေတာမဟုတ်ဘဲ ငိုနေတဲ့အခါ အမေရဲ့အသံနဲ့ ချော့သိပ်လိုက်ပါ။ အဲဒီအခါ ကလေးက သက်တောင့်သက်သာအိပ်ပျော်သွားပါတယ်။
Zombie (lovemedia)
0 Comments