တရံရောအခါ ဗာရာဏသီပြည် အနီး၌ လက်သမားရွာကြီး တရွာရှိသည်။ ထိုရွာတွင် လက်သမား တထောင် နေထိုင်သည်။ သူတို့သည် ထိုရွာ၌ ကြာမြင့်စွာ နေထိုင်လာ ခဲ့ရာမှ လုပ်ငန်းများ မအောင်မြင် ဖြစ်လာကြသည်။
ကြွေးမြီများ ထူလာကြသည်။ သို့ဖြင့် ထိုရွာ၌ ဆက်လက် နေထိုင်ရန် မသင့်တော် သောကြောင့် ဧရာမ လှေကြီးတစင်း ပြုလုပ်ကာ မိသားစုများ ကိုပါ တင်ဆောင်၍ ရေလမ်း ခရီးဖြင့် ထွက်ခွာလာခဲ့ ကြသည်။
သူတို့သည် သမုဒ္ဒရာ အလယ်သို့ ရောက်သောအခါ ကျွန်းငယ်တခုကို တွေ့ ရှိကြသည်။ ထိုကျွန်းငယ်မှာ ဆန်ရေစပါးနှင့် သီးနှံမျိုးစုံ ပေါများသည်။ ထိုကျွန်းတွင် သင်္ဘော ပျက်သဖြင့် ဦးစွာ ရောက်နှင့် နေသော ယောက်ျား တယောက်ကို သူတို့ တွေ့သည်။
ထိုသူက "အဆွေတို့၊ သည်ကျွန်းမှာ အစားအစာ ပေါများသည်။ ဘေးအန္တရာယ်လည်း မရှိ။ သို့ရာတွင် သည်ကျွန်းကို နတ်များ စောင့်သည်။ နတ်တို့သည် လူသားတို့၏ ကျင်ကြီး ကျင်ငယ်တို့ကို အလွန် စက်ဆုပ်ကြသည်။
အဆွေတို့ ဤကျွန်းတွင် နေလိုပါက ကျင်ကြီး၊ ကျင်ငယ်များကို အရမ်းမစွန့်ပါနှင့်။ သဲများကို ယက်၍ တွင်းပြုပြီးမှ စွန့်ပါ။ ထို့နောက် သဲဖြင့် ပြန်၍ ဖုံးအုပ်ပါ" ဟူ၍ သတိပေး ပြောဆိုသည်။
လက်သမားတို့သည် ထိုကျွန်းမှာပင် အခြေချ နေထိုင်ရန် ဆုံးဖြတ်လိုက် ကြသည်။ လက်သမား တထောင်တွင် ခေါင်းဆောင် အကြီးအမှူး နှစ်ယောက် ရှိသည်။ခေါင်းဆောင် တဦးက လက်သမား ငါးရာကို အုပ်ချုပ်၍ ကျန်ခေါင်းဆောင် တဦးက ကျန်လက်သမား ငါးရာကို အုပ်ချုပ်သည်။ ခေါင်းဆောင် နှစ်ဦးတွင် တဦးသည် ပညာရှိသည်။ တဦးကား ပညာခဲ့သည်။
လက်သမားများသည် ကျွန်းပေါ်တွင် အခြေချ နေလာရာမှ အတန်ကြာသော် ပညာမဲ့ ခေါင်းဆောင်နှင့် ငယ်သားများသည် ကြံရည်ကို သေအရက် ပြု၍ သောက်စားမူးယစ် ကြသည်။ သီဆို ကခုန်ကြ သည်။ ထို့နောက် ကျင်ကြီးကျင်ငယ် တို့ကို စည်းကမ်းတကျ မစွန့်ကြတော့။ ထင်သလို စွန့်ကြသည်။ ပြန်၍လည်း ဖုံးအုပ်ခြင်း မပြုကြ။
ထိုအခါ ကျွန်းစောင့်နတ် တို့သည် လွန်စွာ အမျက်ထွက် ကြသည်။ "၁၅ ရက် လွန်မြောက်လျှင် သမုဒ္ဒရာရေကို တက်စေ၍ ကျွန်းဆေးအံ့၊ လူအများကို သေစေအံ့" ဟု စီစဉ် ကြသည်။
