ကိုယ်အလေးချိန်ကျဖို့အတွက် စားချင်တဲ့အစားအစာတွေကို ဖြတ်တောက်ပစ်ရတာက တကယ်ကို မလွယ်ကူပါဘူး။ ခဏခဏလည်း ဗိုက်ဆာလာတတ်ပါတယ်။
အဲဒါကြောင့် ကိုယ်အလေးချိန်ကျဖို့အတွက် အစားအသောက်တွေကို လျှော့စားတဲ့အခါ ဗိုက်မဆာစေမယ့်နည်းတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ စပ်တဲ့အစားအစာတွေကို ပိုစားပါ။
စားတဲ့အစားအစာတွေထဲမှာ စပ်တာတွေကို ပိုပြီးထည့်စားရင် ဗိုက်သိပ်မဆာတော့ပါဘူး။ ပူစပ်စပ်အစားအစာတွေကို စားပြီးရင် အစားစားချင်စိတ်က အနည်းငယ်လျော့သွားပြီး ကယ်လိုရီတွေလည်း ပိုလောင်ကျွမ်းပါတယ်။ အနည်းငယ် ဗိုက်ပြည့်နေသလိုလည်း ခံစားရစေပါတယ်။
၂။ ဖန်ခွက်ရှည်နဲ့ သောက်ပါ။
ကိုယ်အလေးချိန်လျှော့ချဖို့ဆိုရင် သကြားများတဲ့အချိုရည်တွေကို ရှောင်ဖို့လိုအပ်ပါတယ်။ ဒါပေမယ့် သောက်ချင်တဲ့အချိုရည်ရှိတဲ့အခါ ဖန်ခွက်ကျယ်ကျယ်နဲ့ မသောက်ဘဲ ဖန်ခွက်အရှည်နဲ့ သောက်ပါ။ ဖန်ခွက်ရှည်နဲ့ဆိုရင် အချိုရည်တွေက များသလိုထင်ရတတ်ပါတယ်။
၃။ ပက်ပါမင့်လက်ဖက်ရည်ကို သောက်ပါ။
ပက်ပါမင့်ရဲ့အနံ့နဲ့အရသာက တစ်နေ့တာလုံးအတွက် အစားစားချင်တဲ့စိတ်ကို ထိန်းပေးထားပါတယ်။ အဲဒါကြောင့် အစားအစာတွေကို အများကြီးမစားမိတော့ပါဘူး။ ပက်ပါမင့်လက်ဖက်ရည်ကို သောက်လို့ရသလို ပက်ပါမင့်ရနံ့ပါဝင်တဲ့ ဖယောင်းတိုင်ကိုလည်း ထွန်းပေးနိုင်ပါတယ်။
၄။ ညာသန်ဖြစ်ပါက ဘယ်လက်နဲ့ စားပါ။
သင်က ညာသန်ဖြစ်ရင် ဘယ်လက်နဲ့ အစားအစာတွေကို စားပါ။ ဘယ်သန်ဖြစ်တဲ့အခါ ညာလက်နဲ့ စားပါ။ ဒီလိုမျိုး လက်ကို ပြောင်းစားတာက အစားစားချင်စိတ်ကို လျော့ကျစေပြီး အစားကိုလည်း ဖြည်းဖြည်းချင်း စားဖြစ်စေပါတယ်။
၅။ အရောင်ပါတဲ့ပန်းကန်တွေနဲ့ စားပါ။
အရောင်တွေပါတဲ့ပန်းကန်တွေနဲ့ စားတဲ့အခါ အစားစားချင်စိတ်က နည်းသွားပါတယ်။ အနီရောင်ပန်းကန်နဲ့စားရင် နည်းနည်းပဲစားဖြစ်သွားပါတယ်။ ဒါပေမယ့် အဝါရောင်ပန်းကန်နဲ့ဆိုရင်တော့ ပုံမှန်ထက်ပိုစားမိသွားတတ်ပါတယ်။
၆။ ပန်းကန်အသေးနဲ့သာ စားပါ။
ပန်းကန်အကြီးနဲ့ စားရင် အများကြီးစားမိသွားပါတယ်။ ပန်းကန်အကြီးနဲ့စားရင် ပုံမှန်စားနေကျထက် ၃၁ရာခိုင်နှုန်းကို သတိမထားမိဘဲ ပိုစားမိသွားတတ်တယ်လို့ အာဟာရကျွမ်းကျင်ပညာရှင်တွေက ဖော်ပြထားပါတယ်။ ပန်းကန်အသေးနဲ့စားရင် နည်းနည်းပဲ စားဖြစ်သွားမှာပါ။
၇။ မတူတဲ့မုန့်အချိုကို စားကြည့်ပါ။
ကိုယ်အလေးချိန်ကျဖို့ဆိုရင် အချိုတွေကို နည်းနည်းပဲ စားသင့်ပါတယ်။ အချိုကို မဖြတ်တောက်နိုင်တဲ့အခါမှာတော့ မတူညီတဲ့မုန့်အချိုတွေကို စမ်းပြီးစားကြည့်ပါ။ ဥပမာအားဖြင့် ညစာစားပြီးတဲ့အခါ အချိုများတဲ့ ဒိုးနပ်မစားဘဲ အချိုပါဝင်မှုနည်းနဲ့ လက်ဖက်ရည်ကို သောက်တာမျိုပါ။
၈။ အစားမစားခင်မှာ ရေသောက်ပါ။
တစ်ခါတရံမှာ ရေဆာပေမယ့်လည်း အစားတွေ အများကြီး စားမိသွားတတ်ပါတယ်။ အများကြီးမစားမိအောင်လို့ အစားမစားခင်မှာ ရေသောက်ပါ။ လက်ဖက်စိမ်းရည်သောက်တာက တစ်နေကုန်ဗိုက်ပြည့်တယ်လို့ ခံစားရစေပါတယ်။
၉။ အသီးအရွက်တွေကို များများထည့်စားပါ။
ကယ်လိုရီများတဲ့အစားအစာတွေကို အများကြီးမစားမိဖို့အတွက် စားတဲ့အစားအစာတွေထဲမှာ အသီးအရွက်တွေကို များများထည့်စားပါ။ အသီးအရွက်တွေက ကိုယ်အလေးချိန်ကျစေဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ စားနေကျပန်းကန်ရဲ့ တစ်ဝက်လောက်ကို အသီးအနှံတွေနဲ့ ဖြည့်စွက်ပြီး စားပေးပါ။
၁၀။ ကယ်လိုရီများတဲ့ အစားအစာတွေကို လျော့စားပါ။
ဆန်၊ ဂျုံ၊ ကောက်နှံအစားအစာတွေက ကယ်လိုရီများတာကြောင့် ကိုယ်အလေးချိန်ကို အများကြီးတက်စေပါတယ်။ ကယ်လိုရီများတဲ့ အစားအစာတွေကို မဖြတ်တောက်နိုင်တဲ့အခါ လျှော့စားလို့ရပါတယ်။
ဥပမာအားဖြင့် ဒိန်ချဉ်ကို ပန်းကန်ရဲ့အောက်ပိုင်းမှာထည့်ပြီး ကယ်လိုရီများတဲ့ အစားအစာတွေကိုတော့ ပန်းကန်ရဲ့အပေါ်ပိုင်းမှာ နည်းနည်းပဲထည့်ပါ။
Zombie (lovemedia)
0 Comments