အချို့မိဘတွေက ကလေးတွေကို ပွေ့ဖက်ဖို့အတွက် မဝံ့မရဲဖြစ်လေ့ရှိပါတယ်။ တကယ်တော့ ပွေ့ဖက်တာက ကျန်းမာရေးအတွက် အများကြီး အကျိုးရှိစေပါတယ်။ အထူးသဖြင့် ကလေးတွေကို ပုံမှန်ပွေ့ဖက်ပေးတဲ့အခါမှာ ကလေးတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် များစွာသော အကျိုးကျေးဇူးတွေ ရရှိလာစေမှာပါ။
၁။ ပျော်ရွှင်စေခြင်း
ပွေ့ဖက်တာက ကြင်နာမှုကို ပြသခြင်းပါပဲ။ ကလေးတွေကို နေ့စဉ်ပွေ့ဖက်ပေးခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ တိုးလာစေပါတယ်။ အကောင်းမြင်စိတ်တွေလည်း ရရှိလာစေပါတယ်။ ကလေးတွေမှာလည်း စိတ်ဖိစီးမှုတွေကို ခံစားရတတ်ပါတယ်။
လူကြီးမိဘတွေက ကလေးတွေကို ကြင်ကြင်နာနာပွေ့ဖက်ပေးတဲ့အခါ သူတို့အတွက် စိတ်ဖိစီးမှုတွေ လျော့ကျပြီး ပျော်ရွှင်မှုတွေ တိုးလာစေပါတယ်။
၂။ စာနာစိတ်ထားတတ်လာခြင်း
ကလေးတွေကို ပွေ့ဖက်ပြီး ကြင်ကြင်နာနာဆက်ဆံပေးတဲ့အခါ အခြားသူတွေကို ဘယ်လိုစာနာစိတ်ထားရမလဲဆိုတာ သင့်ကလေးမှာ ရရှိပြီးသားဖြစ်စေပါတယ်။ အားငယ်နေသူ၊ ဝမ်းနည်းနေတဲ့သူကို ပွေ့ဖက်နှုတ်ဆက်လိုက်တဲ့အခါ နွေးထွေးမှုတွေ အများကြီး ရရှိသွားမှာပါ။
သင့်ကလေးကို အမြဲလိုလိုပွေ့ဖက်နှုတ်ဆက်တာက အခြားသူတွေအပေါ် ကြင်ကြင်နာနာဆက်ဆံသင့်ကြောင်း သင်ကြားပေးလိုက်သလိုပါပဲ။ အဲဒါကြောင့် အလေ့အကျင့်ကောင်းကို ပျိုးထောင်တာနဲ့ အတူတူပါပဲ။
၃။ ဂျီကျတာကို လျော့ကျစေခြင်း
ကလေးတွေက အသက် ၂နှစ်ကျော်လောက်ကနေစပြီး စတင်ဂျီကျတတ်လာပါပြီ။ အဲဒီအခါ ကလေးကို မဆူဘဲ ပွေ့ဖက်ပေးလိုက်ပါ။ ပွေ့ဖက်ပေးလိုက်တဲ့အခါ သင့်ကလေးက ဂျီကျတာ ချက်ချင်းရပ်သွားနိုင်ပါတယ်။
ပွေ့ဖက်တဲ့အခါမှာ အောက်ဆီတိုစင်ဟော်မုန်းထွက်ပါတယ်။ အဲဒီဟော်မုန်းက စိတ်ကို တည်ငြိမ်စေပြီး ပူပန်မှုတွေကို လျော့ကျစေပါတယ်။
၄။ ဉာဏ်ရည်ဉာဏ်သွေးကို ထက်မြက်စေခြင်း
လေ့လာမှုတစ်ခုမှာ ကလေးတွေကို အုပ်စုနှစ်စုခွဲပြီး လေ့လာခဲ့ပါတယ်။ ပထမအုပ်စုမှာ ပါဝင်တဲ့ကလေးတွေကို တစ်နေ့ကို ၁၅ မိနစ်ခန့် အချိန်ပေးပြီး ပွေ့ဖက်တာ၊ စကားပြောတာ၊ ကစားတာတို့ ပြုလုပ်စေပါတယ်။ ဒုတိယအုပ်စုမှာ ပါဝင်တဲ့ကလေးတွေကိုတော့ ဘာမှမလုပ်ပါဘူး။
ရလဒ်အနေနဲ့ကတော့ နေ့စဉ်ပွေ့ဖက်နှုတ်ဆက်ခြင်းကို ခံရတဲ့ကလေးတွေက ပိုမိုရင့်ကျက်ပြီး ဉာဏ်ရည်တိုးတက်လာတာကို တွေ့ရပါတယ်။ အဲဒါကြောင့် ကလေးတွေကို နေ့စဉ်အချိန်ပေးပြီး ပွေ့ဖက်ပေးခြင်းက ထင်မထားတဲ့အကျိုးကျေးဇူးတွေကိုတောင် ရရှိစေမှာပါ။
၅။ ပေါင်းသင်းဆက်ဆံရေးတိုးတက်စေခြင်း
ပွေ့ဖက်နှုတ်ဆက်တဲ့အခါ ခန္ဓာကိုယ်မှာ အောက်စီတိုစင်ဟော်မုန်းထွက်လာပါတယ်။ အဲဒီဟော်မုန်းကို အချစ်ဟော်မုန်းလို့လည်း ခေါ်ကြပါတယ်။
သင့်ကလေးကို ပွေ့ဖက်နှုတ်ဆက်တဲ့အခါ အခြားကလေးကိုလည်း သင့်ကလေးက နွေးနွေးထွေးထွေး ဆက်ဆံမှာပါ။ အဲဒီအခါ ကလေးတွေမှာ ပေါင်းသင်းဆက်ဆံရေးတိုးတက်ပြီး အရင်ကထက်လည်း ပိုမိုသွက်လက်လာစေပါတယ်။
၆။ ကျန်းမာရေးကောင်းစေခြင်း
အောက်စီတိုစင်ဟော်မုန်းထွက်တဲ့အခါ ကိုယ်ခံအားစနစ်လည်း တိုးတက်လာပါတယ်။ ဒါ့အပြင် အောက်စီတိုစင်ဟော်မုန်းက အနာကျက်မြန်စေပြီး ရောင်ရမ်းနာကျင်တာတွေကိုလည်း သက်သာစေပါတယ်။ ပွေ့ဖက်ခြင်းနဲ့ အသားကျနေတဲ့ကလေးက စိတ်ဖိစီးမှုတွေ နည်းပါးပြီး အမြဲကျန်းမာနေမှာပါ။
၇။ မိဘနဲ့ ကလေးကြားမှာ ပိုမိုရင်းနှီးလာခြင်း
မိဘနဲ့ ကလေးကြားမှာ ခပ်စိမ်းစိမ်းဖြစ်မနေသင့်ပါဘူး။ အဲဒါကြောင့် ပွေ့ဖက်ဖို့အတွက် တွေဝေမနေဘဲ ရင်းနှီးမှုတွေပိုတိုးလာအောင် ကလေးကို နေ့စဉ်ပွေ့ဖက်ပေးသင့်ပါတယ်။
ကလေးကို ပွေ့ဖက်ပေးတဲ့အခါမှာ ကြောက်စိတ်တွေလျော့ကျပြီး မိဘနဲ့ ကလေးကြား ယုံကြည်မှုတွေလည်း တိုးလာမှာပါ။ ကလေးအတွက် စိတ်လုံခြုံမှုလည်း အပြည့်အဝရရှိလာစေမှာပါ။
Zombie (lovemedia)
0 Comments