မိအေး နှစ်ခါနာ မဖြစ်ကြစေဖို့

တခါတုန်းက တောရွာလေး တရွာမှာ လယ်သမား မိသားစုက မွေးဖွားလာတဲ့ မိအေး ဆိုတဲ့ ကောင်မလေးတယောက် ရှိတယ်တဲ့။ မိဘကတော့ စာတတ်ပေတတ် ဖြစ်စေချင်လို့ ကျောင်းထားပေမယ့် မိအေးကတော့ စာကို စိတ်မဝင်စားပါဘူး။ ကြိုးလည်း မကြိုးစားဘူးပေါ့။

ဒီလိုနဲ့ပဲ တတန်းကို နှစ်နှစ်၊ သုံးနှစ်နှုန်းနဲ့ နေနေလိုက်တာ ငါးတန်းလည်း ရောက်ရော မိအေးတယောက် တဆယ့်ငါးနှစ် အရွယ်ရောက်လို့ အပျိုကြီး ဖားဖား ဖြစ်နေပါပြီ။

အတန်းတူတွေနဲ့ အသက်အများကြီး ကွာနေတဲ့ မိအေးဟာ ကျောင်းနေရတာကို ရှက်ပြီး ကျောင်းမနေချင် တော့ဘူးပေါ့။

တချို့ရွယ်တူတွေ ကလည်း ရည်းစားတွေ ဘာတွေနဲ့မို့ မိအေးလည်း စိတ်ကစားပြီး ရည်းစားလိုချင် လာပါတယ်။ အဲဒါနဲ့ပဲ ရည်းစားတယောက် ရလာပြီး မကြာခင်မှာပဲ ခိုးရာလိုက်ပြေး ကြလေသတည်းပေါ့။

အိမ်ထောင်သာ ကျသွားရော မိအေးဟာ ထမင်းအိုးတလုံး တည်တာက လွဲလို့ ဘာမှ မချက်တတ် မပြုတ်တတ်ဘူးလေ။ ကောက်စိုက် ပျိုးနှုတ် လယ်အလုပ် ကြတော့လည်း ကျောင်းသားဆိုပြီး ရေသာခိုလာတဲ့ အတွက် ရွယ်တူတွေလို မတတ်ဖူးပေါ့။

ကြာတော့ ယောက်ျားက လယ်အလုပ်လည်း ဝိုင်းမကူ ထမင်းဟင်းလည်း ကောင်းကောင်း မချက်တတ်တဲ့ မိအေးကို ဆူတော့တာပေါ့။ တနေ့ ငါးသည်လာတော့ မိအေးလည်း ငါးဟင်း စမ်းချက်ကြည့်မယ်လို့ စိတ်ကူးရတယ်။ ငါးဟင်းချက်နည်းက ငါးသည်ကို မေးမယ်ပေါ့။

အဲဒါနဲ့ ငါးသည်ကိုခေါ်၊ ငါးဝယ်ပြီး ငါးဟင်းချက်နည်း မေးတာပေါ့။ ငါးသည်က ငါးကို အကြေးခွံထိုး ရေယက်ခုတ်၊ ပြီးချက်လို့ပြောတာပေါ့။

မိအေးလည်း ငါးကို အဲဒီအတိုင်း လုပ်ပြီး သေချာ ချက်တာပေါ့။ စိတ်ထဲမှာလည်း ငါ့ကို နေ့တိုင်းဆူတဲ့ ယောက်ျား ဒီတခါတော့ ဒင်းမဆူနိုင်တော့ဘူး ဆိုပြီး ကြုံးဝါးနေတာပေါ့။

ယောက်ျား ပြန်လာတဲ့အခါ မိအေးက ငါးဟင်းချက်တယ်လည်း ဆိုရော ရေမိုးချိုးပြီး ထမင်းဝိုင်း ကူပြင်ရင်း မိန်းမကို ချီးကျူးနေတာပေါ့။

ထမင်းစားလို့ ငါးဟင်း စားကြည့်တဲ့အခါ ငါးဟင်းက စားမရအောင်ကို ညှီပြီး ခါးနေတာပေါ့။ ယောက်ျားက "မိအေး နင့်ငါးက ညှီပြီး ခါးလှချည်လား။ ဘယ်လိုချက်တုန်း" ဆိုတော့

မိအေးက "ငါးသည်ကို မေးပြီး ချက်တာ" လို့ ဖြေပြီး ချက်နည်း ပြောပြသတဲ့။ အဲဒီတော့မှ ယောက်ျားက သေချာ ကြည့်တဲ့အခါ မိအေးက ငါးဗိုက်ကို မခွဲထားတာ တွေ့သတဲ့။

"မိအေး ငါးဆိုတာ ဗိုက်ခွဲချီးအိမ် ထုတ်ရတယ်။ ဒီလောက်တောင် နင်မသိဘူးလားဆိုပြီး" ဗိုက်ကဆာ စိတ်ကတိုနဲ့ ထရိုက်ပါလေရော။

နောက်တနေ့ မိအေးလည်း ဘာဟင်းချက်တာ လွယ်တုန်း ဆိုပြီး ဘေးအိမ်ကို မေးသတဲ့။ ဘေးအိမ်က ဘဲဥချက်၊ ပြုတ်အခွံနွှာပြီး ချက်ရုံပဲလို့ အကြံပေးတယ်။

မိအေးလည်း ဘဲဥ ပြုတ်ပြီး အခွံနွှာတဲ့အခါ ဘဲဥလုံးလုံးလေးကို ကြည့်ရင်း ငါးဗိုက် ဖောင်းဖောင်းလေးကို သတိရပြီး ဒါလည်း ဗိုက်ခွဲ ချီးအိမ် ထုတ်ရမှာပဲ ဆိုပြီး အလယ်က အနှစ်တွေ ထုတ်ပစ်ပြီး ချက်ထားသတဲ့။

ယောက်ျားက ပြန်လာပြီး ထမင်း စားတဲ့အခါ ဘဲဥအနှစ် မတွေ့လို့ မေးတော့ ဉာဏ်ကြီးရှင် မိအေးက "ရှင်ပြောတဲ့ အတိုင်း ဗိုက်ခွဲ ချီးအိမ် ထုတ်ထားတယ်" လို့ ဖြေတာပေါ့။

ယောက်ျားလည်း "ဟင်၊ ဒီလောက်တောင် အသုံးမကျတဲ့ မိန်းမ၊ ဘဲဥကို ချီးထုတ်ရသလား" ဆိုပြီး ပိုရိုက်တော့ တာပေါ့။

ဒါကြောင့် လူကြီးတွေက မိန်းကလေးတွေကို "အိမ်မှုကိစ္စ တတ်အောင်သင်။ တော်ကြာ ယောက်ျားရမှ မိအေးနှစ်ခါနာ ဖြစ်နေမယ်" ဆိုပြီး ဆုံးမကြတာပါ။ phoomyatchal

Post a Comment

0 Comments