ကမ္ဘာကြီးဟာ မှန်ကြီး တချပ်ပါ

တခါတုန်းက ဘုရင်ကြီးတပါးဟာ နန်းတော်ကြီး တခုကို ဆောက်ခိုင်း လိုက်တယ်။ နန်းတော်ကြီးဟာ လှပခမ်းနား ကြီးကျယ်လွန်း လှပါတယ်။

နန်းတော်ကြီးရဲ့ တနေရာမှာ ခန်းမကျယ်ကြီး တခုကိုလည်း ထူးဆန်းအောင် လုပ်ထားတယ်။ အဲဒါက ခန်းမကြီးရဲ့ နံရံလေးဘက်၊ မျက်နှာကျက်၊ တံခါးပေါက်တွေ၊ ကြမ်းပြင်အားလုံးကို အင်မတန် ကြည်လင်တဲ့ မှန်ချပ်တွေနဲ့ ကာ ထားတယ်။

မှန်တွေဟာ ကြည်လွန်းလို့ ခန်းမထဲကို ရောက်လာသူဟာ မှန်တွေနဲ့ ကာထားမှန်းတောင် မသိကြဘူး။ နောက်ပြီး ခန်းမထဲမှာ စကားပြောလိုက်ရင် အော်လိုက်ရင် ကျယ်လောင်တဲ့ ပဲ့တင်သံတွေ ပေါ်ထွက်အောင်လည်း လုပ်ထား ပါသေးတယ်။

တရက်မှာ နန်းတော်ထဲမှာ မွေးထားတဲ့ ခွေးတကောင်ဟာ ခန်းမကြီးရဲ့ ဟနေတဲ့ တံခါးပေါက် ကနေ တိုးဝင်ပြီး အထဲကို ရောက်လာတယ်။ ခွေးဟာ အထဲ ရောက်တာနဲ့ တံခါးဟာ ပြန်ပိတ်သွားလို့ အပြင်ကို ပြန်ထွက်လို့ မရတော့ဘူး။

ခွေးဟာ မှန်ခန်းကြီးရဲ့ အလယ်ခေါင်ကို ရောက်လာတဲ့အခါ သူ့ကို အပေါ် အောက် ဘေးပတ်ပတ်လည်တွေမှာ ခွေးတွေ အများကြီး ဝိုင်းနေတာကို တွေ့လိုက်ရတယ်။ အမှန်က မှန်တွေမှာ ပေါ်နေတဲ့ သူ့ရုပ်ပုံတွေ ဆိုတာကို ခွေးက နားမလည် ရှာဘူး။

ခွေးက သွားတွေ ဖြဲပြီး မာန်ဖီ လိုက်တယ်။ ပတ်ပတ်လည်မှ ခွေးတွေကလည်း သူ့ကိုပြန်ပြီး မာန်ဖီပြတယ်။ ခွေးဟာ ကြောက်လာလို့ ဟောင်လိုက်တယ်။ ပတ်ပတ်လည်က ခွေးတွေ ကလည်း သူ့ကို ပြန်ဟောင် ကြတယ်။

သူက ပိုပြီး ကျယ်တဲ့ အသံနဲ့ ဟောင်ပြန်တယ်။ ခွေးတွေက အဲဒီထက် ပိုကျယ်တဲ့ အသံတွေနဲ့ သူ့ကို ပြန်ဟောင် ကြတာပေါ့။ ဒါပေမယ့် ခွေးဟာ ပဲ့တင်သံ ဆိုတာကို နားမလည် ရှာဘူးလေ။

အဲဒါနဲ့ ခွေးဟာ ပတ်ပတ်လည်က ခွေးတွေထဲက တကောင်ကို ကိုက်ဖို့ အနားကပ် လိုက်တဲ့အခါ ခွေးတွေ အားလုံးကလည်း သူ့ကို ကိုက်ဖို့ ပြေးလာ ကြတယ်။ အဲဒီနောက်မှာတော့ ....

နောက်တနေ့ မနက်မှာ ခွေးပျောက်လို့ လိုက်ရှာနေကြတဲ့ အစောင့်တွေဟာ သူတို့ရှာနေတဲ့ ခွေးကို ခန်းမကြီးထဲမှာ တွေ့လိုက်ရတယ်။ ခွေးဟာ အသက်မရှိတော့ဘဲ ကြမ်းပြင်ပေါ်မှာ လဲကျပြီး သေဆုံးနေ ပါတယ်။

အဲဒီခွေးရဲ့ ဘေးပတ်ပတ်လည် မှာလည်း သေဆုံးနေတဲ့ ခွေးတွေရဲ့ ပုံရိပ်တွေကို မြင်ကြရတယ်။ ဒါဟာ ဘာကို ပြသလဲ ဆိုတော့ ကျမတို့ နေထိုင်လျက်ရှိတဲ့ ကမ္ဘာကြီးဟာ သက်မဲ့ပါ၊ ကောင်းတာလည်း မလုပ်တတ်သလို ဆိုးတာလည်း မလုပ်တတ် ပါဘူး။

ဒါပေမဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေကြတာတွေ အားလုံးဟာ ကျနော်တို့ရဲ့ အတွေး စိတ်ကူးတွေ၊ ခံစားချက်တွေ၊ ဆန္ဒတွေ၊ ပြုမူပုံတွေရဲ့ ရောင်ပြန်ဟပ် နေတာပါ။

သင့် အဆိုးအကောင်းပေါ် မူတည်ပြီး ကမ္ဘာကြီးက ပြောင်းလဲနေပါတယ်။ တကယ်တော့ ကမ္ဘာကြီးဟာ မှန်ချပ်ကြီး တခုပါ။ The World Is A Big Mirror ဆိုတဲ့ စာပုဒ်လေးကို ပြန်လည် ရေးသားထားတာပါ။ phoomyatchal

Post a Comment

0 Comments