ပြောရဆိုရခက်ပြီး ဆိုးသွမ်းနေတဲ့ကလေးတွေကို လိမ္မာသွားစေဖို့ နည်းလမ်း (၅) ခု

လိမ္မာယဉ်ကျေးတဲ့ကလေးဖြစ်လာစေဖို့ ပြုစုပျိုးထောင်ရတာက ထင်သလောက်တော့ မလွယ်ကူပါဘူး။ အရမ်းကို ပြောရဆိုရခက်ပြီး ဆိုးသွမ်းနေတဲ့ကလေးတွေကိုတောင် လိမ္မာသွားစေဖို့ ဒီအချက် ၅ ချက်ကို အသုံးပြုနိုင်ပါတယ်။

၁။ ကလေးတွေက လမ်းလျှောက်ရင် မိဘနဲ့အတူတူ လက်တွဲပြီး မလျှောက်ချင်ကြပါဘူး။

ကလေးတွေက လမ်းလယ်ခေါင်မှာ ဂျီကျတာ၊ ပေကပ်ပြီးတော့ နေနေတာ၊ မိဘနဲ့အတူ လက်တွဲပြီး လမ်းမလျှောက်ချင်တာကို မိဘအများစု ကြုံတွေ့ရတတ်ပါတယ်။ အဲဒီအခါ ကလေးကို မဆူမပြောဘဲနဲ့ သင့်ကို ကူညီပြီး လမ်းပြပေးဖို့၊ တွဲခေါ်သွားပေးဖို့ ပြောပါ။

အဲဒီအခါ ကလေးတွေက ချက်ချင်းပဲ မိဘကို ဦးဆောင်ပြီးတော့ တက်တက်ကြွကြွနဲ့ သွားချင်စိတ်တွေဖြစ်ပေါ်လာပါတယ်။ ပြောဆိုတဲ့စကားတွေကိုလည်း ချက်ချင်းနားထောင်လာပါတယ်။

၂။ အပြုအမူအမှားတွေအတွက် ကလေးတွေက အပြစ်ပေးတာကို မခံယူချင်ကြပါဘူး။

ကလေးတွေက သူတို့အမှားလုပ်မိတာကို သိကြပေမယ့် အပြစ်ပေးတာကိုတော့ လက်မခံချင်ကြပါဘူး။ အဲဒီအခါ ကလေးကို အပြစ်ရှိရတဲ့အကြောင်းအရင်းနဲ့ ဘာ့ကြောင့်အပြစ်ကို ခံယူသင့်ကြောင်း ရှင်းပြပေးနိုင်ပါတယ်။

အခန်းထောင့်မှာ တစ်နာရီမတ်တပ်ရပ်တဲ့နည်းနဲ့ အပြစ်ပေးမယ့်အစား စုထားတဲ့မုန့်ဖိုးထဲကနေ ဒဏ်ကြေးပေးမလား သို့မဟုတ် တစ်ပတ်လုံးပန်းကန်ဆေးမလား စတဲ့နည်းနဲ့ အပြစ်ပေးလို့ရပါတယ်။ ကလေးတွေက အမှားလုပ်ပေမယ့် စိတ်ထိခိုက်ခံစားသွားရအောင် အပြစ်ပေးတာက နည်းလမ်းကောင်းမဟုတ်ပါဘူး။

၃။ ကလေးတွေက အာဟာရရှိတဲ့အစားအစာတွေကိုမစားချင်ဘဲ အချိုတွေပဲ စားချင်ကြပါတယ်။

အချို့ကလေးတွေကို ထမင်းစားဖို့ တိုက်တွန်းရတာက အရမ်းကိုခက်ခဲပါတယ်။ ကလေးတွေက မုန့်တွေ၊ အချိုတွေပဲ စားချင်ကြပါတယ်။ သူတို့ကို အာဟာရရှိတာတွေ စားဖို့ ပြောလေ၊ ပိုပြီးမစားချင်လေပါပဲ။

ကလေးတွေကို အတင်းအကြပ်မတိုက်တွန်းဘဲ အပေးအယူလုပ်တဲ့နည်းကို အသုံးပြုလို့ရပါတယ်။ ဥပမာအားဖြင့် "သား ဒီစွပ်ပြုတ်ကို ကုန်အောင်စားပြီးရင် မုန့်စားရမယ်" ဆိုတာမျိုးပါ။

၄။ ကလေးတွေက မနက်စာလည်း မစားချင်ကြပါဘူး။

မိဘတွေက မနက်ပိုင်းမှာ အရမ်းအလုပ်များလေ့ရှိကြပါတယ်။ အဲဒါကြောင့် ကလေးတွေကို တစ်ယောက်တည်းစားတတ်အောင် သင်ကြားပေးကြပါတယ်။ အဲဒီအခါ ကလေးတွေက မနက်စာကို မစားချင်ကြပါဘူး။

ကလေးတွေကို မနက်စာစားဖို့ အတင်းမတိုက်တွန်းဘဲ "ထမင်းက ပန်းကန်ထဲမှာ ဘယ်နှဇွန်းစာလောက် ကျန်ဦးမလဲဆိုတာ ရေတွက်ကြည့်ရအောင်" ဆိုတဲ့နည်းနဲ့ မနက်စာကို ချော့မြူကျွေးလို့ရနိုင်ပါတယ်။

၅။ ကလေးတွေက အဝတ်အစားတွေကိုလည်း ဂျီးများတတ်ကြပါတယ်။

ကလေးတွေက သူတို့ကို အမိန့်ဆန်ဆန်ပြောဆိုတာကို မကြိုက်ဘဲ ချော့ပြီး ပြောဆိုတာကို ပိုသဘောကျကြပါတယ်။ အပြင်သွားခါနီးမှာ ကလေးတွေက အဝတ်အစားကို ဂျီးများတာကြောင့် မိဘတွေ စိတ်ရှုပ်ရတတ်ပါတယ်။

"ဒီဝတ်စုံလေးကို မျက်လုံးပိတ်ပြီး ဝတ်နိုင်ရင် ဆုချမယ်" ဆိုတဲ့နည်းကို အသုံးပြုနိုင်ပါတယ်။ ကလေးတွေက ကစားရတာကို နှစ်သက်တာကြောင့် သူတို့မကြိုက်တဲ့အရာတွေကို ကစားတဲ့ဂိမ်းတွေအဖြစ်ပြောင်းလဲပြီး လိမ္မာလာအောင် ဆုံးမနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments