ဂျပန်လူမျိုးတွေက စားသောက်နေစဉ်မှာ ရေသောက်တာက အစာချေဖျက်မှုကို ထိခိုက်စေတယ်လို့ ယုံကြည်ကြပါတယ်။ အဲဒါကြောင့် ဂျပန်လူမျိုးအများစုက အစားစားနေချိန်မှာ ရေသောက်လေ့သောက်ထ မရှိကြပါဘူး။ အစားစားနေရင်းနဲ့ ရေသောက်တဲ့အခါမှာ ဆိုးကျိုးတွေ ရရှိလာစေနိုင်ပါတယ်။
၁။ ခံတွင်းခြောက်လာခြင်း
အစားစားနေချိန် ရေသောက်လိုက်ရင် ခံတွင်းက ခြောက်သွေ့လာပါတယ်။ ခံတွင်းခြောက်သွေ့လာတဲ့အခါမှာတော့ ခံတွင်းအနံ့ဆိုးတွေ ထွက်လာပါတယ်။ အဲဒါကြောင့် ဂျပန်လူမျိုးတွေက အစားစားနေချိန်မှာ ရေသောက်နည်းကြပါတယ်။
အချို့တွေက ရေထဲကို သံပုရာစိတ်လေးညှစ်ထည့်ပြီး သောက်ကြပါတယ်။ သံပုရာစိတ်ညှစ်ထည့်ပြီးသောက်ရင် တံတွေးက ထွက်တာကြောင့် ခံတွင်းလည်းမခြောက်တော့ပါဘူး။
၂။ အစာချေစနစ်ကို ထိခိုက်စေခြင်း
အစားစားနေချိန်မှာ ရေသောက်ရင် တံတွေးထုတ်လုပ်မှုနည်းပါးလာပါတယ်။ အဲဒီအခါ အစာအိမ်ထဲမှာ အစာချေဖျက်ဖို့အတွက် အခက်အခဲဖြစ်လာပါတယ်။ ရလဒ်အနေနဲ့ အစာအိမ်က အစာချေဖျက်ဖို့အားနည်းလာပြီး လေပွတာ၊ ရင်ပြည့်တာတို့ ခံစားရစေပါတယ်။
၃။ အာဟာရစုပ်ယူမှုကို ထိခိုက်စေခြင်း
အစားစားနေချိန်မှာ ရေသောက်တာက အစာအိမ်ထဲမှာ ရှိတဲ့အက်စစ်ကို သက်ရောက်မှုဖြစ်စေပါတယ်။ အဲဒီကနေ အစာချေစနစ်အတွက် အဆင်မပြေဖြစ်စေပြီး စားလိုက်တဲ့အာဟာရဓာတ်တွေကို နည်းနည်းပဲ စုပ်ယူနိုင်ပါတော့တယ်။
၄။ ရင်ပူခြင်း
ရေသောက်တာက ပုံမှန်အချိန်မှာတော့ ခန္ဓာကိုယ်အတွက် ကောင်းကျိုးဖြစ်စေပါတယ်။ အစားစားနေချိန်ရေသောက်ရင် ဗိုက်ပြည့်သလို၊ ဗိုက်ပွသလို ခံစားရပါတယ်။
ရေသောက်လိုက်တာကြောင့် အစာချေအင်ဇိုင်းတွေကို နည်းနည်းပဲ ထုတ်လုပ်နိုင်တဲ့အတွက် ရင်ပူတာကို ကြုံတွေ့ရနိုင်ပါတယ်။
၅။ ကိုယ်အလေးချိန် တက်လာခြင်း
ကိုယ်အလေးချိန်ကို ထိန်းထားချင်သူတွေအတွက်တော့ အစားစားနေချိန်မှာ ရေမသောက်သင့်ပါဘူး။ အစားစားနေချိန်ရေသောက်ရင် ခန္ဓာကိုယ်က အစာကို ကောင်းကောင်းမချေဖျက်နိုင်တာကြောင့် အဆီအဖြစ်ပြောင်းလဲသွားပါတယ်။ အဲဒီကနေ ကိုယ်အလေးချိန်တွေ တိုးလာစေပါတယ်။
အစားစားနေချိန် ရေမသောက်မိစေဖို့အတွက်
- အငန်များတဲ့အစားအစာတွေကို စားမိတဲ့အခါ ရေပိုဆာလာတာကြောင့် ရေများများသောက်မိသွားတတ်ပါတယ်။ အငန်များတဲ့အစားအစာတွေကို လျှော့စားတာက စားနေချိန်မှာ ရေသောက်နည်းသွားစေမှာပါ။
- အစားကို ဖြည်းဖြည်းချင်းဝါးစားပါ။ ဖြည်းဖြည်းချင်း ဝါးစားတာက အစာချေစနစ်အတွက်လည်း ကောင်းကျိုးဖြစ်စေပါတယ်။
- အစားမစားမီ မိနစ် ၃၀ အလိုခန့်ကတည်းကနေ ရေသောက်ပါ။ ဒီနည်းက အစားကိုလည်း ထိန်းစားပြီးသားဖြစ်စေပါတယ်။
- အစားကို မလောဘဲနဲ့ ဖြည်းဖြည်းချင်းစားပါ။ ခပ်မြန်မြန်စားရင် နင်သွားတာကြောင့် ရေသောက်ဖို့လည်း လိုအပ်လာပါတယ်။
Zombie (lovemedia)
0 Comments