ဟိုးရှေးရှေးတုန်းက တိုင်းပြည်တပြည်မှာ မင်းလုပ် အုပ်ချုပ်နေတဲ့ ဘုရင်ကြီး တပါးဟာ တနေ့မှာ သူဆင်းရဲတယောက် အယောင်ဆောင် ရုပ်ဖျက်ပြီး တိုင်းပြည် အခြေအနေ လေ့လာဖို့ မင်းနေပြည်က တိတ်တဆိတ် ထွက်ခဲ့ပါတယ်။ သူပထမဆုံး ရောက်ခဲ့တဲ့ နေရာက အလွန် ဆင်းရဲတဲ့ အဖိုးအိုလင်မယား နေတဲ့ တဲအိမ်အစုတ်ကလေးဆီ ကိုပါ။
အဖိုးအိုလင်မယားဟာ ပင်ပန်းဆင်းရဲစွာနဲ့ ယာခင်းထဲမှာ စိုက်ပျိုးလုပ်ကိုင် စားသောက် နေရတာ အယောင်ဆောင် ဘုရင်ကြီးက တွေ့ရပါတယ်။ တညအိပ် တည်းဖို့ ခွင့်တောင်းတော့ အဖိုးအို လင်မယားက ခွင့်ပြုပြီး လိုလေသေး မရှိအောင်လည်း ရှိတာလေးနဲ့ ဧည့်ခံကျွေးမွေး ကြပါတယ်။
လူဆင်းရဲပေမယ့် စေတနာ မဆင်းရဲတဲ့ အဖိုးအို လင်မယားကို အယောင်ဆောင် ဘုရင်ကြီး စိတ်ထဲကြိတ်ပြီး ကျေးဇူး တင်နေမိ တာပေါ့။
ညကျတော့ အိပ်ယာမဝင်ခင် အတူ ထိုင်စကားစမြီ ပြောကြတဲ့အခါ ဘုရင်ကြီးက "အဖိုးတို့မှာ စားမယ့် သောက်မယ့်လူလည်း မရှိဘဲ ဘာလို့ ဒီလောက် ပင်ပန်းကြီးစွာ အလုပ်တွေ လုပ်နေရတာလဲ။ ဒီအရွယ်ဆိုတာ သားထောက် သမီးခံ အလုပ် လွှဲထားပြီးဘုရားသွား ကျောင်းတက် လုပ်နေရမှာ မဟုတ်လား" ဟု ပြောပါတယ်။ ထိုအခါ အဖိုးအိုက
"အမောင် ပြောတာ ဟုတ်တော့လည်း ဟုတ်ပါရဲ့။ ဒါပေမယ့် သားသမီးဆိုတာလည်း သူ့မီးနဲ့ သူ့အပူ ဖြစ်နေကြတာ ကလား။ ကျုပ်တို့မှာလည်း ကိုယ်စားဖို့တင်မက ခိုးမှူးကြီးလည်း ပေးရသေးတယ်၊ အာဂန္တု ဧည့်သည်ကိုလည်း ကျွေးရတယ်၊ သမုဒ္ဒရာထဲလည်း ပစ်ချ နေရသေးတယ်၊ ရန်သူကိုလည်း ရှာဖွေ ကျွေးမွေးနေရပါတယ်" လို့ ပြန်ပြီး ပြောပါတယ်။
အဖိုးအိုစကားက ဘုရင်ကြီးအတွက် ထူးဆန်းနေ ပါတယ်။ အဓိပ္ပါယ်ကိုလည်း သဘောမပေါက် တာကြောင့် အဖိုးအိုကို ပြန်မေးမိတော့တယ်။ "အဖိုးစကားရဲ့ အဓိပ္ပါယ်ကို တဆိတ်လောက် ရှင်းပြပါလားခင်ဗျာ"
ဒီအခါ အဖိုးအိုက အဓိပ္ပါယ်ကို ရှင်းပြပါတယ်။ "ဒီလိုပါအမောင် ခိုးမှူးကြီးကို ပေးရတယ် ဆိုတာက တိုင်းပြည်ကို ဓားပြသူခိုး ရန်သူမျိုးတွေရဲ့ ရန်က ကာကွယ်ပေးထားတဲ့ ဘုရင်မင်းမြတ်ကို အခွန်ဘဏ္ဍာ ဆက်သပေးနေ ရတယ်လို့ ဆိုတာပါ"
"ဘုရင်ကို ဘာလို့ ခိုးမှူးကြီးလို့ ဆိုရပါသလဲ အဖိုး"
"ကျုပ်တို့တွေ နဖူးက ချွေးခြေမ ကျအောင် ရှာဖွေထားရတဲ့ ဥစ္စာတွေကို သူခိုးဓားပြလက် မပါရအောင် ကာကွယ် ထိန်းသိမ်းပေးနိုင်စွမ်း ရှိလို့ ခိုးသူတို့ရဲ့ အကြီးအမှူးလို့ ဆိုလိုတာပါ"
