ကလေးအများစုက သူတို့ရဲ့လက်သည်းလေးတွေကို ကိုက်နေတတ်ကြပါတယ်။ ကလေးတွေ လက်သည်းကိုက်ရတဲ့အကြောင်းအရင်းတွေ များစွာ ရှိပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါ၊ ပျင်းရိလာတဲ့အခါ၊ မကြာခဏအပြစ်ပေးခံတဲ့အခါ စတဲ့အခြေအနေတွေမှာ ကလေးတွေက လက်သည်းကိုက်ကြပါတယ်။
ကလေးတွေကို လက်သည်းကိုက်တဲ့အကျင့်ပျောက်စေဖို့အတွက် အောက်ပါနည်းလမ်းတွေကို ပြုလုပ်ပေးနိုင်ပါတယ်။
ကလေးတွေ လက်သည်းကိုက်ရတဲ့အကြောင်းအရင်းများ
ကလေးတွေ လက်သည်းကိုက်ရတဲ့အကြောင်းအရင်းတွေထဲက အဓိကတစ်ခုကတော့ စိတ်တွေအရမ်းလှုပ်ရှားနေလို့ စိတ်တည်ငြိမ်အောင် ကိုက်တာပါ။ ကလေးတွေမှာ စိတ်ဖိစီးမှုတွေအရမ်းများနေတဲ့အခါ စိတ်ဖိစီးမှုတွေ လျော့အောင်လို့လည်း လက်သည်းကိုက်ပါတယ်။
လက်သည်းကို ကိုက်ဖြစ်ရင်းနဲ့ အကျင့်ကို မဖျောက်နိုင်တာကြောင့်လည်း လက်သည်းကိုက်ပါတယ်။ လက်သည်းကို ခဏခဏကိုက်တဲ့အခါ
- လက်သည်းလေးတွေရဲ့ဖွံ့ဖြိုးမှုတွေ နှောင့်နှေးသွားပါတယ်။
- လက်သည်းထဲကိုလည်း ပိုးဝင်လာနိုင်ပါတယ်။
- လက်သည်းကိုက်တာကြောင့် သွားကျန်းမာရေးကိုလည်း ထိခိုက်လာနိုင်ပါတယ်။
- လက်သည်းလေးတွေလည်း မလှတော့ပါဘူး။
အရင်ဆုံး ကလေးကို လက်သည်းကိုက်ရတဲ့အကြောင်းအရင်းကို ပွင့်ပွင့်လင်းလင်းမေးပြီး လက်သည်းတွေ ထပ်မကိုက်တော့စေဖို့ စိတ်ရှည်ရှည်ပြောပြပေးပါ။
ကလေးတွေ လက်သည်းမကိုက်စေဖို့အတွက်
- လက်သည်းကို ပုံမှန်ညှပ်ပေးပါ။ လက်သည်းရှည်လာတိုင်း ကိုက်ချင်နေမှာဖြစ်တာကြောင့် လက်သည်းရှည်လာတာနဲ့ ညှပ်ပေးပါ။ ဒါ့အပြင် လက်ကို သေသေချာချာဆေးကြောဖို့လည်း စနစ်တကျသင်ကြားပေးသင့်ပါတယ်။
- လက်သည်းမကိုက်အောင်လို့ ကလေးရဲ့လက်ကို အနားမပေးထားသင့်ပါဘူး။ လက်ချောင်းလေးတွေနဲ့ ထိုးပြီး ဆော့ရတဲ့အရုပ်လေးတွေက လက်သည်းကိုက်တဲ့အကျင့်ကို ပျောက်စေမှာပါ။ ညှစ်လို့ရတဲ့အရုပ်လေးတွေက ကလေးတွေအတွက် စိတ်ဖိစီးမှုတွေလည်း လျော့ကျစေပါတယ်။
- နောက်တစ်နည်းကတော့ ကလေးကို လက်သည်းဆေးဆိုးပေးတာပါ။ လက်သည်းဆေးလှလှလေးတွေ ပျက်သွားမှာစိုးလို့ ကလေးတွေက လက်သည်းမကိုက်ဖြစ်ကြတော့ပါဘူး။
- ကလေးတွေ လက်သည်းကိုက်တာက စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ကလေးရဲ့စိတ်ဖိစီးမှုဖြစ်ရတဲ့အကြောင်းအရင်းကို ရှာဖွေပြီး ဖြေရှင်းပြီးမှ လက်သည်းကိုက်တဲ့အကျင့်က ပျောက်သွားမှာပါ။
- တစ်ခါတရံ ကလေးတွေက လက်သည်းကို ပျင်းလို့ ကိုက်နေတတ်ပါတယ်။ အဲဒီအခါ ကလေးတွေကို ပုံဆွဲခိုင်းတာ၊ အရောင်ခြယ်ခိုင်းတာ၊ အရုပ်ဆက်ခိုင်းတာ စတဲ့ ကစားနည်းတွေနဲ့ လက်သည်းကိုက်တဲ့အကျင့်ကို ဖျောက်လို့ရပါတယ်။
- အရေပြားက ခြောက်သွေ့တာကို မကြိုက်လို့ ကလေးတွေက လက်သည်းကိက်ပါတယ်။ ကလေးတွေရဲ့အသားအရေကို မခြောက်သွေ့အောင် ရေဓာတ်ဖြည့်ခရင်မ်လေးတွေ လိမ်းပေးနိုင်ပါတယ်။
- ကလေးတွေ လက်သည်းမကိုက်အောင် မုန့်နဲ့ အာရုံပြောင်းလို့ရပါတယ်။ လက်သည်းကိုက်မယ့်အစား အချိုမပါတဲ့ မုန့်တစ်ခုခုကို ကျွေးခြင်းဖြင့် လက်သည်းကိုက်တဲ့အကျင့် ပျောက်သွားနိုင်ပါတယ်။
- လက်သည်းကိုက်တဲ့အကျင့်ဆိုးကို ဖျောက်ဖို့ အချိန်ပေးပြီး ပေးထားတဲ့အချိန်အတွင်းမှာ အောင်မြင်သွားတဲ့အခါ ဆုချတဲ့နည်းကလည်း လက်သည်းကိုက်တဲ့အကျင့်ကို ပျောက်သွားစေနိုင်ပါတယ်။
Zombie (lovemedia)
0 Comments