မိန်းမနေရာကို ဝင်ကြည့်ပါ

အဝတ်လျှော်တာ မိန်းမတွေ တာဝန်၊ ပန်းကန်ဆေးတာ မိန်းမတွေ တာဝန်၊ ထမင်းအိုး တည်တာ မိန်းမတွေ တာဝန်၊ ဟင်းချက်တာလည်း မိန်းမတွေ တာဝန်၊ မီးပူတိုက်လည်း မိန်းမတွေ တာဝန်။ ကလေး ရလာတယ်။ ကိုယ်ဝန်ဆောင်။

အဲ မွေးလာတော့လည်း နို့တိုက်ဖို့က မိန်းမတွေပဲ တာဝန် ထပ်ယူရတယ်။ ကိုယ်ဝန်ဆောင် ကာလလည်း နားရမယ် မထင်နဲ့နော် အပေါ်မှာ ရေးထားတာတွေ အကုန် လုပ်ရတယ်။ မလုပ်နိုင်လို့ မလုပ်တဲ့နေ့ အိမ်က ပွရှုပ်နေမယ် ထမင်း မစားရဘူးမှတ်။

နည်းနည်း စိတ်ကောင်းတဲ့ ယောကျာ်းက အပြင်စာ ဝယ်စားကြမယ်ကွာ ဆိုပြီး ဆိုင်က မှာစား၊ အဝတ်တွေ ပင်မင်း အပ်ပေးပေါ့။ ပြေလည်တဲ့ သူတွေက အိမ်အကူနဲ့ မိန်းမကို ထားတယ်ပေါ့။ ဘာတာဝန်မှ မကျေတဲ့ ယောကျာ်းတွေက ပိုပေါ ပါတယ်။

ကိုယ်ဝန်ဆောင်ရတာ ဘယ်လောက် ခက်သလဲ ဆိုတာ ဖရဲသီးကြီး ဗိုက်မှာ တိပ်နဲ့ ကပ်ထားကြည့်ကြ သိလိမ့်မယ်။ ၄ လလောက် တချိန်လုံး ကပ်ထားကြည့်လိုက်။

အိမ်သာသွားလဲ ကပ်ထား၊ ညအိပ်လည်း ကပ်ထားကြည့်။ ကလေးမွေးတော့ မထနိုင်ဘူး၊ အိပ်ရာထဲ ပက်လက်။ အဲ့အချိန် ကူမယ့်သူ အနား မရှိလို့ကတော့ သေပြီ ဆရာပဲ။

အိမ်အလုပ်လေး လုပ်ရတာများကွာ ဆိုတဲ့ စကားသံ ကြားရင် ပြောတဲ့သူ တရက်ပဲ လုပ်ကြည့်ဖို့ အကြံပေးတယ်။ အဝတ်လျှော်ရင် ဖြူအောင် လျှော်ဖို့တော့ လိုမယ်နော်။

ဟင်းလည်း စားကောင်းအောင်ချက် ကလေးလည်း မငိုစေနဲ့ တရက်ပဲ လုပ်ကြည့်။ နင့်တာဝန်ပဲ နင်လုပ်ရမှာပေါ့ ဆို ယောကျာ်းက နည်းနည်း ကူပေးလိုက်ရင် ချစ်လို့ပါ ဆိုပြီး ယူထားတဲ့ မိန်းမ သက်သာသွားမှာ တွေးမိကြ ပါရဲ့လား။

မိန်းမတွေ မပျင်းကြပါဘူး၊ ကလေးအမေတွေ ပိုဆိုးသေး။ မိခင်စိတ်နဲ့ သားသမီးအတွက် သန့်တာလေး ကျွေးချင် ဖြူပြီး သန့်နေလေးတဲ့ အဝတ်အစား ဝတ်စေချင်၊ သန့်ရှင်း တောက်ပြောင်နေတဲ့ အိမ်လေးမှာ ထားချင်လွန်းလို့ အရမ်း အပင်ပန်းခံတယ်။ ဒါကို ပျင်းတယ်လို့ ပြောဦးမှာလား။ သားသမီး အတွက်ဆိုတဲ့ စိတ်တခုနဲ့ ကို မပျင်းကြ ပါဘူး။

အဲဒီ ကျွန်တပိုင်း မိန်းမကြီးလည်း အသွေးအသားနဲ့ပဲ။ တခါတလေ လက်ဓားရှလို့ အဝတ် ရေမညစ်နိုင်ရင် ယောကျာ်းကို ရေညစ်ပေးဖို့ အကူအညီ တောင်းတဲ့အခါ နင့်ကိုငါ အထင်သေး လိုက်တာ ငါအထင်ကြီးအောင် နေစမ်း။ အဝတ် ရေညစ်တာကို ကပ်သပ် နေတယ်တဲ့။ ဖုန်းနဲ့ mobile legend တို့ pubg တို့ ခုတ်နေရင်း ယောကျာ်းလုပ်သူက ဖြေတယ်။

