ကလေးတွေ မြေကြီးပေါ်မှာ ပြေးလွှားဆော့ကစားတဲ့အခါ ရလာမယ့်အကျိုးကျေးဇူးများ

ငယ်ငယ်တုန်းက အမှတ်တရတွေထဲမှာ ရွှံ့တွေ၊ သဲတွေနဲ့ ဆော့ခဲ့တာတွေက တစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။ ဒါပေမယ့် မိဘတွေကတော့ ကလေးတွေ ညစ်ပတ်မှာစိုးတာကြောင့် ရွှံ့တွေ၊ သဲတွေနဲ့ မဆော့စေချင်ကြပါဘူး။

ကလေးတွေကို ရွှံ့တွေ၊ သဲတွေနဲ့ ဆော့ခိုင်းတဲ့အခါ ကျန်းမာရေးအတွက် အများကြီးအကျိုးကျေးဇူးရရှိစေပါတယ်။

ယနေ့ခေတ်မှာတော့ ကလေးတွေက ရွှံ့တွေ၊ သဲတွေနဲ့ သိပ်မဆော့ကြတော့ပါဘူး။

မိဘတွေက ကလေးတွေရဲ့တစ်ကိုယ်သန့်ရှင်းမှုနဲ့ စိတ်ချရမှုအတွက် တွေးတောပြီး ကလေးတွေကို ရွှံ့တွေ၊ သဲတွေနဲ့ မဆော့ခိုင်းကြတော့ပါဘူး။

မြေကြီးမပေတဲ့ အိမ်ထဲမှာပဲ ဆော့ခိုင်းကြပါတော့တယ်။ အဲဒါကြောင့် နောက်ပိုင်းမှာမွေးဖွားလာတဲ့ကလေးတွေဟာ သဘာဝတရားနဲ့ ဝေးကွာလာကြပါတယ်။

ညစ်ပတ်တာက ကြီးကြီးမားမားထိခိုက်သွားတာ မရှိနိုင်ပါဘူး။

ကလေးတွေအတွက် ကိုယ်ခံအားကောင်းစေဖို့အတွက် ရွှံ့တွေ၊ သဲတွေနဲ့ ဆော့ခိုင်းသင့်ကြောင်း ကလေးအထူးကုဆရာဝန် Dr.Maria Julia Carvalho က ပြောပါတယ်။ ညစ်ပတ်သွားတဲ့အခါ သန့်ရှင်းရေးလုပ်ရတာက ကလေးတွေအတွက် ကြီးကြီးမားမားနာကျင်မှု ဖြစ်ပေါ်စေမှာမဟုတ်ပါဘူး။

ကလေးတွေကို ကူးစက်ရောဂါပိုးတွေကို ခံနိုင်ရည်ရှိဖို့အတွက် မြေကြီးပေါ်မှာလည်း ပြေးလွှားဆော့ကစားခိုင်းသင့်ပါတယ်။

ကလေးတွေအတွက် အိမ်မွေးတိရစ္ဆာန်လေးတွေကို မွေးပေးထားသင့်ပါတယ်။

အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့အတူ ကြီးပြင်းလာတဲ့ကလေးတွေက အခြားကလေးတွေထက် ပိုပြီးကျန်းမာတာကို တွေ့ရပါတယ်။ ဓာတ်မတည့်တာတွေကိုလည်း ခံနိုင်ရည်ရှိလာပါတယ်။

ဒါ့အပြင် ဖုန်တွေမှာပါဝင်တဲ့ endotoxins နဲ့ ထိတွေ့ဖူးတဲ့ကလေးတွေဟာ ရောဂါပိုးတွေကို ခံနိုင်ရည်ပိုရှိပြီး ဖျားနာတာ နည်းသွားပါတယ်။ အမြဲတမ်းအိမ်ထဲမှာပဲ ဆော့နေတဲ့ကလေးတွေက ရောဂါပိုးတွေကို ခုခံနိင်စွမ်းနည်းပါတယ်။

မြေကြီးပေါ်၊ သဲပေါ်မှာ ပြေးလွှားဆော့ကစားနေကျ ကလေးတွေဟာ ဘက်တီးရီးယားပိုးမွှားတွေနဲ့ ထိတွေ့မှုရှိတာကြောင့် ကိုယ်ခံအားစနစ်က ဘယ်လို ခုခံတိုက်ထုတ်ရမလဲဆိုတာကို နားလည်ပြီးသားဖြစ်စေပါတယ်။

ကလေးတွေကို မြေကြီးတွေ၊ သဲတွေနဲ့ ပေးမဆော့တဲ့အခါ ဘယ်လိုဆိုးကျိုးတွေ ရလာစေမလဲ။

သဘာဝလေ၊ မြေတို့နဲ့ ထိတွေ့မှုနည်းတဲ့ကလေးတွေဟာ ဝတ်မှုန်၊ တိရစ္ဆာန်အမွေးတို့နဲ့ထိတွေ့တဲ့အခါ ဓာတ်မတည့်မှုဖြစ်ပေါ်လေ့ရှိပါတယ်။ ပြေးပြေးလွှားလွှား ဆော့ကစားလေ့မရှိတဲ့ ကလေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ အဝလွန်တာကို ခံစားရနိုင်ပါတယ်။

အိမ်ထဲမှာပဲ ဖုန်း၊ ကွန်ပျူတာတို့နဲ့ပဲ ထိတွေ့မှုများတဲ့ကလေးတွေက အာရုံကြောကျန်းမာရေးကိုလည်း ထိခိုက်လာနိုင်ပါတယ်။ အဲဒါကြောင့် ကလေးတွေကို ကျန်းမာအောင် မြေကြီးပေါ်မှာ၊ သဲပေါ်မှာ ပြေးလွှားကစားဖို့ ခွင့်ပြုသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments