ခြေထောက်ရောင်ရမ်းရတဲ့ အကြောင်းအရင်းတွေနဲ့ သက်သာစေမယ့်နည်းလမ်းများ

မနက်အိပ်ရာထတဲ့အချိန်မှာ ခြေထောက်ရောင်ရမ်းတာကို သင်ကြုံတွေ့ဖူးနိုင်ပါတယ်။ နေ့စဉ်အပြုအမူအချို့ကြောင့် ခြေထောက်က ရောင်ရမ်းနိုင်ပါတယ်။

အဲဒါကြောင့် ခြေထောက်ရောင်ရမ်းရတဲ့ အကြောင်းအရင်းနဲ့ ရှောင်ကြဉ်လို့ရနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

ခန္ဓာကိုယ်က တစ်ရှူးတွေမှာ အရည်တွေ စုမိလာတဲ့အခါမှာ ခြေထောက်က ရောင်လာပါတယ်။ ခြေကျင်းဝတ်၊ ခြေဖမိုး၊ ညို့သကျည်းတို့မှာ ရောင်ရမ်းတဲ့အခါ အရမ်းသိသာ‌နေတတ်ပါတယ်။ မျက်နှာ၊ လက်နဲ့ ဗိုက်မှာလည်း ရောင်ရမ်းတတ်ပါတယ်။ ခြေထောက်ရောင်ရမ်းတဲ့အခါ

- ခြေထောက်က တင်းပြီး ပြောင်နေတတ်ပါတယ်။

- ရောင်နေတဲ့နေရာကို လက်နဲ့ဖိကြည့်လိုက်ရင် ချိုင့်ပြီး ကျန်နေခဲ့တတ်ပါတယ်။

- လမ်းလျှောက်တဲ့အခါမှာလည်း အဆင်မပြေပါဘူး။

ခြေထောက်ရောင်ရမ်းတာက ပြင်းထန်တဲ့ရောဂါနဲ့လည်း ဆက်စပ်နေတတ်တာကြောင့် ရက်ကြာရှည်ရောင်ရမ်းနေရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ခြေထောက်ရောင်ရမ်းတာနဲ့အတူ အသက်ရှူမဝတာ၊ ရင်ဘတ်အောင့်တာတို့ ခံစားရတဲ့အခါမှာတော့ ဆေးကုသမှုကို ခံယူသင့်ပါတယ်။

သာမန်ခြေထောက် ရောင်ရမ်းခြင်းရဲ့အကြောင်းအရင်းများ

- အချိန်အကြာကြီး မတ်တပ်ရပ်ရခြင်း

- ဆားများတဲ့အစားအစာတွေကို အစားများခြင်း

- ကိုယ်ဝန်ရှိခြင်း

- ကျန်းမာရေးအတွက် ဆေးသောက်ခြင်း

ဂရုပြုသင့်တဲ့ ခြေထောက်ရောင်ရမ်းခြင်းရဲ့ အကြောင်းအရင်းများ

- အသည်းယိုယွင်းခြင်းကြောင့် ခြေထောက်နဲ့ ဝမ်းဗိုက်မှာ အရည်တွေ စုလာခြင်း

- နှလုံးအခန်းတွေရဲ့ လုပ်ဆောင်မှုတွေ အားနည်းလာခြင်း

- ကျောက်ကပ်မှာ ပြဿနာရှိခြင်း

- ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောတွေ အားနည်းလာခြင်း

- ပြန်ရည်စနစ်ချို့ယွင်းလာခြင်း

- ပရိုတိန်းဓာတ်အလွန်အမင်းချို့တဲ့ခြင်း

ခြေထောက်ရောင်ရမ်းတာကို သက်သာစေမယ့်နည်းလမ်းများ

- ပက်လက်လှန်လိုက်ပြီး ခြေထောက်တွေကို နံရံမှာ ထောင်ထားပါ။ အဲဒီအခါ ခြေထောက်မှာ စုနေတဲ့အရည်တွေက နည်းပါးသွားပါတယ်။

- ဆားရည်ကို ရေချိုးကန်ထဲမှာထည့်ပြီး မိနစ် ၂၀ ခန့်စိမ်ပေးပါ။

- ခြေအိတ်ဝတ်ထားတဲ့အခါမှာတော့ တစ်ရှူးတွေအပေါ်မှာ ဖိအားအနည်းငယ်ဖြစ်ပြီး သွေးလည်ပတ်မှုတိုးတက်လာပါတယ်။

- ဆားစားသုံးမှုလျှော့ချပြီး ရေကိုလည်း အနည်းငယ်လျှော့သောက်လိုက်ပါ။

- သွေးလည်ပတ်မှုကို ကောင်းစေတဲ့နေ့စဉ်လေ့ကျင့်ခန်းတွေကို ပြုလုပ်ပါ။

- ခြေထောက်အတွက် သက်တောင့်သက်သာဖြစ်စေမယ့် ဖိနပ်ကိုသာ စီးပါ။

လေယာဉ်နဲ့ ကားကို အချိန်ကြာကြာစီးရတဲ့အခါ ခြေထောက်မရောင်ရမ်းအောင် ပြုလုပ်နိုင်မယ့်နည်းလမ်းများ

- သက်တောင့်သက်သာဖြစ်စေမယ့်အဝတ်အစားများကို ဝတ်ပါ။

- ခြေထောက်ကို ကွေးလိုက်ဆန့်လိုက်ပြုလုပ်ပါ။

- ထိုင်တဲ့အခါ ခြေထောက်ကို ချိတ်မထိုင်ဘဲ ခြေထောက်ကို ပုံစံအမျိုးမျိုးနဲ့ ပြောင်းလဲထိုင်ပါ။

- ရေဓာတ်မခန်းခြောက်အောင် ရေများများသောက်ပါ။

Zombie (lovemedia)

Post a Comment

0 Comments