တခါတုန်းက အလွန် ရက်စက် ကြမ်းကြုတ်တဲ ဘုရင်တပါး ရှိတယ်။ တရက် မှာတော့ ဘုရင်ကြီးဟာ ရုတ်တရက်ပဲ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တော့မယ်လို့ ပြောတယ်။
ရက်စက် ကြမ်းကြုတ်မှုတွေ မရှိစေရဘူး၊ မတရားမှုတွေ မရှိစေရဘူး လို့ပြည်သူလူထုကို ကတိပေး လိုက်တယ်။ သူပြောခဲ့သလိုပဲ ကတိတည်စွာ နေထိုင်ခဲ့တယ်။ ကြီးမြတ်သော တရားမျှတသော ဧကရာဇ် ဖြစ်လာခဲ့တယ်။
ပြောင်းလဲခဲ့ပြီး လအတန် ကြာတော့ ဝန်ကြီးတဦးဟာ အဘယ်ကြောင့် ဘုရင်ကြီးရဲ့ စိတ်ထား ပြောင်းလဲ သွားရတာလဲ ဆိုတာကို မေးရဲလာ ခဲ့တယ်။ ဘုရင်ကြီး ပြန်ဖြေတာက
"ငါ တောနက်ထဲကို မြင်းကစုန်ပေါက် စီးပြီး ဝင်သွားတုန်းက မြေခွေး တကောင်ကို အမဲလိုက်ခွေး တကောင်က လိုက်ဖမ်းနေတာ တွေ့လိုက်တယ်။
မြေခွေးဟာ သူ့ရဲ့ မြေတွင်းထဲ ပြေးဝင် လွတ်မြောက် သွားတယ်။ ဒါပေမယ့် သူ့ခြေထောက် ကတော့ အမဲလိုက်ခွေးရဲ့ အကိုက် ခံလိုက်ရလို့ တသက်လုံး ခြေဆာနေ တော့မှာ။
ငါ သွားရင်းနဲ့ ရွာတရွာ ရောက်တော့ ခုနက အမဲလိုက်ခွေးက လူတယောက်ကို ဟောင်နေတာ တွေ့လိုက်တယ်။ အဲ့ဒီလူက ဒေါသထွက်ပြီး ကျောက်ခဲကြီးနဲ့ ပေါက်လိုက်တာ ခွေးခြေထောက် ကျိုးသွားတယ်။
ဘေးနားမှာ ရှိတဲ့ မြင်းက လန့်ပြီး ကန်လိုက်တာ ခုနက လူရဲ့ ဒူးထိသွားပြီး ဒူးရိုးကျိုးပြီး လဲကျ သွားတယ်။ သူလည်း တဘဝလုံး မသန်စွမ်း ဖြစ်တော့မှာပဲ။
မြင်းကလည်း ကန်ပြီး လန့်ပြေးတော့ တွင်းပေါက် တခုထဲ ခြေထောက် ဝင်သွားပြီး ခြေထောက် ကျိုးသွားတယ်။ အားလုံးကို ဆက်စပ် စဉ်းစားလိုက်ရင် သံသရာ လည်တာပါပဲ။
ငါ အရင်အတိုင်း ရက်စက် ကြမ်းကြုတ်မှုတွေ လုပ်နေရင်၊ မတရားမှုတွေ လုပ်နေရင် ငါလည်း ပြန်ခံရမှာပဲ ဆိုတာ သဘောပေါက် သွားတယ်။ ဒါကြောင့် ပြောင်းလဲဖို့ ဆုံးဖြတ် လိုက်တာ"
ဝန်ကြီးလည်း ဒီအချိန်ဟာ ဘုရင်ကို နန်းချပြီး ကိုယ်တိုင် ဘုရင် လုပ်ရမယ့် အချိန်ဟု ယုံကြည်ပြီး ပြန်လာ ခဲ့တယ်။ သူစဉ်းစားရင်းနဲ့ ပြန်လာတော့ ရှေ့က အဆင်း လှေခါးထစ်တွေကို မမြင်တော့ပဲ လိမ့်ကျသွားကာ ဇက်ကျိုး သွားပါတော့တယ်။
ကိုယ်ပြုသောကံ ကိုယ့်ထံ ပြန်လာပါသည်။ သံသရာ လည်တတ် ပါသည်။ ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မည်။ မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်ပါမည်။ Crd
0 Comments