ဘုရင်ကြီးဟာ အဖိုးအိုရဲ့ အဖြေကို သဘောကျ သွားပါတယ်။ အဲဒါနဲ့ နောက်ထပ် စကားတခွန်းကို ထပ်မေးပြန်ပါတယ်။ "အာဂန္တု ဧည့်သည်ကို ကျွေးမွေး ရတယ် ဆိုတာကရော ဘယ်လို အဓိပ္ပါယ်ပါလိမ့်ဗျာ"
"လောကမယ် မိဘက ကျွေးမွေး စောင့်ရှောက်ခဲ့ရတဲ့ သားသမီးဆိုတာ တကယ်တော့ ဧည့်သည်တွေ ပါပဲအမောင်။ အချိန်တန် အရွယ်ရောက်တဲ့အခါ သူတို့လမ်း သူတို့ လျှောက်ကြတာပဲ မဟုတ်လား။ ဒါကြောင့် သူတို့ကို အာဂန္တုလို့ ဆိုရတာပါမောင်"
ဒီစကားကိုလည်း ဘုရင်ကြီး သဘောကျပြန် ပါတယ်။ နောက်ထပ် စကားအဓိပ္ပါယ်ကိုလည်း ထပ်မေးလိုက် ပြန်တယ်။ "သမုဒ္ဒရာထဲလဲ ချရတယ်ဆိုတာ ကရော ဘာအဓိပ္ပါယ်ပါလဲ အဖိုး"
"ဒါက ဒီလိုပါ။ ချောင်းမြစ် အသွယ်သွယ်တို့က လာတဲ့ ရေမှန်သမျှဟာ ပင်လယ် သမုဒ္ဒရာထဲ စီးဝင်ကြပေမဲ့ ပြည့်ရိုးထုံးစံ မရှိသလိုဘဲ တနေ့တနေ့ ကျုပ်တို့ စားသမျှ အားလုံး ဝမ်းခေါင်း ထဲမှာ ပြည့်တယ်လို့ မရှိတာ အမောင်အသိပဲ မဟုတ်လား။ ဒါကြောင့် သမုဒ္ဒရာထဲ ပစ်ချရတယ်ဆိုတာ ရှာဖွေရသမျှ ကျုပ်တို့အသက်ရှင်သန်ဖို့ ဒီဝမ်းခေါင်းထဲ အစာစားပြီး ဖြည့်နေရတယ်လို့ ဆိုလိုတာ ပါပဲ"
"ဒါဆို နောက်ဆုံးစကား၊ ရန်သူကို ရှာဖွေ ကျွေးမွေးနေရတယ် ဆိုတာကရော"
"ဒါက ပိုအရေးကြီးပါတယ် အမောင်။ ကိုယ်ကချစ်ခင်လို့ ပေါင်းသင်း နေထိုင်နေတဲ့ ဇနီးမယားဟာ ကိုယ့်ရဲ့ရန်သူ ပါဘဲ" "အလို ဒီစကားကတော့ အဆန်းပါလား။ ရှင်းပြပေးပါဦး အဖိုးရဲ့"
"စိတ်တူကိုယ်တူ ဆိုပြီး ကိုယ်က ချစ်ခင်ပေါင်းသင်း နေပေမဲ့ ကိုယ့်ရဲ့ အသက်စည်းစိမ်ကို အများဆုံး ဒုက္ခပေးနိုင်ချေရှိတာ ဒီဇနီးမယားပါပဲ အမောင်။ ဒီစကားကတော့ အရေးကြုံလာတဲ့ အခါမှ အမောင် သိပါလိမ့်မယ်။ အခုကတော့ ရန်သူကိုလည်း ရှာဖွေ ကျွေးမွေးနေတယ်ပဲ မှတ်သားလိုက်ပါ အမောင်"
နောက်ဆုံးစကားကို ဘဝင်မကျပေမယ့် မှတ်သားလောက်စရာမို့ လက်ခံလိုက်ပြီး သူဟာ ဘုရင်ဖြစ်ကြောင်း ပြောဆိုလိုက်တော့ အဖိုးအို လင်မယားဟာ ပြူးပြူးပျာပျာ ဖြစ်သွားပါ တော့တယ်။
"မကြောက်ကြပါနဲ့အဖိုး။ တခုတော့ ပြောပါရစေ အခု အဖိုးပြောတဲ့ စကားကြီးလေးခွန်းကိုတော့ ဘယ်သူကိုမှ မပြောမိစေဖို့ မှာခဲ့ပါရစေ။ တကယ်လို့ ပေါက်ကြားခဲ့ရင် သေဒဏ်သင့်မှာကို သဘောပေါက်စေ ချင်တယ်" "မပေါက်ကြားစေဖို့ ကတိပေးပါတယ် မင်းကြီး"
ဤသို့ဖြင့် ဘုရင်ကြီးလည်း နန်းတွင်း ပြန်သွားပြီး နောက်တနေ့ ညီလာခံတွင် အဖိုးအို ပြောဆိုခဲ့သော စကားကြီး လေးခွန်းကိုမှူးမတ်တွေကို ပြောဆိုမေးခွန်း ထုတ်ပြီး အဓိပ္ပါယ်ကို မေးမြန်း ပါတော့တယ်။ မှူးမတ်တွေ အားလုံး မဖြေဆိုနိုင် ကြပါဘူး။ ဒီတော့ ဘုရင်ကြီးက ဖြေဆိုဖို့ အချိန် ခုနစ်ရက် ပေးလိုက်ပါတယ်။
မှူးမတ်တွေ အားလုံး အကြပ်ရိုက် နေချိန်မှာ လူလည် အမတ်တယောက်ကတော့ ဘုရင်ကြီး ခရီးထွက်ပြီး ပြန်လာမှ ဒီစကားလေးခွန်းကို မေးတာ ဆိုတော့ အကြောင်းရရှိရမယ် လို့ စဉ်းစားပြီး ဘုရင်ကြီး သွားခဲ့တဲ့ လမ်းကြောင်းကို စုံစမ်းပြီး ရှာဖွေရာက အဖိုးအိုလင်မယားရှိ ရွာကို ရောက်သွားပါတော့တယ်။
အမတ်လူလည်ဟာ အဖိုးအိုကို တံစိုးလက်ဆောင်ပေးပြီး စကားလေးခွန်းကို မေးပေမယ့် အဖိုးအိုဟာ လုံးဝ မပြောပါဘူး။ နောက်ဆုံး အဖိုးအိုရဲ့ ဇနီးဖွားအိုကို အသပြာ ငွေ ၁၀၀၀ ပေးပြီး မေးတဲ့အခါ ဖွားအိုက ငွေကို ယူပြီး စကားလေးခွန်း အဓိပ္ပါယ်ကို ဖွင့်ဟ ပြောကြားလိုက်ပါတယ်။
အဲဒီလိုနဲ့ ရက်ချိန်း ခုနစ်ရက် ပြည့်လို့ ညီလာခံ ပြန်ဝင်တဲ့ အခါ ဘုရင်ကြီးကို ဘယ်သူမှ အဖြေမပေးနိုင် ကြပေမယ့် လူလည်အမတ်ကတော့ ခပ်ကြွားကြွားလေး ဖြေနိုင်လိုက်ပါတယ်။
ဒါပေမယ့် ဘုရင်ကြီးက သူ့အစွမ်းအစနဲ့ ဖြေနိုင်တာ မဟုတ်ဘူး ဆိုတာ သိနေတော့ မှန်မှန် မပြောရင် သေဒဏ်ပေးမယ် ဘယ်လို သိလာတာလဲ ဆိုတာ မှန်မှန်ပြော ဆိုပြီး အကြပ်ကိုင် မေးတော့မှ အဖိုးအိုလင်မယားဆီက သိလာတာလို့ အမှန်အတိုင်း ပြောပါတော့တယ်။ ဘုရင်ကြီးဟာ အဖိုးအိုလင်မယားကို ဒေါသထွက်ပြီး ရှေ့တော် ဆင့်ခေါ်လိုက်ပါတယ်။
အဖိုးအိုလင်မယားက ရှေ့တော်ရောက်တဲ့ အခါ "အဖိုး ပေးခဲ့တဲ့ ကတိကို ဖျက်ပြီး ဘာလို့ တားမြစ်ချက်ကို လွန်ဆန်ရတာလဲ။ သေဒဏ် ပေးခံရမှာကို မကြောက်ဖူးလား" လို့ မေးတော့ အဖိုးအိုက
"မင်းကြီး ကျွန်တော်မျိုးဟာ ဆင်းရဲပေမယ့် ကတိတလုံးကို အသက်ထက် ကာကွယ်ပါတယ်။ ကျွန်တော်မျိုး၏ ဇနီး ပြောကြားခြင်းသာ ဖြစ်ပါတယ်။ အသပြာငွေ ၁၀၀၀ အတွက် ကျွန်တော်မျိုး၏ အသက်ကို ရောင်းစားသည့် ဇနီးသည်ဟာ အနီးဆုံးရန်သူ ဖြစ်ကြောင်း မင်းကြီး ဒီလောက်ဆို သဘောပေါက် နားလည်ပြီလို့ ယုံကြည်ပါတယ်" လို့ လျှောက်ပါတယ်။
ဒီတော့မှ ဘုရင်ကြီးဟာ စိတ်ထဲ ဘဝင်မကျခဲ့တဲ့ နောက်ဆုံးစကားရဲ့ အဓိပ္ပါယ်ကို နားလည်လက်ခံ သွားပြီး သူဆင်းရဲ အဖိုးအိုလင်မယားကို ဆုလာဘ်များ ပေးသနားလိုက် ပါတော့တယ်။ phoomyatchal
0 Comments