အမျိူးသမီးတွေက အမျိုးသားတွေထက် ပိုမိုအိုမင်းလွယ်ရတဲ့ အကြောင်းအရင်းများ

ကမ္ဘာပေါ်မှာ အမျိုးသမီးတွေက အမျိုးသားတွေထက် အသက်ပိုရှည်လေ့ရှိကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုမိုအိုမင်းလွယ်ပါတယ်။

ဘယ်လိုအကြောင်းအရင်းတွေကြောင့် အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုမိုအိုမင်းလွယ်ရလဲဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

အမျိုးသမီးတွေက အမျိုးသားတွေထက် စိတ်ဖိစီးမှုကို ပိုခံစားရပါတယ်။

အမျိုးသမီးတွေက အမျိုးသားတွေထက် စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ စိတ်ရှုပ်ထွေးတာကို ပိုမိုခံစားရကြောင်း Dr.Judith Mohring ကဆိုပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ အမျိုးသမီးတွေမှာ ဟော်မုန်းအပြောင်းလဲတွေက စိတ်ခံစားချက်တွေနဲ့ ဆက်စပ်နေလို့ပါ။ စိတ်ဖိစီးမှုတွေကို မကြာခဏခံစားရတဲ့အခါ အိုမင်းလွယ်လာပါတယ်။

ကလေးမွေးဖွားထားတဲ့အမျိုးသမီးတွေက ပိုပြီး အိုမင်းလွယ်ပါတယ်။

ကလေးမွေးဖွားဖူးတဲ့အမျိုးသမီးတွေက ကလေးမမွေးဖူးတဲ့အမျိုးသမီးတွေထက် အသက် ၁၁ နှစ်ခန့်ပိုမိုအိုမင်းကြောင်း George Mason တက္ကသိုလ်က လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ ကလေးမွေးဖွားထားတဲ့အမျိုးသမီးတွေမှာ telomere တွေက ပိုမိုတိုတောင်းလာပါတယ်။

ခန္ဓာကိုယ်ထဲမှာ telomere တွေ နည်းပါးလေ အသက်အရွယ်ကြီးရင့်တယ်လို့ ထင်ရလေပါပဲ။ ဒါ့အပြင် ကလေးမွေးဖွားပြီးနောက် ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေကြောင့်လည်း အသက်ကြီးတယ်လို့ ထင်ရပါတယ်။

အမျိုးသားတွေရဲ့အရေပြားက ပိုထူပါတယ်။

အရေပြားဆရာဝန်တွေရဲ့ ပြောကြားချက်အရ အမျိုးသားတွေရဲ့အသားအရေက အမျိုးသမီးတွေထက် ၂၅ ရာခိုင်နှုန်း ပိုထူပါတယ်။ ဒီရာခိုင်နှုန်းက တစ်ယောက်နဲ့တစ်ယောက် မတူဘဲ ထပ်မံကွဲပြားနိုင်ပါသေးတယ်။

အမျိုးသားတွေရဲ့မျက်နှာမှာ အရေးအကြောင်းတွေက အရမ်းမသိသာဘဲ အမျိုးသမီးတွေမှာတော့ အရေးအကြောင်းတွေက ပိုပြီး ထင်ရှားနေတတ်ပါတယ်။

Testosterone ဟော်မုန်း level လည်း မတူညီပါဘူး။

အမျိုးသမီးတွေမှာ estrogen ဟော်မုန်းက ငယ်ရွယ်နုပျိုအောင် ပြုလုပ်ပေပါတယ်။ Testosterone ဟော်မုန်းကတော့ အိုမင်းရင့်ရော်တာကို နှေးကွေးစေတာပါ။ အမျိုးသားနဲ့ အမျိုးသမီးတွေမှာ Testosterone ဟော်မုန်း levelချင်းမတူညီပါဘူး။

အဲဒါကြောင့် အမျိုးသားနဲ့ အမျိုးသမီး အသက်အရွယ်ချင်းတူရင်တောင် အမျိုးသမီးတွေမှာ အရေးအကြောင်းတွေက အရင်ဖြစ်ပေါ်လာပါတယ်။

သွေးဆုံးချိန်ကြောင့်လည်း အမျိုးသမီးတွေက အိုမင်းလွယ်ပါတယ်။

အမျိုးသမီးတွေမှာ သွေးဆုံးတဲ့အချိန်ရောက်လာတဲ့အခါ ဟော်မုန်းတွေ ဆုံးရှုံးလာပြီး အိုမင်းရင့်ရော်မှုက မြန်ဆန်လာပါတယ်။

သွေးဆုံးနေချိန်မှာ ခန္ဓာကိုယ်က ကော်လဂျင်တွေကို များများမထုတ်လုပ်နိုင်တော့ပါဘူး။ အဲဒါကြောင့် အသားအရေက မတင်းရင်းတော့ဘဲ အိုမင်းရင့်ရော်တယ်လို့ ထင်လာရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments