ကမ္ဘာ့သမိုင်းကို သင်ဖူး လေ့လာဖူးသူတိုင်း ဂရိနိုင်ငံက အလက်ဇန္ဒားဘုရင်ကြီး အကြောင်းကို သိကြမှာပါ။ သူဟာ တိုက်ရည်ခိုက်ရည် ပြည့်ဝပြီး စစ်ရေးဗျူဟာကျွမ်းကျင်တာကြောင့် အီဂျစ် ပါရှား အိန္ဒိယ အပါအဝင် ကမ္ဘာ့တိုက်ကြီး ၃ တိုက်ကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်။
ဘုရင်ကြီးဟာ နိုင်ငံများစွာကို စစ်နိုင် သိမ်းပိုက်ပြီးတာနဲ့ သူ့နေရပ် ဂရိနိုင်ငံကို ပြန်လာခဲ့တယ်။ လမ်းမှာ အဖျားရောဂါ စွဲကပ်ပြီး အိပ်ရာပေါ် လဲသွားတယ်။ ရောဂါက ပြင်းထန်လွန်း တာကြောင့် သူ့ရဲ့ ဆေးဆရာတွေက ကုသမရတော့ဘဲ လက်လျှော့လိုက်ကြတယ်။
ဘုရင်ကြီးကလည်း သူသေတော့မှာကို သိလို့ သူ့ရဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို အနားခေါ်ပြီး သူဟာ မကြာခင် သေရတော့မယ်။ သူသေပြီးရင် သူဖြစ်စေချင်တဲ့ ဆန္ဒ ၃ ခု ရှိ တယ်။
အဲဒါတွေကို ဖြစ်အောင် လုပ်ပေးဖို့ ကတိတောင်းတယ်။ ဗိုလ်ချုပ်ကြီးတွေ ကလည်း ဖြစ်အောင် လုပ်ပေးပါမယ်လို့ ကတိပြု ကြတယ်။
အဲဒါနဲ့ ဘုရင်ကြီးက သူ့ရဲ့ နောက်ဆုံးဆန္ဒ ၃ ခုကို အခုလို ပြောလိုက်တယ်။ "ငါရဲ့ ပထမဆုံး ဆန္ဒက သင်္ဂြိုဟ်မယ့် နေရာကို သယ်ယူသွားတဲ့ ငါ့အလောင်း ထည့်ထားတဲ့ အခေါင်းကို ငါ့ကို ဆေးကုသ ပေးခဲ့တဲ့ ဆေးဆရာတွေကို ထမ်းပိုး သယ်ခိုင်းပါ။
ဒုတိယဆန္ဒက ငါအခေါင်းကို သယ်ယူတဲ့ လမ်းတလျှောက်မှာ ငါစစ်တိုက်ရင်း စုဆောင်း ရရှိထားတဲ့ ရွှေငွေ ကျောက်သံ ပတ္တမြား အားလုံးကို ခင်းထားပေးပါ။
တတိယဆန္ဒက ငါ့ကိုသယ်တဲ့ အခေါင်းရဲ့ ဘေးနှစ်ဖက်မှာ အပေါက် တပေါက်စီ ဖောက် ထားပြီး ငါ့လက်နှစ်ဖက်ကို အပြင်မှာတန်းလန်း ထုတ်ထားပါ"
ဗိုလ်ချုပ်ကြီးတွေ ကလည်း မျက်ရည်စက်လက် ဝမ်းနည်းစွာနဲ့ ဘုရင်ကြီးရဲ့ ဆန္ဒတွေကို ဖြစ်မြောက်အောင် လုပ်ပေးပါမယ်။
ဒါပေမဲ့ ဘာကြောင့် ဒီလို လုပ်ခိုင်းတယ် ဆိုတာကို ပြောပြပေးဖို့ တောင်းပန် ကြတယ်။ ဘုရင်ကြီးကလည်း မောပန်းစွာ အသက်ရှူရင်း အခုလို ရှင်းပြလိုက်တယ်။
ငါ့ရဲ့ပထမဆန္ဒ ဖြစ်တဲ့ ဆေးဆရာတွေကို အခေါင်းထမ်းခိုင်းတဲ့ ရည်ရွယ်ချက်က ဆေးဆရာတွေဟာ လူတိုင်းကို သေမင်းလက်က မကယ်တင်နိုင်ဘူး။ ဒါကြောင့် တိုင်းသူပြည်သားတွေဟာ ကိုယ့်ကျန်မာရေးကို ဂရုစိုက်ကြဖို့ပါ။
ဒုတိယဆန္ဒဖြစ်တဲ့ ရွှေငွေတွေကို ငါ့အလောင်း သယ်တဲ့လမ်းမှာ ခင်းထားခိုင်းတာက ငါဟာ ကမ္ဘာကြီးကို အုပ်စိုးနိုင်ခဲ့ ပေမယ့် ငါသေတော့ ငါစုထားတဲ့ ရတနာတွေ ထဲက ရွှေတိုတစတောင် ယူမသွားနိုင်ဘူး။
ဒါကြောင့် ပြည်သူတွေကို ပစ္စည်းဥစ္စာနောက် ကိုပဲ လိုက်မနေဖို့ သတိပေးချင်လို့ပါ။
တတိယဆန္ဒဖြစ်တဲ့ ငါ့လက်နှစ်ဖက်ကို အခေါင်းပေါက်တွေ ကနေ ထုတ်ခိုင်းထား တာက ပြည်သူတွေကို သိစေချင်တယ်။ ငါ ဒီကမ္ဘာကြီးကို ရောက်လာတုန်းကနဲ့ ထွက်ခွာချိန်မှာ လက်ဗလာချည်းပဲ ဆိုတာပါ။
အလက်ဇန္ဒားဘုရင်ကြီးဟာ လက်ရုံးရည်ရော နှလုံးရည်ပါ ပြည့်ဝမှာပေါ့။ ဂရိတွေးခေါ်ပညာ ရှင်ကြီး အရစ္စတိုတယ်ထံမှာ ငယ်စဉ်က ပညာသင်ခဲ့သူကိုး။ ဗန်းမော်သိန်းဖေ
0 Comments