သုံးရက်မှာ ထမင်းတနပ်

ဟိုး ရှေးရှေးတုန်းကပေါ့။ တိရစ္ဆာန်တွေ အကုန်လုံးက ကောင်းကင်ဘုံမှာ နေထိုင်ကြပြီး အမြင့်ဆုံး ဒေဝတာကြီးရဲ့ အစေအပါးတွေ ဖြစ်ကြသတဲ့။ ဒေဝတာကြီးက ဘာပဲ လိုလို သူ့ရဲ့ အစေအပါး တိရစ္ဆာန်တွေကို ခေါ်ပြီးတော့ ခိုင်းတာပေါ့။ ကမ္ဘာမြေပေါ်မှာတော့ လူတွေပဲ နေကြတယ်။ အဲဒီအချိန်တုန်းက အစားအသောက်တွေက ရှားပါးလှတယ်။

လူတွေဟာ အလွန်အမင်းကို ပင်ပင်ပန်းပန်း အလုပ် လုပ်ကြရတယ်။ ဒါပေမဲ့ လောက်အောင် စားရတယ် ဆိုတာ မရှိဘူး။ ငါးရက် ခြောက်ရက်လောက် နေ့ရက်တွေ အများကြီး အလုပ်လုပ်ကြမှ တခါလောက် စားရတာဆိုပဲ။

ဘယ်လောက် အလုပ်ကြိုးစား ကြိုးစား ဗိုက်ဝအောင် စားရတယ် မရှိဘူး။ နောက်ဆုံးတော့ လူတွေဟာ ခက်ခဲကျပ်တည်း လွန်းလို့ ကောင်းကင်ဘုံရဲ့ အကူအညီကို တောင်းခံမယ်လို့ ဆုံးဖြတ်ခဲ့ကြရဲ့။

တရက်တော့ ဒေဝတာကြီးရဲ့ ထိုင်ခုံပုလင်ဟာ တင်းမာလာခဲ့တယ်။ ဒါဟာ ဘာအဓိပ္ပါယ်လဲ ဆိုတော့ လူ့ကမ္ဘာမြေမှာ ဒုက္ခရောက်နေတာကြောင့်ရယ် တဲ့လေ။ များသောအားဖြင့် သူ့ထိုင်ခုံပုလင်ဟာ နူးညံ့ပျော့ပြောင်း နေတာကိုး။

"ဟေ့ ဒီကနေ့ ငါ့အနားမှာ ဘယ်သူ ရှိသလဲဟေ့" ဒေဝတာကြီးက အော်လိုက်တယ်။ ဘယ်သူမှလဲ မလာကြဘူး။

"ဟေ့ ဒီကနေ့ ငါ့အနားမှာ ဘယ်သူရှိသလဲဟေ့" သူ ထပ်ပြီး ခေါ်လိုက်တယ်။ ကျွဲတကောင်က လွဲလို့ ဘယ်သူမှ ရောက်မလာကြဘူးတဲ့။

"ကျွန်တော်ရှိပါတယ် အရှင်သခင်။ ဘာများ ဆောင်ရွက်ပေးရပါ့မလဲ"

ကျွဲဟာ ဒေဝတာကြီးအတွက် အမှုတော် ထမ်းရတော့မှာမို့ ပျော်ရွှင်နေတာပေါ့။ ကောင်းကင်ဘုံရဲ့ အမှုတော်ကို ထမ်းဖို့ အဆင်သင့်ပါပဲ။ ကျွဲက ပျော်သွားပေမယ့် ဒေဝတာကြီးက စိတ်ညစ်သွားတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့ အစေအပါး တိရစ္ဆာန်တွေ ထဲမှာ ကျွဲက အလွန် မေ့တတ်သတဲ့လေ။ လူသားတွေဆီ ဒေဝတာကြီးရဲ့ သတင်းစကား အမိန့်တော် ပို့ခိုင်းမယ့်ဟာကို ကျွဲမှ ရောက်လာရတယ်လို့။

"ဟေ့ ကျွဲက လွဲရင် ဒီကနေ့ ဘယ်သူပါသေးလဲဟေ့"

ဒေဝတာလည်း အော်ခေါ်ကြည့် ပါသေးတယ်။

"ဟဲဟဲ ကျွန်တော်ပဲ ရှိပါတယ်။ ကျွဲပါဗျ" ကျွဲက အားတက်သရော ဖြေပြန်ရော။ ဘယ်သူမှလည်း မရှိဘူး ဆိုတော့ ဒေဝတာကြီးက ကျွဲကိုပဲ လွှတ်ရတော့တယ်။

"မင်းကို လူ့ကမ္ဘာကို ဆင်းခိုင်းမယ်။ လူတွေကို ပြောလိုက်စမ်း။ သူတို့တွေ သုံးရက်မှာ ထမင်းတနပ် စားခွင့်ရအောင် ငါဖြည့်ဆည်းပေးမယ်လို့"

"ဘယ်လို ပြောလိုက်ရမလဲ အရှင်သခင်။ ကျွန်တော်က မေ့တတ်တယ်လေ" လို့ ကျွဲက မေးသတဲ့။

"သုံးရက်မှာ ထမင်း တနပ်ကွာ။ သုံးရက်မှာ ထမင်းတနပ်။ ဒါဆို သူတို့အတွက် လုံလောက်ပြီ"

"သုံးရက်မှာ ထမင်း တနပ်လား ခင်ဗျာ၊ ကျွန်တော့်လို မြက်စားခိုင်းလို့ မရဘူးလား"

ဒေဝတာကြီးရဲ့ သူ့ရဲ့ တမန်တော်ကျွဲက ပေါက်ကရတွေ ပြောနေတော့ စိတ်မရှည်တော့ဘူး။

"သုံးရက်မှာ ထမင်းတနပ်ပါ ဆိုကွာ မမေ့အောင် သီချင်းလေး လုပ်ဆိုသွား"

ကျွဲဟာ လူ့ရွာလောကအတွက် သတင်းကောင်းကို ပြောဖို့ စိတ်လှုပ်ရှားနေ တော့တယ်။ တေးသီချင်းလေး သီဆိုရင်း ကောင်းကင်ဘုံကနေ လူ့ရွာကို ဆင်းလာသတဲ့။

"လူသားအားလုံး ပျော်ရမယ် သုံးရက်မှာ ထမင်းတနပ် စားရမယ်။ သုံးရက်မှာ ထမင်းတနပ်။ သုံးရက်မှာ ထမင်းတနပ် တဲ့ပါကွယ်" ကျွဲဟာ ပျော်ရွှင်စွာပဲ သီချင်း တကျော်ကျော်နဲ့ မြေကမ္ဘာကို ဆင်းသက်လာခဲ့ တော့တယ်။

"လူသားအားလုံး ပျော်ရမယ် သုံးရက်မှာ ထမင်းတနပ် စားရမယ်။ သုံးရက်မှာ ထမင်းတနပ် သုံးရက်မှာ ထမင်းတနပ် တဲ့ပါကွယ်" ကျွဲဟာ ပျော်ရွှင်စွာနဲ့ ခေါင်းတခါခါ လည်တခါခါ ကခုန်ရင်း ကောင်းကင်ဘုံက ဆင်းလာတာ ဘယ်ကိုမှလည်း သေချာမကြည့်ဘူး တဲ့လေ။

လမ်းမှာ သူ့ သူငယ်ချင်း တယောက်နဲ့ ဝင်တိုက်မိတယ်။ ဂဠုန်နဲ့ပေါ့။ "မောင်ကျွဲ သိပ်ပျော်နေပါလား။ ဘယ်သွားမလို့လဲကွ" လို့ ဂဠုန်က မေးတယ်။ "လူတွေအတွက် သတင်းစကားတခု သွားပို့ မလို့လေ။ ဒေဝတာကြီးက သူတို့ကို ဟာ မေ့သွားပြီ ဟ"

