ကော်ဇောက အိမ်ရဲ့အတွင်းအလှအပကို ပံ့ပိုးပေးတဲ့အရာပါပဲ။ ဒါပေမယ့် ကော်ဇောမှာ အစွန်းတွေ ထင်းသွားခဲ့ရင် ဖယ်ရှားရခက်ပါတယ်။ အဲဒါကြောင့် သင့်အိမ်က ကော်ဇောတွေမှာ ဘယ်လိုအစွန်းတွေ ထင်းနေပါစေ၊ အလွယ်တကူဖယ်ရှားနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ဖယောင်း
လိုအပ်သောပစ္စည်းများ
- မီးပူ
- စက္ကူ
- အဝတ်ဟောင်းတစ်ထည်
- အဝတ်လျှော်ဆပ်ပြာရည်
ကော်ဇော်မှာ ဖယောင်းစက်တွေ ပေသွားခဲ့ရင် ဖယောင်းစက်တွေပေါ်မှာ စက္ကူတင်လိုက်ပါ။ စက္ကူပေါ်ကနေ မီးပူတိုက်လိုက်ရင် ဖယောင်းတွေက စက္ကူမှာ သွားကပ်ပါတယ်။
အဲဒီနောက် ကပ်နေသေးတာတွေကို အဝတ်ဟောင်းတစ်ထည်နဲ့ ပွတ်တိုက်လိုက်ပါ။ အစွန်းတွေ အနည်းငယ်ကျန်နေသေးရင် အဝတ်လျှော်ဆပ်ပြာရည်ကို ရေအနည်းငယ်နဲ့ ရောပြီး ပွတ်တိုက်ပေးပါ။
၂။ ကော်ဖီ
လိုအပ်သောပစ္စည်းများ
- ရေအေး
- အဝတ်စ
- ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်တစ်ခွက်
- ပန်းကန်ဆေးဆပ်ပြာ လက်ဖက်ရည်ဇွန်းတစ်ဝက်
ကော်ဖီတွေက ကော်ဇောတွေမှာ ပေစွန်းသွားတဲ့အခါ ဒီနည်းကို အသုံးပြုနိုင်ပါတယ်။ ကော်ဖီတွေကို ခပ်မြန်မြန်သုတ်လိုက်ပါ။ အဲဒီနောက် ရေအေးအနည်းငယ်နဲ့ ကော်ဖီအစွန်းတွေကို ပြောင်အောင်ပွတ်တိုက်လိုက်ပါ။ ရေနွေးကို သုံးလို့မရပါဘူး။
ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နဲ့ ပန်းကန်ဆေးဆပ်ပြာကို ရောမွှောပြီး ကော်ဖီအစွန်းပေါ်မှာ သုတ်ထားလိုက်ပါ။ ၁၀ မိနစ်ခန့်ကြာပြီးနောက်မှာတော့ အဝတ်စနဲ့ ထပ်ံသုပ်ပါ။ နောက်တစ်ဖန် ကော်ဇောပေါ်ကို ရေအေးနဲ့ သန့်ရှင်းရေးပြုလုပ်ပေးပါ။ ဒါပေမယ့် ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်က ကော်ဇောရဲ့အရောင်ကို အနည်းငယ်မှိန်သွားစေပါတယ်။
၃။ နွားနို့
လိုအပ်သောပစ္စည်းများ
- ဘရက်ရှ်
- ပိတ်စ
- ရေအေးနှစ်ခွက်
- မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်းတစ်ဇွန်း
- ပန်းကန်ဆေးဆပ်ပြာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း
နွားနို့တွေ၊ မလိုင်တွေက ကော်ဇောပေါ်ကို ပြုတ်ကျသွားတဲ့အခါ အရင်ဆုံး အဝတ်ဟောင်းတစ်စနဲ့ သုတ်လိုက်ပါ။ ပန်းကန်ဆေးဆပ်ပြာရည်၊ မုန့်ဖုတ်ဆိုဒါ၊ ရေအေးတိုကို ရောပြီး နွားနို့တွေ စွန်းနေတဲ့နေရာမှာ သုတ်ပေးပါ။ အဲဒီနောက် ဘရက်ရှ်နဲ့ ပွတ်တိုက်ပေးပါ။ ပွတ်တိုက်ပေးပြီးနောက် ရေအေးနဲ့ ကော်ဇော်ပေါ်ကို သန့်ရှင်းရေးလုပ်ပေးပါ။
