တခါတုန်းက ရွာတရွာမှာ ရုပ်ရည်လည်း ချောမောသလို အလွန် လိမ္မာပါးနပ်တဲ့ မိန်းမပျိုလေး တဦးရှိတယ်။ သူမရဲ့ အကျင့်သိက္ခာနဲ့ ဣန္ဒြေရှိတဲ့ သတင်းကြောင့် အနယ်နယ် အရပ်ရပ်ရှိ လူပျိုကာလသား တွေက သူမ အိမ်ကို လာလည်လေ့ ရှိတယ်။
ဒါပေမယ့် မိန်းကလေး ကတော့ သူ့ဆီ လာလည်တဲ့ လူပျိုလေးတွေကို သူလိုချင်တဲ့ အရည်အချင်းနဲ့ အကျင့်သိက္ခာတွေ မတွေ့ရင် လိမ္မာပါးနပ်စွာနဲ့ ငြင်းပယ်လိုက်တာ ချည်းပဲတဲ့။
တခါတော့ ရုပ်ရည် အပြောအဆို အနေအထိုင် ဟန်ပန်တွေ ကမှ အစ အားလုံးလိုလို တူညီနေတဲ့ တရပ်တကျေးက လူပျို ၄ ယောက်ဟာ သူမထံ လာပြီး မေတ္တာ တောင်းခံကြတယ်။
ဒီအခါမှာ သူမဟာ အရွေးရ ခက်သွားတယ်။ သူတို့ ၄ ဦးထဲက တဦးဦးကို ရွေချယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ဘယ်သူ့ကို ရွေးရမယ်မှန်း မသိတာနဲ့ "မောင်ကြီးတို့ အေးအေးဆေးဆေး စကားပြောကြ ပါဦးရှင်" လို့ ဆိုပြီး
ချည်ငင်တဲ့ ချားကို ထုတ်လာပြီး လေးယောက်စလုံးရဲ့ ရှေမှာ သူတို့နဲ့ အတူ လက်ခံ စကားပြောရင်း ချည်ငင်နေလိုက်တယ်။ လူပျိုလေးဦးဟာ လိုရင်းစကားကို မပြောနိုင်ကြဘဲ ဟိုရောက်သည်ရောက် စကားတွေ ပြောနေကြသတဲ့။
ဒီလိုနဲ့ သန်းခေါင်ကျော် ကြက်ဦးတွန်ချိန် ရောက်လာတယ်။ အချိန်ကုန်ပြီ ဖြစ်ပေမယ့် လူပျိုလေးယောက် စလုံးဟာ ဘယ်သူကမှ ထမပြန်ဘဲ ဇွဲကောင်းကောင်းနဲ့ ထိုင်နေတုန်းပဲ။
သူတို့ရဲ့ စိတ်ထဲမှာတော့ အရင် ထပြန်တဲ့သူဟာ ဇွဲမရှိဘူး လို့ မိန်းကလေးက ထင်သွားမှာ စိုးလို့ တဦးနဲ့ တဦး အရိပ်အကဲ ကြည့်ပြီး ပေကပ်နေကြသတဲ့။ ပြောနေကြတဲ့ စကားတွေကလဲ ကုန်သလိုဖြစ်ပြီး ခပ်ထိုင်းထိုင်း ခပ်အေးအေး ဖြစ်နေကြတယ်
အဲဒီအချိန်မှာပဲ အပျိုလေးရဲ့ အိမ်က ကြက်ဖကြီးက ထ တွန်ပါလေရော။ ပြောစရာ ရှာမရ ဖြစ်နေကြတဲ့ လူပျိုလေးယောက်ထဲက ပထမ တယောက်က "ဒီအချိန်ကတော့ ဒီလို လမိုက်ပုံလေး နဲ့တော့ သူခိုးတွေ ခိုးလို့ ကောင်းတဲ့ အချိန်ပဲ" လို့ ပြောလိုက်တယ်။
ဒုတိယတယောက်က "ဟုတ်ပေတယ် ထန်းတက်သမား တွေလည်း ဒီအချိန်လောက်က ထပြီး လုပ်စရာ ကိုင်စရာ ပြင်စရာ ဆင်စရာတွေ ပြင်ဆင်ကြမယ့် အချိန်ပဲ" လို့ ပြောလိုက်တယ်။
ဒီအချိန်မှာ မိန်းမပျိုလေးက သူတို့ ဇာတိသဘောကို သိဖို့ သေချာ နားစွံ့နေတာ လူပျိုလေးတို့ သတိမထားမိ ကြပါဘူး။ တတိယတယောက်က "သမုဒ္ဒရာ ဝမ်းတထွာ ဆိုတဲ့ အတိုင်း အခုလို သန်းခေါင်ကျော် ရေတက် ဦးကလေးမှာ ပိုက်တန်းချဖို့ ထွက်ရမယ့် လှေ၊ တက် ပြင်ဆင်ချိန်ပဲ" လို့ ပြောပြန်တယ်။
နောက်ဆုံးတယောက်ကတော့ "အလုပ် ဆိုတာ ကတော့ ကိုယ့်အလုပ်နဲ့ ကိုယ်ကျွမ်းကျင်ရာ လုပ်ကြရတာပဲ။ စီးပွား အရှာကောင်းသူတွေ ဆိုရင် တရေးနိုး ဒီအချိန်က ထပြီး စီးပွားရေး အတွက် အကြံသစ် ဉာဏ်သစ်တွေ ထုတ်တဲ့ အချိန်မျိုးတောင် ရောက်ပြီ" လို့ ပြောလိုက်တယ်။
ဒီလို စကားမရှိ စကားရှာပြီး အမှတ်တမဲ့ ပြောလိုက်တဲ့ လူပျိုလေးတွေရဲ့ စကားကို မိန်မပျိုလေးက သေချာ မှတ်ထားလိုက်ပြီး "ဟုတ်ပါရဲ့ ကျမလည်း ညဉ့်နက်လို့ အလုပ်သိမ်းဖို့ အချိန်ရောက်ပြီ" လို့ပြောရင်း
ဧည့်ခံစကား ပြောနေတာကို ရပ်လိုက်တဲ့ သဘောနဲ့ ချည်တွေကို သိမ်းလိုက်တယ်။ လူပျိုလေး လေးယောက်ဟာ အသီးသီး နှုတ်ဆက်ပြီး ပြန်သွားကြတယ်။
သူတို့ ပြန်သွားပြီးနောက် မိန်းမပျိုလေးဟာ သူတို့စကားတွေကို စကားထဲက ဇာတိပြ ဆိုတဲ့ သဘောအတိုင်း ခွဲထုတ် စိစစ်ကြည့်လိုက်တဲ့အခါ ပထမလူကို သူခိုးသားသမီး (သို့) သူခိုးနဲ့ အဆက်အသွယ် ရှိတဲ့သူလို့ မှတ်ချက် ချလိုက်တယ်။ ဒုတိယလူကို ထန်းသမားမျိုးနွယ် အဆက်အသွယ် ရှိသူလို့ မှတ်ချက်ချတယ်။ တတိယလူကို တံငါမျိုးနွယ်။
စတုတ္ထလူ ကိုတော့ ဉာဏ်လုံ့လ ထုတ်ပြီး ဥစ္စာပစ္စည်း အရှာကောင်းသူ၊ ဒါမှမဟုတ် အဲ့ဒီလိုလူတွေနဲ့ နီးစပ်တဲ့သူ စီးပွားဖြစ်ရေး အကြံအစည် ရှိတဲ့သူလို့ မှတ်ချက် ချလိုက်တယ်။ နောက်မကြာခင်မှာပဲ မိန်းမပျိုလေးဟာ စတုတ္ထ လူပျိုလေးရဲ့ မေတ္တာကို လက်ခံပြီး လက်ထပ်လိုက်သတဲ့ ကွယ်။
ပုံပြင်လေးကတော့ ဒါပါပဲ။ စာအုပ်တအုပ်မှာ ဖတ်ခဲ့ဖူးတယ်။ သူဌေးတယောက်က သူ့ကုမ္ပဏီမှာ အလုပ်ခန့်ဖို့ လူရွေးတော့ အလုပ် လာလျှောက်တဲ့ သူကို အင်တာဗျူးတွေ ဘာတွေ ညာတွေ လုပ်မနေဘဲ သူကို စားသောက်ဆိုင်ကို ခေါ်သွားပြီး ထမင်းလိုက်ကျွေးရင်း စကားတွေ အများကြီး ပြောစေသတဲ့။ အဲ့ဒီအချိန်မှာ အလုပ်လာလျှောက်သူရဲ့ စကားတွေကို အကဲဖြတ်ပြီး အလုပ်ခန့်သင့် မခန့်သင့် ဆုံးဖြတ်သတဲ့။
"စကား စကား ပြောပါများ စကားထဲက ဇာတိပြ" ဆိုတဲ့အတိုင်း စာဖတ်သူတို့လည်း စကားကောင်းများ ပြောဆိုနိုင်ဖို့ အလုပ်ကောင်းနှင့် မိတ်ကောင်းများကို ရွေးချယ် နိုင်ပါစေကြောင်း ဆန္ဒပြုရင်း။ phoomyatchal
0 Comments