ရဲ့ရင့်သော ကျီးမင်း

ငှက်များတွင် ကျီးသည် လူနှင့် နီးကပ်စွာ ကျက်စားခွင့် ရသော်လည်း လူသားများ၏ မေတ္တာ စေတနာကို ခံယူခွင့် မရကြပါ။ ကျီးများသည် မိမိတို့အား သဒ္ဓါကြည်ဖြူ ကျွေးမွေးမည့် လူသားများ မရှိသည့် အလျောက် လူတို့၏ အစားအစာကို လစ်လျှင် လစ်သလို နှိုက်စွက်စားသောက် တတ်ကြသဖြင့် တချို့ကပင် ကျီးကန်းဟု ချိုးဖဲ့ ခေါ်တတ်သည်။

အမြဲတစေ မျက်စိကိုဖွင့် နားကိုစွင့်ကာ ပါးနပ်လိမ္မာ လျင်မြန်စွာ လူတို့ အနီးအနားအပါး လှည့်လည် ကျက်စားသော ငှက်မှာ ကျီးမျိုး ဖြစ်သည်။

အချိန်ကား ဗာရာဏသီ နေပြည်တော်တွင် ဗြဟ္မဒတ်မင်းကြီး နန်းစံနေချိန် မြတ်စွာဘုရားရှင်သည် ကျီးအပေါင်းတို့အားကိုး အားထားရာ ခေါင်းဆောင်ကျီးမင်း ဖြစ်နေခိုက် ဖြစ်၏။ တနေ့သောအခါ ဗြဟ္မဒတ်မင်းကြီး၏ ပုရောဟိတ်ပုဏ္ဏားကြီးသည် ဂင်္ဂါမြစ်မှာ ရေချိုးပြီးလျှင် နန်းတော်သို့ အခစား ဝင်ရောက်ရန် မွှေးကြိုင်ထုံသင်းနံ့သာများ လိမ်းခြယ်ကာ အဝတ်အစား သစ်များ ဆင်ယင်လာခဲ့၏။

လျှပ်ပေါ် လော်လည်သော ကျီးမိုက်တကောင်မှာ အသန့်အပြန့် အကောင်း ကြိုက်သော ပုဏ္ဏားကြီး နန်းတော် မြို့ရိုးတံခါးသို့ ဝင်လိုက်သည်နှင့် ထိပ်ပြောင်ပြောင် ဦးခေါင်းထက်သို့ မစင်များ စွန့်ချလေသည်။

ပုဏ္ဏားကြီး ကလည်း ရုတ်တရက် မော့ကြည့်ရာ တံခါးတိုင် ပေါ်မှ ကျီးတကောင် ထပျံသွားသည်ကို တွေ့မိလိုက်သည်။ ပုရောဟိတ်ကြီး အမျက်ထွက်ကာ "ဒါ တမင်သက်သက် ငါ့ကို အရှက်ခွဲ စော်ကားတာ သင်းတို့ တနေ့ သိစေရမယ်" ဟု တေးမှတ် ထား၏။

တနေ့သ၌ မောင်းထောင်းစားရသော အလုပ်သမ တယောက်သည် မောင်းထောင်းရန် စပါးများကို နေလှန်းထား၏။ စပါးချွေရမည့် အချိန်ကို စောင့်ဆိုင်းနေရင်း ခဏ လှဲလိုက်ရာ အိပ်ပျော်သွားသည်။ ထိုအချိန်တွင် ဆိတ်တကောင်မှာ စပါးများကို လာစားကာ အတန်အသင့် စားပြီးချိန် အလုပ်သမ နိုးလာလျှင် ခြောက်လန့် နှင်ထုတ်၏။

နောက်တနေ့တွင် ထိုဆိတ်မှာ လှန်းထားသော စပါးများကို လာစားပြန်သည်။ နှစ်ရက်မှ သုံးရက် ဆက်လာသောအခါ အလုပ်သမလည်း သည်းမခံနိုင်သည့် အဆုံး မီးစနှင့် ကောက်ပေါက် လိုက်မိသည်။ မီးစသည် ဆိတ်ကို ထိမှန်ကာ အမွေးများမီးလောင်၍ ထိတ်လန့်တကြား ပြေးခိုက် ဘုရင့် ဆင်တင်းကုပ်နားသို့ ရောက်သွား၏။

ဆင်ကျွေးသော မြက်များ သိုလှောင်ထားသော တဲကြီးအတွင်း ရောက်သော် ဆိတ်မှာ မိမိကိုယ်ပေါ်က မီးကို ငြိမ်းရန် မိမိကိုယ်နှင့် ပွတ်သပ်လေသည်။

ဤအခါ လောင်သောမီးဟာ မငြိမ်းဘဲ မြက်များကို မီးစွဲလေသည်။ ထိုမှတဆင့် ဆင်တင်းကုပ်ပါ မီးလောင်ရင်း မင်းကြီး၏ ဆင်ကြီးများပါ မီးစွဲကာ ဒဏ်ရာများ ရကြသည်။ နန်းတွင်းသမားတော် များသည် ဆင်တော်ကြီးများ၏ မီးလောင်နာကို ကြိုးစားကုကြရ၏။ ဒဏ်ရာများက ကြီးသဖြင့် တော်ရုံကုသ၍ မဖြစ်နိုင်။

ဗြဟ္မဒတ်မင်းကြီးမှာ ပညာရှိ ပုရောဟိတ်ထံ ကုသရန် နည်းလမ်းကို "ပုရောဟိတ်ကြီး ဆင်တော်များ၏ မီးလောင်ဒဏ်ရာအတွက် ဆေးကု မမီနိုင်အောင် ဖြစ်နေရာ အခြားဆေးနည်းများ ရှိလျှင် ကြံဆလျှောက်ထားပါ" ဟု မေးမြန်းရာ

မစင်စွန့်ချသောကျီးကို လက်စားချေ လိုသော ပုရောဟိတ်ကြီးမှာ နည်းလမ်း ရှာတွေ့သွား၏။ "မှန်လှပါ ဘုရား တခြားဆေးနည်း ရှိပါကြောင်း။ လိုအပ်သော ဆေးများက ကျီးများရဲ့ အဆီသာ ဖြစ်ပါတယ် ဘုရား" ဟု လျှောက်ထားသည်။

မင်းကြီးလည်း လျှောက်ထားချက် အတိုင်း ကျီးများကို အစုလိုက် အပြုံလိုက် မြားဖြင့် ပစ်ခတ် သေစေကာ မင်းချင်းများက ဖမ်း၍ ရသော ကျီးများကို မိုးဗြဲ ဒယ်ကြီးများဖြင့် ချက်ကြ ကြော်ကြ၏။ ထိုသို့ ချက်ကြော်သော်လည်း ကျီးများထံမှ အဆီတစက်မှ မရရှိကြချေ။ ဤအကောင်များမှ မရလျှင် နောင်အကောင်များ ရလိုငြား မျှော်လင့်ကာ ကျီးသတ်ပွဲကြီးကို ဆက်လက် ဆင်နွှဲကြပေသည်။

ထိုသတ်ပွဲကြီးမှ ကံထောက်၍ လွတ်မြောက်သော ကျီးတကောင်မှာ ဘုရားလောင်းကျီးမင်း ရှိရာ သုသာန်သို့အလျင်အမြန် ပျံကာ ခေါင်းဆောင်းကျီးမင်းထံ ဖြစ်စဉ်အကုန် လျှောက်တင်၏။

ကျီးမင်းသည် မိမိ၏ အမျိုးအဆွေများကို ကယ်တင်မည်ဟု ဆုံးဖြတ်ချက် ချပြီးလျှင် တရွှီးရွှီး လွှတ်တင်နေသော မြားများ အကြားမှ ရဲဝံ့စွာ ပျံသန်းကာ ဗြဟ္မဒတ်မင်းကြီး နန်းဆောင်ပြတင်းပေါက်မှ ဝင်ရောက်လျက် မင်းကြီး ထိုင်နေသော သလွန်အောက်မှာ ဝင်ခိုနေ၏။

မင်းချင်းများက ပစ်ခတ်ရန် ဟန်ပြင်ကြရာ မင်းကြီးမှ "ဘေးလွတ်ရာ လာခိုနေတဲ့ ကျီးတကောင်ကို မဖမ်းကြနှင့်" ဟု တားမြစ်လေသည်။ ကျီးမင်းသည် သလွန်အောက်၌ အတန့်အသင့် အပန်းဖြေပြီး မင်းကြီးရှေ့မှောက်သို့ ထွက်ကာ အတောင်နှစ်ဖက်တို့ဖြင့် အခစား ဝင်ရောက်၍

"အရှင်မင်းကြီ ကျီးအဆီနဲ့ ဆေးကုဖို့ ဆိုတာ ဘယ်ဆေးကျမ်းမှာမှ မပါဝင်ပါ။ ပုရောဟိတ်ကြီးက ကျီးများကို ရန်အငြိုးထားပြီး လျှောက်ထားတာ ဖြစ်ပါတယ်။ အမှန်တော့ ကျီးဆိုတဲ့ အမျိုးဟာ အဆီ ရှာမရတဲ့ သတ္တဝါသာ ဖြစ်ပါတယ် ဘုရား" ဟု လျှောက်တင်လေသည်။

ထိုအခါ မင်းကြီးမှာ "အမောင်ရွှေကျီး ကျီးတွေမှာ ဘာကြောင့် အဆီ မရှိရပါသလဲ" မေးရာ ကျီးမင်းမှာ "အရှင်မင်းကြီး ကျီးဆိုတဲ့ အမျိုးဟာ လူတွေကို အနှောင့်အယှက် ပေးတတ်ကြ ပါတယ်။ ဒါကြောင့်လည်း သူတို့ကို လူတွေက မသဒ္ဓါ ကြပါဘူး။

မသဒ္ဓါရေ သဒ္ဓါရေစာများ စားနိုင်ရရေးအတွက် ကျီးများဟာ အမြဲတစေ အထိတ်တလန့်နဲ့ ကြိုးစားနေကြ ရပါတယ်။ ထို့ကြောင့် ကျီးတို့ စားလေသမျှ အစာဟာ အဆီ ဖြစ်မလာနိုင်ပါ ဘုရား" ဟု လျှောက်တင်လေသည်။

ထိုအခါ "အေး ကောင်းလှပြီ အမောင်ရွှေကျီး" ဟု ဆိုကာ ဗြဟ္မဒတ်မင်းကြီးသည် ကျီးဖမ်းဆီး ရှာဖွေရေး လုပ်ငန်းကြီး တခုလုံးကို ရုတ်သိမ်းစေကာ ကျီးများကို ထူးထူးခြားခြား မြှောက်စား ဂုဏ်ပြုလေ တော့သည်။ ဒီမှာ ဇာတ်လမ်းလေးကို အဆုံးသတ်ရပါစေ ခင်ဗျာ

 ဒီဇာတ်လမ်းလေးထဲက အတိုင်း အများအကျိုးအတွက် ရဲဝံ့စွာ အနစ်နာခံ ကိုယ်ကျိုးစွန့် ကြိုးပမ်းဖို့ စာဖတ် ပရိသတ်ကြီးများကို တိုက်တွန်းလှုံ့ဆော် လိုက်ပါတယ်ဗျာ။ Cartoon Bakery

Post a Comment

0 Comments