ခံတွင်းနံ့ဆိုးတာက လူအများစုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ ခံတွင်းနံ့ဆိုးတာကြောင့် လူအများနဲ့ စကားပြောရတာ မဝံ့မရဲဖြစ်တာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းတာတို့ ကြုံတွေ့ရတတ်ပါတယ်။
အဲဒါကြောင့် ခံတွင်းနံ့ဆိုးရတဲ့အကြောင်းအရင်းတွေနဲ့ ခံတွင်းနံ့ဆိုးတွေကို ဖယ်ရှားနိုင်မယ့်နည်းလမ်းတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
ခံတွင်းနံ့ဆိုးထွက်ရတဲ့အကြောင်းအရင်းများ
၁။ ပူစပ်တဲ့အစားအစာတွေကို အစားများခြင်း
ကြက်သွန်ဖြူ၊ ငရုတ်သီးတို့လို ပူပူစပ်စပ်အစားအစာတွေ စားပြီးနောက်မှာ ခံတွင်းနံ့ဆိုးတွေ ကျန်နေတတ်ပါတယ်။ ခန္ဓာကိုယ်ကနေ ဒီလိုအစားအစာတွေကို မစွန့်ထုတ်မချင်း အနံ့ဆိုးတွေက ကျန်နေတတ်ပါတယ်။ အစားစားပြီးတဲ့အချိန် သွားတိုက်ပြီးရင်တောင် ခံတွင်းထဲမှာ အနံ့ဆိုးက ကျန်နေတတ်ပါတယ်။
၂။ နေ့စဉ်သွားမတိုက်ခြင်း
စားကြွင်းစားကျန်လေးတွေက သွားကြားလေးထဲမှာ၊ သွားအခေါင်းပေါက်တွေထဲမှာ ကပ်နေရင် အနံ့ဆိုးတွေ ထွက်လာပါတယ်။ အဲဒါကြောင့် အစားစားပြီးချိန်တိုင်းနဲ့ မနက်တိုင်းမှာ သွားတိုက်ဖို့ လိုအပ်ပါတယ်။ သွားကို ပုံမှန်မတိုက်ပေးရင် သွားဖုံးရောင်ရမ်းတာကိုလည်း ကြုံတွေ့လာရနိုင်ပါတယ်။
၃။ ခံတွင်းခြောက်သွေ့ခြင်း
ခံတွင်းခြောက်သွေ့တာကို Xerostomia လို့ခေါ်ကြပါတယ်။ ခံတွင်းထဲမှာ တံတွေးတွေကို လုံလောက်အောင်မထုတ်လုပ်နိုင်တဲ့အခါ ခံတွင်းခြောက်သွေ့ပါတယ်။ ခံတွင်းခြောက်သွေ့ခြင်းကြောင့်လည်း ခံတွင်းနံ့ဆိုးတွေ ဖြစ်ပေါ်ပါတယ်။
၄။ အလွန်အမင်းဝိတ်ချခြင်း
ကျန်းမာရေးနဲ့ မညီညွတ်တဲ့စားသောက်မှုပုံစံနဲ့ ကိုယ်အလေးချိန်လျှော့ချခြင်းကြောင့်လည်း ခံတွင်းနံ့ဆိုးတွေ ထွက်ပါတယ်။ အလွန်အမင်း ကိုယ်အလေးချိန်ချတဲ့အခါ ခန္ဓာကိုယ်က စွမ်းအင်အတွက် ပရိုတိန်းတွေအားလုံးကို ထုတ်သုံးရပါတယ်။ အဲဒါကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာ အနံ့ဆိုးလည်း ထွက်လာပါတယ်။
ခံတွင်းနံ့ဆိုးထွက်တာကို ဖယ်ရှားနိုင်မယ့်နည်းလမ်းများ
၁။ တစ်ရက်ကို အနည်းဆုံးနှစ်ကြိမ်ခန့် သွားတိုက်ပါ။
ခံတွင်းကျန်းမာရေးအတွက် တစ်နေ့ကို အနည်းဆုံးနှစ်ကြိမ်ခန့်သွားတိုက်ပေးပါ။ ဒါပေမယ့် သွားကို ခဏခဏတိုက်ရင်လည်း သွားတွေ အားနည်းလာတတ်ပါတယ်။ သွားတိုက်တံကိုလည်း ၃ လတစ်ကြိမ် သို့မဟုတ် ၂ လတစ်ကြိမ် လဲလှယ်ပေးသင့်ပါတယ်။ ခံတွင်းဆေးရည်နဲ့လည်း တစ်နေ့ကို နှစ်ကြိမ်ခန့် ပလုပ်ကျင်းသင့်ပါတယ်။
၂။ ပူရှိမ်းအစား အချို့လျော့တဲ့ပီကေစားပါ။
ပီကေက တံတွေးထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ ခံတွင်းထဲမှာ တံတွေးတွေ လုံလောက်နေရင် သွားဆွေးမြေ့တာနဲ့ သွားဖုံးရောဂါတွေကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။ ပူရှိမ်းမှာပါဝင်တဲ့ အချိုဓာတ်က သွားကျန်းမာရေးအတွက် အကျိုးမပြုပါဘူး။
၃။ ရေများများသောက်ပါ။
ခံတွင်းခြောက်သွေ့တာကြောင့် ခံတွင်းနံ့ဆိုးတွေ ထွက်ပါတယ်။ ရေများများသောက်တဲ့အခါ ခံတွင်းထဲမှာ ရေဓာတ်ပြည့်ဝနေမှာပါ။ အဲဒါကြောင့် တံတွေးထုတ်လုပ်မှုလည်း တိုးလာပြီး အနံ့ဆိုးတွေလည်း ထွက်မလာနိုင်တော့ပါဘူး။
၄။ အိမ်တွင်းဆေး
ခံတွင်းနံ့ဆိုးတွေမထွက်အောင် နေ့စဉ်အစားအသောက်ထဲမှာ အချို့သောအရာတွေကို ထည့်သွင်းစားသောက်လို့ရပါတယ်။ အဆီထုတ်ထားတဲ့ ဒိန်ချဉ်ကို ပုံမှန်စားပေးရင် ခံတွင်းနံ့ဆိုးတွေ သိသိသာသာ နည်းပါးသွားပါတယ်။
ခံတွင်းနံ့ဆိုးမထွက်အောင် လိမ္မော်သီးကို စားပေးလို့လည်း ရပါတယ်။ လက်ဖက်စိမ်းကို နေ့စဉ်သောက်သုံးပေးရင်လည်း ခံတွင်းကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။
Zombie (lovemedia)
0 Comments