အပေါင်းအသင်းမှားသူ

တခါတုန်းက လှပတဲ့ ကြိုးကြာငှက်ကလေး တကောင် ရှိခဲ့ပါတယ်။ တနေ့မှာ အဲဒီကြိုးကြာ လေးဟာ ဗျိုင်းတကောင်နဲ့ မိတ်ဆွေ ဖြစ်သွားပါတယ်။ မိတ်ဆွေ ဖြစ်သွားပြီး မိနစ်ပိုင်းမှာ ဗျိုင်းက ကြိုးကြားကို ဒီလို ပြောခဲ့ပါတယ်။

"အို အဆွေကြိုးကြာ၊ သင့် စားရေးသောက်ရေး ပြေလည်ပါရဲ့လား" လို့ မေးတော့ ကြိုးကြာက "ပြေလည်ပါတယ် မိတ်ဆွေ" လို့ပြန်ဖြေလိုက် ပါတယ်။ အဲဒီတော့ ဗျိုင်းက ဆက်ပြော ပါတယ်။

"အိုအဆွေကြိုးကြာ၊ ယခုအခါ သင်သည် ကျွန်ပ်၏ မိတ်ဆွေ ဖြစ်ပြီမို့ ကျွန်ုပ်တို့ စားနေရာ နေရာကို သင့်ကို ပြလိုပါတယ်။ ထိုနေရာတွင် အစားအသောက်တို့ ပေါများလှပါတယ်" လို့ ပြောတယ်။

ထိုအခါ ကြိုးကြာက "မလိုက်လိုပါ မိတ်ဆွေ။ ဒီနေရာမှာဘဲ နေလိုပါတယ်။ ဒီနေရာဟာ ဘေးကင်းပြီး အေးချမ်းပါတယ်" လို့ပြန်ပြော ပါတယ်။ အဲဒီအခါ ဗျိုင်းက

"သင် အတော် အ သေးတာဘဲ မိတ်ဆွေ။ ကျွန်ုပ်တို့ ညနေတိုင်း စားနေသည်မှာ ဘာမျှမဖြစ်တာသာ ကြည့်ပါ။ လိုက်ကြည့်ပြီး မကြိုက်လျှင် နောင်မလာဘဲ နေလိုက နေနိုင်ပါတယ်။

ဒီနေ့တော့ လိုက်ကြည့်ပါ။ နောက်နေ့မှ သင့်ကို သီးခြား လိုက်ပြဘို့ အချိန်မရှိပါ။ တော်ကြာနေလျှင် ကျွန်ုပ်တို့၏ မိတ်ဆွေများ ထိုနေရာသို့ သွားကြတော့မည်။ သင်လိုက်လိုလျှင် တပါတည်း လိုက်ခဲ့ပါ"

လို့ လှောင်သလိုလို၊ အထင်သေး သလိုလို၊ ကူညီသလိုလို လေသံနဲ့ ထပ်ပြောလာ ပြန်ပါတယ်။ အဲဒါနဲ့ ကြိုးကြာလေးလည်း ဗျိုင်းတွေနဲ့ အတူ လိုက်ပါသွားခဲ့ ပါတယ်။

လယ်သမားဟာ သူ့ယာခင်းထဲမှာ သူစိုက်ထားတဲ့ အစေ့တွေကို ဗျိုင်းတွေ ညနေတိုင်း လာလာ စားနေတာမို့ ကြာတော့ စိတ်တိုလာပြီး အဲဒီ ညနေက ပိုက်ကွင်းကြီး တခု ထောင်ထား သတဲ့ကွယ်။ ဒီငှက်တွေ စိုက်ခင်းထဲ နားလိုက်တာနဲ့ တပြိုင်နက် အားလုံးအဲဒီ ပိုက်ကွန်ထဲမှာ မိကြပါလေရော။ ကြိုးကြာဟာ ဗျိုင်းကို ချက်ချင်း အပြစ်တင်တော့တာ ပါဘဲကွယ်။

"မင်းပြောတုန်းက စိတ်ချရတယ်ဆို" လို့ ပြောတော့ ကျန်ဗျိုင်းတွေက ကြိုးကြာကို ဝိုင်းလှောင်ရယ် ကြပါတယ်။ ဗျိုင်းကလည်းချက်ချင်းဘဲ ပြန်ပက်ပါတယ်။

"မင်းသဘောနဲ့ မင်းလိုက်လာတာ။ မင်းကို ဘယ်သူမှ အတင်း ခေါ်လာတာ မဟုတ်ဘူး" ဆိုတော့ကြိုးကြာလည်း ဘာမှ ပြန်မပြောနိုင်တော့ ပါဘူးကွယ်။

မကြာခင် လယ်သမားကြီး ရောက်လာပြီး ဗျိုင်းတွေရဲ့ ခေါင်းကို တုတ်ကြီး တချောင်းနဲ့ လိုက်ပြီး ရိုက်သတ် ပါတော့တယ်။ လယ်သမားကြီး သူ့အနားကို ရောက်လာတော့ ကြိုးကြာက မျက်ရည်စတွေနဲ့ လယ်သမားကြီးကို ဒီလို တောင်းပန် ပါတယ်။

"ကျွန်တော့ကို လွှတ်ပေးပါ ခင်ဗျာ။ ကျွန်တော် နောက် ဘယ်တော့မှ ပြန်မလာပါဘူး။ ကျွန်တော်ဟာ ကြိုးကြာမျိုးပါ။ မြင့်မြတ်တဲ့ အမျိုးထဲ ကပါ။ ဗျိုင်းက ခေါ်လာလို့ ပထမဆုံး အကြိမ်အဖြစ် လိုက်လာမိ တာပါ" လို့ မျက်ရည်တွေနဲ့ တောင်းပန် ပါတယ်။

လယ်သမားကြီးက "ဟေ့ မင်းကြိုးကြာတွေ ကရဝိက်တွေ ငါ စိတ်မဝင်စား ဘူးကွ။ မင်းကို သူခိုးတွေနဲ့ အတူ မိတာ။ မင်းလည်းသူခိုးဘဲ။ သူတို့နဲ့ အတူတူ အပြစ်ဒါဏ် ခံရမှာဘဲ" ဆိုပြီး ကြိုးကြာကို ရိုက်ထည့်လိုက်တာ ကြိုးကြာလေး သေပွဲဝင်ခဲ့ရ ပါတယ်ကွယ်။

ပုံပြင်လေးက ဒါပါဘဲ။ ဒီပုံပြင် ကနေ သင်ခန်းစာ ဘယ်နှစ်ခု ရသလဲကွယ်။ နောင်တ ဆိုတာ ဘယ်တော့မှ ကောင်းတဲ့ အရာမဟုတ်ဘူး။ ဒါကြောင့် နောင်တရမဲ့ အလုပ်မျိုးကို သတိထား ရှောင်သင့်ပါတယ်။ ဒီပုံပြင်ရဲ့ အဓိက သင်ခန်းစာက ပိုလေးနက် ပါတယ်။ "ပေါင်းတဲ့ အပေါင်းအသင်းကို ကြည့်ပြီး အဆုံးဖြတ် ခံရတယ်" တဲ့။

"ကြက်သွန်ဟာ ငရုတ်သီးနဲ့ သွားပေါင်းမိမှ ရောပြီး အထောင်း ခံရတယ်" တဲ့။ မကောင်းတဲ့ အပေါင်းအသင်းတွေကို စိတ်ညစ်ခံပြီး မပေါင်းပါနဲ့။ တသက်လုံး စိတ်ညစ်ရတတ် ပါတယ်။ မတန်ပါဘူး။

ကြိုးကြာလေးဆို ပထမဆုံး ပေါင်းမိတဲ့နေ့ မှာဘဲ ဗျိုင်းတွေနဲ့ အတူရောပြီး အသက်ဆုံးခဲ့ရတာ ဘယ်လောက် ရင်နာစရာ ကောင်းပါသလဲ။ နောက် မြန်မာစကားပုံ တခုလည်း ရှိပါသေးတယ်။ "ကြာကြာဝါးမဲ့သွား အရိုး ကြည့်ရှောင်" တဲ့။ phoomyatchal

Post a Comment

0 Comments