အဲ့လို ယောကျာ်းမျိုးတွေက မိန်းမတိုင်း လိုလို ပိုင်ဆိုင်နေကြသလား။ စိတ်ပူစရာပဲ။ တော်တော် တရားမမျှတဲ့ လောကကြီးနော်။ ထမင်းချက်၊ အဝတ်လျှော်၊ မီးပူတိုက်၊ အိမ်ကို ကြမ်းတိုက်၊ ပင့်ကူမျှင်ရှင်း၊ အိပ်ရာခင်းလဲ၊ စောင်လျှော်၊ အလုပ်တွေ အားလုံးကို မိန်းမတွေပဲ လုပ်ရမယ် ဆိုပြီး သတ်မှတ်တယ်။

ဟော ကိုယ်ဝန်ဆောင် တော့လည်း မိန်းမ၊ ကလေးမွေးပြီး နာကျင် ခံစားရတော့လည်း မိန်းမ၊ ကလေးနို့တိုက် ရတော့လည်း မိန်းမ၊ နို့တိုက်တာလည်းနော် ခန္ဓာကိုယ်က သွေးတွေ ကလေးဆီ ပေးနေရတာမျိုးလေ။

လူက အလုပ်ပင်ပန်း ကောင်းကောင်း မစားရပဲ နို့ပါ ထပ်တိုက်ရင်း ခေါင်းတွေ မူးလာပြီး နုန်းချိလာတဲ့ အထိ တချို့ အမေတွေ ခံစားရတာ ခံစားဖူးသူပဲ သိမယ်။

ယောကျာ်းတွေက ငွေရှာတယ်။ ငွေရှာရင်း တချို့က မယားငယ် ရှာတယ်။ တချို့က ပြဿနာပါ ရှာလာတယ်။ ဒီလောက် သနားစရာကောင်းတဲ့ ပင်ပန်းနေ ရှာတဲ့ မိန်းမကို မလှတော့ဘူး ပြောပြီး စိတ်ဒဏ်ရာ ထပ်ပေးတဲ့ ယောကျာ်းတွေလည်း ရှိသေးတယ်။ မိန်းမတွေကို စာနာပါ ညှာတာပါ၊ သနားကရုဏာ ထားပါ။

မိန်းမ (‌ဇနီးမယား) ဆိုတာ ကျွန်သီးသန့် မဟုတ်ဘူး။ လိင်ဖျော်ဖြေတဲ့ အရုပ်သီးသန့်လည်း မဟုတ်ဘူး။ ကလေးတွေရဲ့ သီးသန့် အထိန်းတော်ကြီးလည်း မဟုတ်ဘူး။ အဖေဖြစ်သူကလည်း ကလေးအလုပ် ကူလုပ်ပေးလို့ ရပါတယ်။ ဘုန်းမနိမ့်ပါဘူး။ ငရဲ မကြီးပါဘူး။

စိတ်တိုလာတိုင်း ထွက်ပေါက် လုပ်ပြီး ထိုးလို့ရတဲ့ သဲအိတ် မဟုတ်ဘူး။ မလှဘူးလို့ နှိမ်ချ ဆက်ဆံရအောင်လည်း အစက ဘာလို့ လက်ထပ်ခဲ့သလဲ ကန်းနေလို့လား။ ယောက္ခမက နှိမ်ချင်တိုင်း နှိမ်လို့ရတဲ့ ဖိချင်တိုင်း ဖိလို့ရတဲ့ ပြောချင်တိုင်း ပြောလို့ရတဲ့ပိုက်ဆံနဲ့ ဝယ်ထားတဲ့ ကျွန်လည်း မဟုတ်ဘူး။

အလုပ်တွေနဲ့ အရမ်း ပင်ပန်းနေတဲ့ မိန်းမကို စိတ်ရင်း ကောင်းကောင်းလေးနဲ့ ကိုယ်ချင်းစာ စိတ်လေးနဲ့ ဆက်ဆံကြပါ။ အိမ်အလုပ်အပြင် ပိုက်ဆံပါ ထွက်ရှာနေရတဲ့ အမျိုးသမီးတွေ ဆိုတာ တကယ့် super women တွေ ပါပဲ။

မိန်းမတွေ လုပ်သလို လုပ်ကြည့်ဖူးမှ မိန်းမတွေ ဘဝကို စာနာတတ်မယ်။ အမြဲတမ်း နစ်နာနေသော အမျိုးသမီးများအား ကြည့်၍ ခံစားရေးသည်။ Crd

Post a Comment

0 Comments