လက်ဝတ်ရတနာတွေက အမျိုးသမီးတွေရဲ့အသည်းနှလုံးကို ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ လက်ဝတ်ရတနာတွေကို ဝတ်ထားပြီးတဲ့အခါမှာ မချွတ်ချင်ကြတော့ပါဘူး။ ဒါပေမယ့် လက်ဝတ်ရတနာတွေကို အမြဲတမ်းဝတ်ထားတာက ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်လာစေမှာပါ။
၁။ မနက်ခင်းပိုင်းမှာ ချွတ်ရခက်ခြင်း
မနက်ခင်းအိပ်ရာနိုးလာတဲ့အခါမှာ လက်ဆစ်လေးတွေက ဖောင်းနေတာကို သတိထားမိမှာပါ။ ညဘက်အိပ်ပျော်နေစဉ်မှာ တစ်ရှူးတွေမှာ အရည်တွေ ပြည့်လာပြီး မနက်မှာတော့ လက်က အနည်းငယ်ရောင်နေပါတယ်။
လက်စွပ်ကို ညဘက်မှာ ဝတ်အိပ်ရင် မနက်ဘက်မှာတော့ ချွတ်ရခက်စေပါတယ်။ လက်စွပ်ချွတ်ရခက်တဲ့အခါ လက်ကို ရေခဲရေထဲမှာ ခဏစိမ်ထားပြီးမှ ချွတ်ပါ။
၂။ အိပ်ရေးတာ အဆင်မပြေခြင်း
လည်ဆွဲကြီးတွေကို ညဘက်ဝတ်အိပ်ရင် ဆံပင်နဲ့ငြိတာ၊ အိပ်ရာခင်းနဲ့ ငြိတာတို့ ကြုံတွေ့ရတတ်ပါတယ်။ ဒါ့အပြင် ညဘက်အိပ်တဲ့အခါ ငြိပြီးတော့ ပြုတ်ထွက်သွားမလား၊ ပြတ်ထွက်သွားမလားဆိုတာကိုလည်း စိတ်ပူနေရမှာပါ။
၃။ အသားအရေကို ယားယံစေခြင်း
အချို့သောလက်ဝတ်ရတနာတွေကို နီကယ်ဒြပ်စင်ထည့်ပြီး ပြုလုပ်ထားကြပါတယ်။ နီကယ်ဒြပ်စင်က ထိလွယ်ရှလွယ်အသားအရေနဲ့ ဓာတ်မတည့်တာကြောင့် ယားတာ၊ အနီစက်တွေထွက်တာတို့ ကြုံရနိုင်ပါတယ်။
ထိလွယ်ရှလွယ်တဲ့ အသားအရေပိုင်ရှင်တွေက 14k ရွှေ နဲ့ 14k အထက်ရှိတဲ့ရွှေကိုသာ ဝတ်ဆင်သင့်ပါတယ်။
၄။ နားပန်က တွဲကျလာခြင်း
ညအိပ်တဲ့အခါ နားကပ်ကို ပန်ပြီးအိပ်တာက အိပ်ရတာ အဆင်မပြေဖြစ်စေပါတယ်။ ညဘက်မှာ နားကပ်ကို ချွတ်ပြီး မအိပ်ရင် နားပန်က တွဲကျလာတာ၊ ရှည်ကျလာတာတို့ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
နားကပ်ကို ဝတ်အိပ်တာက နားမှာ အနံ့ဆိုးတွေလည်း ထွက်လာစေပါတယ်။ နားပေါက်မှာရှိတဲ့ဆဲလ်တွေ၊ အဆီတွေ၊ ဘက်တီးရီးယားတွေ ရောပြီးတော့ အနံ့ဆိုးတွေ ဖြစ်ပေါ်လာပါတယ်။
၅။ ဘက်တီးရီးယားတွေ စုဝေးလာခြင်း
လက်ဝတ်ရတနာတွေကို ညဘက်မှာ ဝတ်အိပ်ရင် ဘက်တီးရီးယားတွေ ပျော်ရွှင်တဲ့နေရာဖြစ်လာမှာပါ။ လက်ကနေ ထွက်တဲ့ချွေးတွေက စိုစွတ်နေတာကြောင့် ဘက်တီးရီးယားတွေက အရမ်းသဘောကျပါတယ်။ နောက်ဆက်တွဲအနေနဲ့ အရေပြားယားယံပြီး အဖုလေးတွေ ပေါက်လာမှာပါ။
၆။ လက်ဝတ်ရတနာတွေရဲ့အရည်အသွေးတွေ လျော့လာခြင်း
လက်ဝတ်ရတနာတွေကို ညအိပ်ခါနီးမှာ ချွတ်ပြီးတော့သာ အိပ်သင့်ပါတယ်။ အမြဲတမ်းဝတ်အိပ်တာက လက်ဝတ်ရတနာရဲ့ပုံကိုလည်း ပျက်စေပြီး အရောင်တွေလည်း မှိန်လာမှာပါ။
အိပ်တဲ့အချိန်မှာ ချွေးထွက်တာကြောင့် ချွေးထွက်တာကနေ လက်ဝတ်ရတနာရဲ့အရောင်က အရင်ကလို မလှနိုင်တော့ပါဘူး။
Zombie (lovemedia)
0 Comments