၄။ မင်
လိုအပ်သောပစ္စည်းများ
- အရက်ပြန်
- ဖျန်းဘူး
- အဝတ်စ
မင်တွေက ကော်ဇောပေါ်မှာ စွန်းသွားရင် ချွတ်ရ အလွန်ခက်ပါတယ်။ အဲဒါကြောင့် အရက်ပြန်ကို ဖျန်းဘူးထဲထည့်ပြီး မင်တွေစွန်းနေတဲ့နေရာကို ဖျန်းပေးပါ။ အဲဒီနောက် တစ်နာရီလောက် ထားလိုက်ပါ။
တစ်နာရီကြာပြီးနောက်မှာတော့ ရေစွတ်ထားတဲ့ပိတ်စလေးကို မင်စွန်းတဲ့နေရာမှာ လိုက်သုတ်ပေးပါ။ အရက်ပြန်အစား လက်သည်းနီဖျက်ဆေးနဲ့ ဆံပင်ဖျန်းဆေးကိုလည်း အသုံးပြုလို့ရပါတယ်။
၅။ စက်ဆီ
လိုအပ်သောပစ္စည်းများ
- မုန့်ဖုတ်ဆိုဒါ သို့မဟုတ် ပြောင်းကော်မှုန့်
- လေမှုတ်စက်
ကော်ဇောမှာ ပေနေတဲ့စက်ဆီတွေပေါ်ကို မုန့်ဖုတ်ဆိုဒါ သို့မဟုတ် ပြောင်းကော်မှုန့်ဖြူးလိုက်ပါ။ ၁၅ မိနစ်ကြာစောင့်ပြီးနောက် ပြောင်းကော်မှုန့်တွေကို လေမှုတ်စက်နဲ့ ဖယ်ရှားလိုက်ပါ။ မုန့်ဖုတ်ဆိုဒါက ဆီတွေကို စုပ်ယူပေးနိုင်ပါတယ်။
၆။ နှုတ်ခမ်းနီ
လိုအပ်သောပစ္စည်းများ
- အရက်ပြန်
- အဝတ်စတစ်စ
နှုတ်ခမ်းနီတွေ ပေစွန်းနေတဲ့ကော်ဇောပေါ်ကို အရက်ပြန်လောင်းချလိုက်ပါ။ အဲဒီနောက် အဝတ်စနဲ့ ပွတ်တိုက်ပြီး သုတ်ပေးပါ။
၇။ ရွှံ့
လိုအပ်သောပစ္စည်းများ
- လေမှုတ်စက်
- ပန်းကန်ဆေးဆပ်ပြာ
- ရေနွေး
- အဝတ်စ
ကော်ဇောပေါ်မှာ ရွှံ့တွေ ခြောက်သွားတဲ့အထိ စောင့်လိုက်ပါ။ ရွှံ့တွေခြောက်သွားတာနဲ့ လေမှုတ်စက်နဲ့ မှုတ်လိုက်ပါ။ အဲဒီအခါ ရွှံ့တွေ အနည်းငယ်ပြောင်သွားပါတယ်။ ပန်းကန်ဆေးဆပ်ပြာ လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ရေနွေးတစ်ခွက်ကို ရောမွှေလိုက်ပါ။ ပန်းကန်ဆေးဆပ်ပြာရည်တွေကို ရွှံ့ပေနေတဲ့ပေါ်မှာ လောင်းချပြီး အဝတ်စတစ်စနဲ့ လိုက်သုတ်လိုက်ပါ။
၈။ တိရစ္ဆာန်တွေရဲ့ ခြေရာ
လိုအပ်သောပစ္စည်းများ
- အဝတ်စတစ်စ
- ရှာလကာရည်
- ရေနွေး
- ဖျန်းဘူး
ကော်ဇောပေါ်မှာ ပေနေတဲ့တိရစ္ဆာန်ခြေရာတွေကို အဝတ်စနဲ့ ဖယ်ရှားလိုက်ပါ။ အဝတ်စနဲ့ သုတ်လိုက်ရင် အစွန်းတွေက ပိုဆိုးသွားတတ်ပါတယ်။ ရေနွေးတစ်ခွက်၊ ရှာလကာရည်ခွက်ရဲ့လေးပုံတစ်ပုံကို ဖျန်းဘူးထဲ ထည့်ပြီး အစွန်းတွေနေရာကို ဖျန်းလိုက်ပါ။ မိနစ်အနည်းငယ်ကြာအောင် စောင့်ပြီးနောက်မှာတော့ သန့်ရှင်းရေးလုပ်လိုက်လို့ရပါပြီ။
Zombie (lovemedia)
0 Comments