တခါကပေါ့။ ကောင်မလေး တယောက်က သူ့မိခင်ဆီ သွားပြီး သူမဘဝ အကြောင်း၊ အရာအားလုံးဟာ သူမအတွက် ခက်ခဲပြီး ပြဿနာမျိုးစုံ ကြုံတွေ့နေရကြောင်း သွားပြော ခဲ့တယ်။
ဘယ်လို ဖြေရှင်းရမှန်း မသိခဲ့သလို အခုအချိန်မှာ အရာရာကို အရှုံးပေးချင်နေပြီလို့ ကောင်မလေးက မိခင်ကို ပြောဆိုခဲ့တယ်။
အခုအချိန်မှာ ကောင်မလေးဟာ တိုက်ခိုက် ရန်မူလိုစိတ်နဲ့ ရုန်းကန် လှုပ်ရှားလိုစိတ် တွေသာ ပြည့်နေခဲ့တယ်။ ပြဿနာ တခုဖြေရှင်းလို့ မပြီးခင်မှာပဲ နောက်ပြဿနာ တခုက သူမကို အသင့်စောင့်ပြီး ကြိုနေခဲ့တယ်။ သူမ မိခင်က အဲဒီအကြောင်းတွေ ကြားရတဲ့အခါ ကောင်မလေးကို မီးဖိုချောင်ထဲ ခေါ်ဆောင်သွား ခဲ့တယ်။
မိခင်က အိုးသုံးလုံး ထဲမှာ ရေထည့်ပြီး မီးပြင်းပြင်း အပေါ်မှာ တင်လိုက်တယ်။ မကြာခင်မှာ အိုးတွေက ဆူပွက်လာ ခဲ့တယ်။ ပထမဆုံး အိုးမှာ မိခင်က မုန်လာဥတွေ ထည့်လိုက်တယ်။ ဒုတိယအိုးမှာ ကြက်ဥတွေ ထည့်လိုက်တယ်။ နောက်ဆုံး တတိယအိုးမှာတော့ ကော်ဖီစေ့တွေ ထည့်လိုက်တယ်။
ပြီးတော့ အိုး၃ အိုး စလုံး ဆူပွက်နေတဲ့အထိ သူမ မိခင်က ကောင်မလေးကို ဘာစကားမှ မပြောစေပဲ ထိုင်ကြည့်နေ စေခဲ့တယ်။ မိနစ် ၂၀ လောက် ကြာပြီးတဲ့ အခါ မီးဖိုတွေကို ပိတ်ပစ်လိုက်တယ်။
မုန်လာဥတွေကို ဆယ်ယူပြီး ပန်းကုန်လုံး အလွတ် တခုထဲထည့်တယ်။ ကြက်ဥတွေ ကိုလည်း အပြင်ကို ဆယ်ထုတ် လိုက်တယ်။ ပြီးတော့ ပန်းကန်လုံး အလွတ်ထဲ ထည့်တယ်။
ဟင်းခတ်တဲ့ ယောက်ချိုဇွန်းနဲ့ ကော်ဖီတွေကို ဆယ်ယူပြီး ပန်းကန်လုံးထဲ ထည့်လိုက်တယ်။ ပြီးတော့ မိခင်က သမီးဖြစ်သူ ကောင်မလေးဖက် လှည့်ပြီး မေးလိုက်တယ်။
"သမီး ဘာမြင်လဲ မေမေ့ကိုပြော"
"မုန်လာဥ၊ ကြက်ဥနဲ့ ကော်ဖီ" လို့ ကောင်မလေးပြန်ဖြေတယ်။ မိခင်က ကောင်မလေးကို နီးကပ်စွာ ခေါ်ယူလိုက်ပြီး မုန်လာဥတွေကို ကိုင်ကြည့်ဖို့ ပြောတယ်။
ကောင်မလေးက ကိုင်ကြည့်ပြီး ပျော့ပျောင်းနေတယ် ဆိုတာ ခံစားမိ လိုက်တယ်။ ပြီးတော့ မိခင်က ကောင်မလေးကို ကြက်ဥကို ကိုင်ခိုင်းပြီး ခွာခိုင်းတယ်။ အခွံကို ခွာပြီးတဲ့အခါ ပြုတ်ထားတဲ့ မာကြောသော ကြက်ဥကို တွေ့လိုက်တယ်။
နောက်ဆုံး မိခင်က ကော်ဖီကို တငုံလောက် သောက်ဖို့ ပြောခဲ့တယ်။ ကောင်မလေးက ပြုံးပြီး ကော်ဖီကို စမ်းသပ်ပြီး သောက်တဲ့အခါ မွှေးကြိုင်တဲ့ ရနံ့တွေ ရှိတယ်ဆိုတာ သတိပြုမိ ခဲ့တယ်။
ကောင်မလေးက မိခင်ကို မေးတယ်။ "အဲဒါ ဘာကို ဆိုလိုတာလဲဟင် အမေ" မိခင်က အဲဒီပစ္စည်းသုံးမျိုးကို လက်ရှိ အရှိတရားပေါ် မူတည်ပြီး ရှင်းပြခဲ့တယ်။ "ဒီအရာ ၃ ခုလုံးက ဆူပွက်နေတဲ့ ရေမှာ ဓါတ်ပြုခဲ့တာခြင်း အတူတူ ပါပဲ။ ဒါပေမယ့် မတူညီသော ဖြစ်စဉ် ဓါတ်ပြုခြင်း (Reaction ) တွေ ဖြစ်ခဲ့တယ်။
မုန်လာဥရဲ့ နဂို ဂုဏ်သတ္တိဟာ သန်မာတယ်၊ မာကြောတယ်၊ အလွယ်တကူ မကျိုးနိုင်ဘူး။ ဒါပေမယ့် ဆူပွက်နေတဲ့ ရေနဲ့ ထိတွေ့လိုက်တဲ့အခါ ပျော့ပြောင်းလာပြီး အားနည်း လာတယ်။
ကြက်ဥကတော့ ကွဲအက် လွယ်တယ်။ သူ့အတွင်းမှာ အရည်တွေနဲ့ဖွဲ့စည်းထားတဲ့ အပြင် အလွှာပါးလေး ရှိတယ်။ ဒါပေမယ့် ဆူပွက်နေတဲ့ ရေမှာ ထည့်ပြီး ပြုတ်လိုက်တဲ့အခါ အတွင်းပိုင်းဟာ မာကျောလာ ခဲ့တယ်။
ဒါပေမယ့်လည်း မြေကြီးပေါ်က ရတဲ့ ကော်ဖီစေ့တွေ ကတော့ အတုယူဖွယ်ရာပါပဲ။ ဆူပွက်နေတဲ့ ရေထဲ ထည့်ပြီးတဲ့ အခါ သူတို့ဟာ အဲဒီရေကို မွှေးကြိုင်တဲ့ ကော်ဖီရည် အဖြစ် ပြောင်းလဲနိုင် ခဲ့တယ်။ ကဲ သမီးကရော ဘယ်လို လူမျိုးလဲကွယ်" လို့ မိခင်က သမီးကို မေးခဲ့တယ်။
မိတ်ဆွေတို့ရော တွေးဖူးကြလား။ မုန်လာဥလို လူလား၊ ကြက်ဥလို လူလား၊ ကော်ဖီစေ့လို လူလား။ ပြဿနာတွေ အခက်အခဲတွေနဲ့ ဘဝမှာ ကြုံတွေ့နေရတဲ့ လောကဓံတွေကို ကျနော်တို့က ဆူပွက်နေတဲ့ ရေတွေ အဖြစ် မှတ်ယူကြပါစို့။
ကိုယ်ဟာ နဂိုကတည်းက စိတ်ဓါတ် မာကျောသူ အလွယ်တကူ အရှုံးမပေးသူ ဖြစ်ပေမယ့် ဒီလို ပြဿနာတွေ အခက်အခဲတွေနဲ့ ကြုံတွေ့တဲ့အခါ မုန်လာဥလိုမျိုး ပျော့ပြောင်းသွား မှာလား။ အလွယ်တကူ ဆူပွက်နေတဲ့ ရေရဲ့ ဓါတ်ပြုခြင်းကို ခံလိုက်ပြီး ကိုယ့်ရဲ့ ဂုဏ်သတ္တိကို ပျက်ပြယ်စေမှာလား။
ဒါမှမဟုတ် ကိုယ်ဟာ ကြက်ဥတလုံး ဖြစ်တယ် ဆိုပါစို့။ နဂိုကတည်းက ကိုယ့်အတွင်းစိတ်ဟာ ပျော့ပြောင်းတယ်၊ နူးညံ့တယ် ဒါပေမယ့် အခက်အခဲ ပြဿနာပေါင်းစုံနဲ့ ကြုံတွေ့လာတဲ့အခါ ကိုယ့်အတွင်းစိတ်ဟာ အဲဒီလောကဓံ တွေကြောင့် မာကျော ခံစေမှာလား။ ရိုင်းစိုင်း ကြမ်းကြုတ်စေမှာလား။
ကဲ ကိုယ်ဟာ ကော်ဖီစေ့လေးလို ကျင့်ကြံမလား။ ဘယ်လိုပဲ ခက်ခဲတဲ့ လောကဓံနဲ့ ပြဿနာတွေနဲ့ ကြုံတွေ့နေ ပါစေ အဲဒီပြဿနာတွေကို အကောင်းဆုံး နစ်မျောပျော်ဝင်လို့ မွှေးကြိုင်တဲ့ ရနံ့တွေနဲ့ ကော်ဖီရည်လေး ဖြစ်အောင် စွမ်းဆောင်နိုင် ရမယ်။
ဘယ်လောက်ပဲ ဆူပွက်နေတဲ့ ရေဖြစ်ပါစေ ကိုယ့်နဲ့ တွေ့ တဲ့အခါ မွှေးကြိုင်တဲ့ ရနံ့လေးနဲ့ အရသာ ရှိတဲ့ ကော်ဖီရည်လေး ဖြစ်အောင်သာ စွမ်းဆောင်ကြပါစို့။
ဒါကြောင့် အခက်အခဲ ပြဿနာ ပေါင်းစုံနဲ့ လောကဓံရဲ့ ရိုက်ပုတ်မှုတွေ ကြုံလာရတဲ့အခါ (၁) ကိုယ်ဟာ အားပျော့သွားသူ အရှုံးပေးသွားသူ မဖြစ်ရဘူး (၂) ကိုယ်ဟာ ရိုင်းစိုင်းသွားသူ မာကြောခက်ထန်သွားသူ မဖြစ်ရဘူး (၃) အရာရာကို အကောင်းဆုံးဖြေရှင်းလို့ မွှေးကြိုင်တဲ့ ကော်ဖီရနံ့ အရသာလေး ထွက်ပေါ်လာနိုင်အောင် ကြိုးစားနေထိုင် ကြပါစို့။ သက်တန့်ချို
0 Comments