မိဘတွေက ကလေးတွေကို စိုးရိမ်တာကြောင့် အမြဲလိုလိုမျက်စိဒေါက်ထောက်ကြည့်နေတတ်ပါတယ်။ ဒါပေမယ့် ကလေးတွေအတွက် ကိုယ်ပိုင်နေရာ၊ ကိုယ်ပိုင်အချိန်တွေကို အမြဲတမ်းထောက်လှမ်းနေတဲ့အခါမှာ ဆိုးကျိုးတွေ ဖြစ်လာစေမှာပါ။
၁။ ရင်းနှီးမှုနည်းပါးလာခြင်း
မိဘနဲ့ ကလေးတွေကြားမှာ စည်းတွေဘောင်တွေကို အရမ်းလျှော့ထားရင်လည်း မကောင်းသလို အရမ်းတင်းကြပ်လွန်းရင်းလည်း ဆိုးကျိုးဖြစ်စေမှာပါ။
မိဘတွေက ကလေးတွေကို အစိုးရိမ်လွန်ပြီး သူတို့ရဲ့သီးသန့်အကြောင်းအရာတွေကို အရမ်းစစ်ဆေးနေရင် တစ်ယောက်နဲ့တစ်ယောက်အကြား ရင်းနှီးမှုနည်းပါးလာမှာပါ။ မိဘတွေက သားသမီးတွေကို ယုံကြည်မှုမပေးဘူးဆိုတဲ့ အတွေးမျိုးရရှိလာစေပါတယ်။
၂။ လိမ်ညာပြောတတ်လာခြင်း
ကလေးတွေကို ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းပြောဆိုတတ်အောင် ပျိုးထောင်ပေးဖို့က အဓိကပါပဲ။ မိဘတွေက မယုံသင်္ကာစိတ်နဲ့ အမြဲတမ်းမေးမြန်းနေတဲ့အခါမှာတော့ ကလေးတွေမှာ လိမ်ညာပြောတတ်တဲ့အကျင့်ရရှိလာစေမှာပါ။ ဒါ့အပြင် မိဘတွေ သိသင့်တဲ့အကြောင်းအရာတွေကိုတောင် မပြောဘဲ ဖုံးကွယ်ထားနိုင်ပါတယ်။
၃။ စိတ်ကျန်းမာရေးကို ထိခိုက်စေခြင်း
ကလေးတွေကို မယုံဘဲ အမြဲတမ်း အိတ်တွေကို ဖွင့်စစ်တာ၊ ပစ္စည်းတွေကို သူတိုမသိခင် ရှာထားတာတွေက ကလေးရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။
ကလေးတွေအတွက် စိတ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျတာတွေရရှိလာစေပါတယ်။ ဒါ့အပြင် သူများရဲ့ကိုယ်ရေးကိုယ်တာဆိုတာ လေးစားစရာမလိုဘူးဆိုတဲ့ အတွေးမျိုးလည်း ကလေးတွေမှာ ရရှိသွားစေနိုင်ပါတယ်။
၄။ ဘဝရဲ့သင်ခန်းစာတွေကို မလေ့လာနိုင်ခြင်း
မိဘတွေက သူတို့ကြုံတွေခဲ့တဲ့အမှားတွေကို ကလေးတွေမှာ မကြုံတွေ့စေချင်တာကြောင့် အချို့သောအရာတွေကို ကန့်သတ်ထားတတ်ပါတယ်။ ဒါပေမယ့် ကလေးတွေကို ကာကွယ်လွန်တာက သူတို့ကို အမှားများသွားအောင် တွန်းပို့သလိုပါပဲ။
ကလေးတွေကို မှားခွင့်ပေးပြီး အမှားကနေ သင်ခန်းစာယူတတ်အောင် လမ်းပြပေးတဲ့အခါ ဘဝမှာ ဘယ်လိုနေထိုင်ပြုမူသင့်လဲဆိုတာ ကလေးတွေကိုယ်တိုင် သိရှိသွားမှာပါ။
၅။ ယုံကြည်မှုနည်းလာခြင်း
ကလေးတွေရဲ့သီးသန့်အကြောင်းအရာတွေကို သိရှိပြီးနောက် အခြားသူတွေကို ပြောပြတာမျိုးက ကလေးနဲ့မိဘကြားမှာ ယုံကြည်မှုတွေ နည်းပါးလာစေပါတယ်။ အဲဒါကြောင့် သင့်ကလေးက နောက်ပိုင်းမှာ ဘာမှမပြောတော့ဘဲ ဖုံးကွယ်ထားတာတွေ ပိုများလာမှာပါ။ မိဘတွေအပေါ်မှာလည်း ယုံကြည်မှုတွေ လျော့ပါးလာမှာပါ။
၆။ ကလေးတွေမှာ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်နေရာရရှိစေဖို့အတွက်နည်းလမ်းများ
- ကလေးတွေရဲ့အခန်းထဲကို မဝင်ခင်မှာ တံခါးကို အရင်ခေါက်သင့်ပါတယ်။
- ကလေးတွေရဲ့ နေ့စဉ်မှတ်တမ်းတွေ၊ ဖုန်းတွေ၊ ပစ္စည်းတွေကို ယူမကြည့်သင့်ပါဘူး။
- သူတို့အိတ်ထဲက တစ်ခုခုယူတော့မယ်ဆိုရင် အိတ်ကိုယူကြည့်မယ့်အကြောင်း အသိပေးပါ။
- ကလေးတွေအချင်းချင်း စကားပြောတဲ့အခါ ခိုးနားထောင်တာ၊ ကြားဖြတ်နားထောင်ကို ရှောင်ရှားသင့်ပါတယ်။
၇။ ခြွင်းချက်
ကလေးတွေရဲ့ အသက်အန္တရာယ်နဲ့သက်ဆိုင်တဲ့အခါမှာတော့ ခြွင်းချက်ရှိပါတယ်။ ကလေးတွေမှာ အန္တရာယ်ရှိနေပြီဆိုရင် အချို့သောအကြောင်းအရာတွေကို မိဘတွေက ဝင်ရောက်စွက်ဖက်သင့်ပါတယ်။
Zombie (lovemedia)
0 Comments