ဒါနဲ့ ကျွဲဟာ အမြန် သွားပြန်မေး ရတယ်။ ဒေဝတာကြီးက ပြန်ပြောပြရတယ်။ ကျွဲဟာ ဒီတခါတော့ သူ ဘယ်သူနဲ့မှ မတိုက်မိစေတော့ဘူး လို့ ကြုံးဝါးလိုက်တယ်။

"လူသားအားလုံး ပျော်ရမယ် သုံးရက်မှာ ထမင်းတနပ် စားရမယ်။ သုံးရက်မှာ ထမင်းတနပ် သုံးရက်မှာ ထမင်းတနပ် တဲ့ပါကွယ်" ဆိုရင်းနဲ့ အရှိန် ရလာတဲ့အခါ ကျွဲဟာ ခေါင်းတခါခါ လည်တခါခါ နဲ့ ကပြန်တာကြောင့် ဘေးဘီကို မကြည့်မိတော့ ပြန်ဘူး။

"လူသားအားလုံး ပျော်ရမယ် သုံးရက်မှာ ထမင်းတနပ် စားရမယ်။ သုံးရက်မှာ ထမင်းတနပ် သုံးရက်မှာ ထမင်းတနပ် တဲ့ပါကွယ်"

ဒီလိုနဲ့ ကောင်းကင်ဘုံကနေ ပျံသန်းပြီး ဆင်းလာတဲ့ ကျွဲဟာ လူ့မြေကမ္ဘာနားကို ရောက်လာပြီ။ လူသားတွေက သူ့ကို စောင့်ဆိုင်းနေ ကြတယ်လေ။ စောင့်ကြိုနေကြတဲ့ လူအုပ်ကြီးကို မြင်တဲ့အခါ ကျွဲဟာ အရမ်းကို ပျော်ရွှင် သွားတယ်။ ခုဆိုရင် သူက ဒေဝတာကြီးရဲ့ ကိုယ်စားလှယ် မဟုတ်လား။

နမော်နမဲ့ ကျွဲကြီးဟာ သစ်ပင်ကြီးနဲ့ ဝင်တိုက်မိပြီး မြေကြီးပေါ်ကို ဘုတ်ကနဲ့ ကျသွားလေ ရော့တယ်။ လူတွေဟာ ဒေဝတာကြီးရဲ့ အစေအပါး ကျွဲကို သူတို့အတွက် ဘာပါသလဲ မေးတာပေါ့။ ကျွဲက မေ့သွားပြီ။

သူဆိုလာတဲ့ သီချင်းကို ပြန်စဉ်းစားပြီး ဆိုပြလိုက်တယ်။ မှတ်မိသလောက်ပေါ့။ သီချင်းကတော့ ဒီလို ဖြစ်သွားရှာတယ်။ "လူသားအားလုံး ပျော်ရမယ် တရက်မှာ ထမင်းသုံးနပ် စားရမယ်။ တရက်မှာ ထမင်းသုံးနပ် တရက်မှာ ထမင်းသုံးနပ် တဲ့ပါကွယ်" သူ့ရဲ့ တေးသံကို ကြားလိုက်ရတဲ့ လူသားတွေဟာ အလွန်ပျော်ရွှင် သွားသတဲ့။

ငါးရက်ခြောက်ရက် နေမှ တခါလောက် စားရတဲ့ အခြေအနေကနေ ဒေဝတာကြီးရဲ့ စောင့်ရှောက်မှုကြောင်း တရက်မှာ ထမင်းသုံးနပ်တောင် စားရတော့မှာကိုး။

