ဒီအချက် (၅) ချက်ကို မနက်ခင်းပိုင်းမှာ ပြုလုပ်တဲ့အခါ ကိုယ်အလေးချိန်ကျဖို့ ခက်ခဲနေမှာပါ

ကိုယ်အလေးချိန်ကျဖို့အတွက်ဆိုရင် မနက်ခင်းပိုင်းမှာ ပြုလုပ်တတ်တဲ့အပြုအမူတွေက အရေးကြီးပါတယ်။ လေ့ကျင့်ခန်းတွေလုပ်ပြီး အစားတွေ လျော့စားနေပေမယ့် မနက်ခင်းပိုင်းမှာ ဒီလိုအချက်တွေ ပြုလုပ်နေတဲ့အခါ ကိုယ်အလေးချိန်က ကျမှာမဟုတ်ပါဘူး။

၁။ မနက်စာကို ဝအောင်မစားခြင်း

တစ်နေ့တာလုံး အားအင်ပြည့်ဖို့အတွက် မနက်စာက အရေးအကြီးဆုံးပါ။ မနက်စာကို မစားတာက ကိုယ်အလေးချိန်မကျစေတဲ့အပြင် ပိုလို့တောင် တက်လာစေဦးမှာပါ။

မနက်စာကို အာဟာရပြည့်ဝအောင် စားပြီး နေ့လယ်စာကို ပုံမှန်လောက်ပဲ စားပေးပါ။ ညစာကို လျှော့စားပေးရင် ကိုယ်အလေးချိန်က တဖြည်းဖြည်းနဲ့ ကျသွားမှာပါ။

၂။ မနက်ခင်းပိုင်းမှာ လမ်းမလျှောက်ခြင်း

မနက်ခင်းနေရောင်ခြည်က အဆီတွေကို လျင်လျင်မြန်မြန်လောင်ကျွမ်းစေပါတယ်။ ဆောင်းရာသီမှာ ကိုယ်အလေးချိန်တွေ တက်လာရတဲ့အကြောင်းအရင်းတွေထဲမှာ မနက်ခင်းနေရောင်ခြည်နဲ့ ထိတွေ့ချိန်နည်းတာလည်း ပါဝင်ပါတယ်။

အဲဒါကြောင့် မနက်ခင်းနေရောင်ခြည်အောက်မှာ လေ့ကျင့်ခန်းလုပ်တာ၊ လမ်းလျှောက်တာတွေက ကိုယ်အလေးချိန်ကျဖို့ တကယ်ကို ထိရောက်တဲ့နည်းလမ်းတွေပါပဲ။

၃။ မနက်ပိုင်းမှာ ရေများများမသောက်ခြင်း

အရွယ်ရောက်ပြီးသားလူတစ်ယောက်ရဲ့ခန္ဓာကိုယ် ၅၅ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိကို ရေနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒါကြောင့် မနက်အိပ်ရာထပြီးနောက်မှာ ရေကို များများသောက်ဖို့ လိုအပ်ပါတယ်။

ရေသောက်တာက ခန္ဓာကိုယ်ကဇီဝကမ္မဖြစ်စဉ်ကို အရှိန်မြင့်ပေးတာကြောင့် အဆီတွေကိုလည်း ပိုမိုလောင်ကျွမ်းစေပါတယ်။ ရေက ခန္ဓာကိုယ်က အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။

၄။ မနက်ခင်းပိုင်းမှာ လေ့ကျင့်ခန်းမလုပ်ခြင်း

မနက်ခင်းပိုင်းမှာ လေ့ကျင့်ခန်းလုပ်တာ၊ ယောဂလေ့ကျင့်တာက ခန္ဓာကိုယ်က ဇီဝကမ္မဖြစ်စဉ်တွေကို မြန်ဆန်စေပါတယ်။ မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်ပြီးနောက် အစားစားချင်စိတ်တွေလည်း လျော့နည်းလာတာကြောင့် အစားကို အရမ်းကြီးလျှော့စရာလည်း မလိုတော့ပါဘူး။

မနက်ခင်းပိုင်းမှာ လေ့ကျင့်ခန်းလုပ်တာက အခြားအချိန်တွေမှာ လေ့ကျင့်ခန်းလုပ်တာထက် ကယ်လိုရီတွေ ပိုမိုလောင်ကျွမ်းစေပါတယ်။ စိတ်ဖိစီးမှုတွေလည်း လျော့ကျစေပါတယ်။

၅။ မနက်ခင်းပိုင်းမှာ စိတ်ရှုပ်စရာတွေကို တွေးတောခြင်း

မနက်ခင်းပိုင်းမှာ စိတ်အနှောင့်အယှက်ဖြစ်စရာတွေကို တွေးတောနေရင် စိတ်ထဲမှာ မကြည်မလင်ဖြစ်ပြီး စိတ်ဖိစီးမှုတွေလည်း တိုးလာစေပါတယ်။ တစ်နေ့တာလုံးလန်းဆန်းနေစေဖို့ မနက်ခင်းပိုင်းမှာ စိတ်ကို ကြည်ကြည်လင်လင်ဖြစ်ဖို့ အရေးကြီးပါတယ်။

စိတ်ဖိစီးမှုများတာက ခန္ဓာကိုယ်မှာ အဆီတွေပိုတိုးလာစေပါတယ်။ အစားလျှော့စားပေမယ့်လည်း စိတ်ဖိစီးမှုတွေများနေရင် ပင်ပန်းသမျှ အရာမထင်ဖြစ်နေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments