မိန်းကလေးတွေကို အချို့မိဘတွေက မွေးကင်းစအရွယ်ကနေ စပြီးတော့ နားဖောက်ပေးတတ်ကြပါတယ်။ ဒါပေမယ့် ကလေးတွေကို ငယ်ရွယ်စဉ်မှာ နားဖောက်ပေးတဲ့အခါ ကောင်းကျိုးထက် ဆိုးကျိုးတွေပဲ ရလာမှာပါ။
၁။ ပိုးဝင်နိုင်ခြင်း
အပ်နဲ့ ဖောက်တာပဲဖြစ်ဖြစ်၊ နားဖောက်ကိရိယာနဲ့ နားဖောက်တာပဲဖြစ်ဖြစ် ပိုးက အလွယ်တကူဝင်ရောက်နိုင်ပါတယ်။ ကလေးအရွယ်မှာ ကိုယ်ခံအားက နည်းသေးတာကြောင့် နားဖောက်ပြီးနောက် ပိုးဝင်လာတာကို ခံနိုင်ရည်မရှိသေးပါဘူး။
သင့်ကလေးကို နားဖောက်ပြီးတဲ့အခါမှာလည်း ရောင်တာ၊ ယားတာ၊ နာကျင်တာတို့ ဖြစ်လားဆိုတာကို စစ်ဆေးပေးဖို့လိုအပ်ပါတယ်။
၂။ နားဖောက်ဖို့ဆိုရင် ကလေးရဲ့ဆန္ဒကိုလည်း ဦးစားပေးသင့်ပါတယ်။
အချို့ကလေးတွေက နားဖောက်တာကို မကြိုက်ပေမယ့် မိဘတွေက နားဖောက်ပေးကြပါတယ်။ နားဖောက်တာက ကလေးတွေအတွက် အရမ်းနာကျင်ပါတယ်။ နားဖောက်တော့မယ်ဆိုရင် ကလေးက နားဖောက်ချင်မှသာ ဖောက်ပေးတာ ပိုကောင်းပါတယ်။
၃။ ကလေးတွေရဲ့ အသားအရေက အရမ်းနူးညံ့ပါတယ်။
ကလေးတွေရဲ့အသားအရေက အရမ်းနူးညံ့တာကြောင့် နားဖောက်တဲ့အခါ နာကျင်တဲ့ဒဏ်ကို ခံနိုင်ရည်မရှိပါဘူး။ နားဖောက်ပြီးနောက် နာကျင်မှုကို ရက်အတော်ကြာ ခံစားရတတ်ပါတယ်။
ကျွမ်းကျင်သူအများစုကတော့ နားဖောက်ခါနီး ၁၅ မိနစ်အလိုခန့်မှာ နားပန်နေရာကို ထုံဆေးခရင်မ်လိမ်းပေးပြီးမှာ ဖောက်ကြပါတယ်။ နားဖောက်ပြီးနောက် နာကျင်နေတဲ့အခါ ရေခဲလေးနဲ့ တို့ပေးလို့လည်း ရပါတယ်။
၄။ မတော်တဆထိခိုက်နိုင်ပါတယ်။
ကလေးအရွယ်မှာ အမျိုးစုံအောင် ဆော့တတ်ကြပါတယ်။ နားကပ်တပ်ထားပြီးရင် ကလေးအချင်းချင်းဆွဲမိတာ၊ ဆော့နေရင်း ကြိုးနဲ့ငြိတာ၊ အဝတ်အစားနဲ့ ငြိတာတို့လည်း ဖြစ်လာနိုင်ပါတယ်။ ကလေးတွေကို ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ကြည့်ရှုနိုင်တဲ့အရွယ်ရောက်မှသာ နားဖောက်ပေးသင့်ပါတယ်။
၅။ ဓာတ်မတည့်ခြင်း
ကလေးတွေမှာ နီကယ်ဒြပ်စင်နဲ့ ဓာတ်မတည့်တာကို တွေ့ရများပါတယ်။ ကလေးတွေအတွက် ရွှေနားကပ်ဝယ်ပေးတော့မယ်ဆိုရင် နီကယ်ဒြပ်စင်ပါလားဆိုတာကို သတိပြုဖို့ အရေးကြီးပါတယ်။
ငွေနဲ့ပြုလုပ်ထားတဲ့နားကပ်တွေကတော့ အန္တရာယ်ကင်းပါတယ်။ ကလေးတွေကို နားဖောက်ပေးတော့မယ်ဆိုရင်၊ နားကပ်ဝယ်ပေးတော့မယ်ဆိုရင် ဓာတ်မတည့်တာတွေ မဖြစ်အောင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
Zombie (lovemedia)
0 Comments