မုန့်ဖုတ်ဆော်ဒါက နေ့စဉ်ဘဝမှာ အများကြီးအသုံးဝင်ပါတယ်။ သန့်ရှင်းရေး၊ မုန့်၊ အလှအပစတဲ့နေရာတွေမှာ မုန့်ဖုတ်ဆော်ဒါကို အသုံးပြုကြပါတယ်။ ဒါ့အပြင် အပင်လေးတွေစိုက်ထားတဲ့အခါ မုန့်ဖုတ်ဆော်ဒါကို အသုံးပြုလို့ရပါသေးတယ်။
၁။ မှိုတွေကို ကင်းဝေးစေခြင်း
ဆပ်ပြာ၊ ရေ၊ မုန့်ဖုတ်ဆော်ဒါတို့ကို ရောစပ်ပြီး မှိုတွေ တက်နေတဲ့အပင်မှာ ဖျန်းပေးပါ။ ဒီနည်းကတော့ သဘာဝနည်းဖြစ်တာကြောင့် မှိုတွေ လုံးဝကင်းသွားဖို့ အချိန်အနည်းငယ်ပေးရတတ်ပါတယ်။
ခဏခဏဖျန်းပေးရင်လည်း အပင်အတွက် ဆိုးကျိုးတွေဖြစ်စေတာမလို့ နည်းနည်းလေးဖျန်းရင် လုံလောက်ပါပြီ။
၂။ အပင်မှာ ကပ်နေတဲ့ ပျပိုးတွေကို နည်းပါးသွားစေခြင်း
ပျပိုးတွေက အပင်တွေနဲ့ ပန်းပွင့်တွေမှာ ကပ်နေတတ်ပါတယ်။ ပျပိုးတွေ ကပ်နေတဲအခါ ပန်းက မလှတော့ဘဲ အလကားဖြစ်သွားပါတယ်။ ပျပိုးတွေက အပင်ရဲ့နူးညံ့တဲ့ပင်စည်ကို စားရတာကို သဘောကျပါတယ်။
ရေ၊ ဆပ်ပြာနဲ့ မုန့်ဖုတ်ဆော်ဒါတို့ကို ရောပြီး အပင်မှာဖျန်းပေးရင် ပျပိုးတွေက သိသိသာသာ နည်းပါးသွားလေ့ရှိပါတယ်။
၃။ ပုရွက်ဆိတ်တွေကို ဖယ်ရှားပေးခြင်း
မုန့်ဖုတ်ဆိုဒါက ပျပိုးတွေကို နည်းပါးသွားစေသလို ပုရွက်ဆိတ်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ပုရွက်ဆိတ်တွေက အပင်က အညွန့်လေးတွေကို ကိုက်ဖျက်စားသောက်တတ်တာကြောင့် အပင်ကြီးထွားတာကို နှေးသွားစေပါတယ်။
မုန့်ဖုတ်ဆိုဒါနဲ့ ရေအပြင် Vicosa mixture သို့မဟုတ် Bordeaux တို့ကိုလည်း ရောစပ်ပြီး အပင်မှာ ဖျန်းပေးနိုင်ပါတယ်။ အပင်နဲ့ပန်းတွေကို ကိုက်စားတတ်တဲ့ ပုရွက်ဆိတ်တွေက နောက်ထပ်မလာနိုင်တော့ပါဘူး။
၄။ မြေကြီးရဲ့အရည်အသွေးကို တိုင်းတာပေးခြင်း
အက်ဆစ်လည်း မများ၊ အယ်ကာလိုင်းလည်း မများတဲ့မြေကြီးက စိုက်ပျိုးဖို့ အကောင်းဆုံးပါပဲ။ အပင်စိုက်တော့မယ်ဆိုရင် မြေကြီးရဲ့အရည်အသွေး ကောင်း၊ မကောင်းသိရှိနိုင်ဖို့ အောက်ပါနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။
- ခရမ်းရောင်ဂေါ်ဖီထုပ်ကို တောက်တောက်စင်းပြီး ပွက်ပွက်ဆူနေတဲ့ရေထဲကို လောင်းထည့်ပါ။
- ရေနွေးထဲမှာ ၁၀ မိနစ်ခန့် ပြုတ်ပြီးနောက် ဂေါ်ဖီထုပ်တွေကို စစ်ထားလိုက်ပါ။
- ဂေါ်ဖီထုပ်ပြုတ်ထားတဲ့ ခရမ်းရောင်ရေတွေကို နှစ်ခွက်ခွဲထည့်လိုက်ပါ။ တစ်ခွက်ထဲကို ရှာလကာရည် ထည့်ပါ။ နောက်တစ်ခွက်ထဲကို မုန့်ဖုတ်ဆိုဒါထည့်ပါ။
- ခွက်နှစ်ခွက်ထဲကို မြေကြီး အနည်းငယ်ထည့်ပြီး မိနစ် ၃၀ ကြာစောင့်ပေးပါ။
- ရေတွေက ပန်းရောင်ပြောင်းသွားရင် မြေကြီးက အက်ဆစ်ဓာတ်များနေပြီး ရေက အပြာရောင် သို့မဟုတ် အစိမ်းရောင်ကို ပြောင်းသွားရင် အယ်ကာလိုင်းများနေတာကြောင့်ပါ။ ရေက ခရမ်းရောင်ပဲ ဖြစ်နေတယ်ဆိုရင်တော့ စိုက်ပျိုးဖို့ အကောင်းဆုံးပါပဲ။
၅။ သစ်ရွက်ဆွေးမြေဩဇာကို ပိုမိုကောင်းမွန်စေခြင်း
အပင်စိုက်တဲ့အခါ သစ်ရွက်ဆွေးမြေဩဇာက အပင်ကို အများကြီးအကျိုးပြုပါတယ်။ သစ်ရွက်ဆွေးမြေဩဇာထဲကို မုန့်ဖုတ်ဆော်ဒါအနည်းငယ် ရောထည့်ပြီး အပင်စိုက်ပျိုးတဲ့အခါ မြေဩဇာက ပိုမိုကောင်းမွန်လာပါတယ်။
Zombie (lovemedia)
0 Comments