လူသားတွေ အားလုံးဟာ ကျွဲနဲ့အတူ တေးသီချင်းကို လိုက်ဆိုကြတယ်။ "လူသားအားလုံးပျော်ရမယ် တရက်မှာ ထမင်းသုံးနပ်စားရမယ်။ တရက်မှာ ထမင်းသုံးနပ် တရက်မှာ ထမင်းသုံးနပ် တဲ့ပါကွယ်" ဒီသီချင်းသံဟာ ကောင်းကင်ဘုံအထိ ရောက်သွားတဲ့အခါ ဒေဝတာကြီးလည်း ကြားပြီလေ။

"ဟာ ဘယ်လို ဖြစ်လို့ တရက်မှာ ထမင်းသုံးနပ် ဖြစ်သွားရတာလဲ" ကျွဲဟာ ပျော်ရွှင်စွာနဲ့ ကောင်းကင်ဘုံကို ပြန်တက်လာခဲ့တယ်။

"အရှင်သခင်က တရက်မှာ ထမင်းသုံးနပ် စားခွင့်ရမယ်လို့ ပြောဆိုချက်ကို လူသားတွေဆီ ပြောပြလိုက်ပါပြီ ခင်ဗျား" လို့ ဂုဏ်ယူ ဝံ့ကြွားစွာ ဒေဝတာကြီးကို ပြောပြသတဲ့။

ဟုတ်ပါရဲ့။ တေးသီချင်းသံတွေ ခုထိတောင် ကြားနေရတုန်းပဲ။ "မောင်မင်းကို ပြောခိုင်းတာက ငါက သုံးရက်ကို တနပ် စားခွင့်ရအောင် လုပ်ပေးမယ်လို့ ပြောလိုက်တာ။ ခုတော့ ငါက တရက်ကို သုံးနပ် စားနိုင်အောင် လုပ်ပေးရတော့မယ်။ လွယ်တဲ့ ကိစ္စများ မှတ်နေလား။ လူ့ကမ္ဘာ တခုလုံးမှာ စိုက်ပျိုးနိုင်အောင် လိုက်လံပြီး ဆောင်ရွက်ပေး ရတော့မယ်"

"တောင်းပန်ပါတယ် အရှင်သခင်။ ကျွန်တော့်ရဲ့ မေ့လျော့မှုအတွက် ဘာများ ပြန်လုပ်ပေးရမလဲ"

ဒေဝတာကြီးဟာ ခဏစဉ်းစားတယ်။ "ဟုတ်တယ် တရက်မှာ ထမင်းသုံးနပ် စားရစေမယ်လို့ ကတိပေးခဲ့တာ မင်းပဲ။ ဒါကြောင့် မင်းလည်း သူတို့ကို ကူညီရမယ်။ ခုချိန်က စပြီး လူတွေနဲ့ သွားနေပြီး သူတို့ တရက်ကို ထမင်းသုံးနပ် စားနိုင်အောင် ကူညီပေတော့" လို့ အမိန့်ချ လိုက်တယ်။

ဒါကြောင့်မို့ ကျွဲဟာ ကောင်းကင်ဘုံမှာ မနေတော့ဘဲ လူသားတွေနဲ့ တူတူ သွားနေရတာပေါ့။ မိုးရာသီ ရောက်လို့ စိုက်ပျိုးကြချိန် ဆိုရင် လူတွေကို သူက ထွန်ယက်စိုက်ပျိုးဖို့ ကူညီရတာပေါ့။ တေးသီချင်းလေးလည်း သီဆိုသေးတယ်။

"လူသားအားလုံးပျော်ရမယ် တရက်မှာ ထမင်းသုံးနပ် စားရမယ်။ တရက်မှာ ထမင်းသုံးနပ် တရက်မှာ ထမင်းသုံးနပ် တဲ့ပါကွယ်" အဲဒီအချိန်က စပြီး ကျွဲတွေဟာ ကမ္ဘာဦး အစကတည်းက လူတွေ အစားအသောက်ရဖို့ စိုက်ပျိုးရာမှာ ကူညီရတော့ သတဲ့။ Thantzin Soe

Post a Comment

0 Comments