တခါက ကလေးလေး တယောက်ဟာ အဖေလုပ်သူကို မေးခွန်းလေး တခု မေးတယ်။ "လောကမှာ လူ ဘယ်နှစ်မျိုး ရှိသလဲ" တဲ့။ အမြဲတမ်း ကြံကြံဖန်ဖန် မေးတတ်တဲ့ ကလေးလေးကို ကြည့်ရင်း အဖေ လုပ်သူက ပြုံးပြတယ်။
မေးခွန်းတွေဟာ ကလေးလေးရဲ့ ဉာဏ်ရည် ဉာဏ်သွေးနဲ့ လက်ရှိ စိတ် အခြေအနေကို ထင်ဟပ်စေတယ် ဆိုတာ နားလည်တဲ့ အဖေလုပ်သူက ရှင်းပြဖို့ ကလေးလေးကို ခေါ်လိုက်တယ်။
အဖေလုပ်သူဟာ ကလေးလေး နားလည်လွယ်တဲ့ စကားလုံး အဖြေတွေ စုပုံထားတဲ့ အဘိဓာန် စာအုပ်ကြီးလို့ ကလေးလေးကလည်း ယုံကြည်တယ်လေ။
ထုံးစံအတိုင်း အဖေလုပ်သူက ကလေးလေးကို သူ့ရဲ့ ဧည့်ခန်းထဲကို ခေါ်လာခဲ့တယ်။ ပြီးတော့ တနေရာကို လက်ညှိုးထိုးပြီး ဘာမြင်ရသလဲတဲ့။ မြင်ရတဲ့ ပုံရိပ်က ကလေးလေး ကိုယ်တိုင် ဖြစ်နေတယ်။ အဲဒါဟာ မှန်တချပ်ပေါ့။
မှန်ထဲက ကလေးလေး ပုံရိပ်ကို ကလေးလေးဟာ ပြန်မြင်နေရတယ်။ သူ့ကိုယ်သူ ပြန်မြင်ရတယ်လို့ အဖြေ ပြန်ပေးလိုက်တယ်။ ကလေးလေးရဲ့ အဖြေကို သဘောကျ သွားတဲ့ အဖေလုပ်သူက နောက်ထပ် တနေရာကို လက်ညိုးညွှန်ပြ ပြန်တယ်။
ဒီတခါကော ဘာထပ်တွေ့ရ သလဲတဲ့။ ဖခင်အပေါ် ယုံကြည်မှု အပြည့် ရှိတဲ့ ကလေးလေးဟာ ဒီတခါလည်း မေးခွန်းတွေ မမေးတော့ဘဲ သူညွှန်ပြရာကို ကြည့်လိုက်တယ်။
ဒါ ပန်းချီကား တချပ်။ ပန်းချီကားထဲက လူကြီးက သူ့ကို ပြုံးပြီး ကြည့်နေတယ်။ အဲဒီနောက် အဖေက ကလေးလေးကို ရှင်းပြတယ်။
"သား လောကမှာ လူနှစ်မျိုးပဲ ရှိတယ်။ မှန်လိုလူနဲ့ ပန်းချီကား လိုလူ။ တချို့က အပြန်ကလူ ပြုံးပြရင် ပြန်ပြုံးပြမယ်၊ မဲ့ပြရင် ပြန်မဲ့ပြမယ်၊ ဒေါသထွက်ရင် ပြန်ထွက်ပြမယ် ဆိုတဲ့ မှန်လိုလူတွေ။ သူတို့ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်က သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါတဲ့။
သူတို့ စိတ်ဟာ ပုံမှန် မရှိဘူး။ တနည်း ပြောရရင် သူတို့ရဲ့ စိတ်ခံစားမှုဟာ အပြင်က လူရဲ့အပေါ်မှာ များစွာ မူတည်နေတယ်။ အပြင်ကလူ ပြုလုပ်တဲ့ အတိုင်းသာ သူတို့ ပြုမူကြတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ တိကျပြတ်သားတဲ့ စိတ်ဓာတ်မရှိကြတဲ့သူတွေပေါ့။
နောက်တမျိုး ကတော့ ပန်းချီကားလိုလူ။ ပန်းချီကားထဲက လူဟာ အပြင်ကလူ ဘာပဲ လုပ်ပြပြ၊ သူ့နဂိုပုံစံ အတိုင်းပဲ။ သူ့မှာ တိကျ သေချာတဲ့ ပုံသဏ္ဍာန် ရှိတယ်။
အပြင်ကလူ ပြုံးပြလည်း သူ ပြန်မပြုံး ပြဘူး။ အပြင်ကလူ ဒေါသ ထွက်နေလည်း သူ ပြန်မထွက်ပြဘူး။
ဒီ ပန်းချီကားလို လူမျိုးဟာ သူတို့စိတ်နဲ့ သူတို့ အသက်ရှင် ကြတယ်။ သူတို့မှာ ဘဝအတွက် တိကျတဲ့ စည်းကမ်းချက်တွေ ရှိသလို၊ အဲဒီ စည်းကမ်းတွေနဲ့ အတူ လိုက်လျောညီထွေ ဖြစ်အောင် နေထိုင် နိုင်တယ်။ တနည်းပြောရရင် အပြင်က လူကြောင့် သူတို့ဟာ ပြောင်းလဲမသွားကြဘူး။
အကျဉ်းချုပ် ပြောရရင်တော့ လူနှစ်မျိုးပဲ ရှိတယ်။ ကိုယ့်စိတ်နဲ့ အသက်ရှင်တဲ့ လူနဲ့ သူများစိတ်နဲ့ အသက်ရှင်တဲ့လူ" တဲ့။ Crd
0 Comments