ထိုနတ်တို့တွင် ကြင်နာတတ်သော နတ်တပါး ပါသည်။ ထိုနတ်က လူအများကို မပျက်စီးစေလို။ ကျွန်းနေ လက်သမားများထံ လာရောက်၍ ဘေးဖြစ်မည့် အကြောင်းစုံကို ပြောပြသည်။ ၁၅ ရက် မတိုင်မီ ထွက်ပြေးကြ ရန်လည်း နှိုးဆော်သည်။
ထို့နောက် ရက်စက်သော နတ်တပါး ရောက်လာ ပြန်သည်။ ထိုနတ်က လက်သမားတို့အား "ပထမ ပြောသွားသော နတ်သားသည် သင်တို့ကို မလို မုန်းထား၍ ပြောဆိုခြင်း ဖြစ်သည်။ ဤကျွန်းတွင်သာ နေကြပါ။ တစုံတရာ ဘေးမရှိပါ" ဟု ပြောဆိုပြန်သည်။
ဤတွင် ပညာရှိ ခေါင်းဆောင်က စဉ်းစားချင့်ချိန် ပြီးလျှင် "အဆွေတို့၊ လှေတို့ကို အသင့် စီရင်၍ ထားကြမှ သင့်မည်။ ပထမနတ်၏ စကား မှန်သော် ရေတက်သောအခါ လှေဖြင့် ထွက်ခွာကြမည်။ ဒုတိယနတ်၏ စကား မှန်သော် လှေတို့ကို သင့်တော်ရာ၌ ထား၍ ဤကျွန်းတွင်ပင် ဆက်လက် နေကြမည်" ဟု အဖော် လက်သမား တို့ကို ဆို၏။
ထိုစကားကို ပညာမဲ့ ခေါင်းဆောင်က လက်မခံ။ "အဆွေ၊ သင်သည် အလုပ်ပို လုပ်လိုသူ ဖြစ်သည်။ ပထမ နတ်သားသည် ငါတို့ကို မုန်း၍ ဆိုခြင်း ဖြစ်သည်။ ဒုတိယ နတ်သားသည်ကား ချစ်၍ ဆိုခြင်း ဖြစ်သည်။ ဤသာယာသော ကျွန်းကို ငါတို့ အဘယ့်ကြောင့် စွန့်ရအံ့နည်း။ လှေပြုလုပ်ရန် မလို" ဟု ဆို၏။
ဆိုသည့် အတိုင်းလည်း မိမိ၏ ငယ်သား ငါးရာတို့ကို လှေ မပြုလုပ်ရန် ညွှန်ကြား၏။ သူ၏ ငယ်သားများ ကလည်း သူတို့ဆရာစကားကို နားထောင်ကာ ဘာမျှမလုပ်။ သောက်စား မူးယစ်၍သာ နေကြလေ၏။
ပညာရှိ ခေါင်းဆောင်ကမူ မိမိ၏ ငယ်သားများကို လှေပြုလုပ်စေသည်။ စားရေရိက္ခာ အပြည့်အစုံ ရှာဖွေ၍ လှေပေါ်သို့ တင်စေသည်။ ငယ်သားများကလည်း ပညာရှိ ခေါင်းဆောင်၏ စကားကို နာယူကာ အစစအရာရာ အသင့်ပြုလုပ် ထားကြသည်။
၁၅ ရက် စေ့သော် ကြင်နာတတ်သော ပထမနတ် ပြောသည့် အတိုင်းပင် သမုဒ္ဒရာရေ တို့သည့် ကျွန်းပေါ်သို့ တရိပ်ရိပ် တက်လာသည်။ ခါးလယ်ခန့် ရောက်သောအခါ ပညာရှိ ခေါင်းဆောင်နှင့် ငယ်သားငါးရာ တို့သည် လှေကြီးပေါ်သို့ တက်၍ လှော်ခတ် ထွက်ခွာသွားကြလေသည်။
ပညာမဲ့ ခေါင်းဆောင်နှင့် ငယ်သားများ မူကား မမူကြ။ "ကျွန်းဆေးခြင်းမျှသာ ဖြစ်သည်။ ရေတို့သည် ခါးလယ် အထိသာ ရောက်နိုင်သည်။ ထို့ထက်တိုး၍ မရောက်နိုင်" ဟု ဆိုကာ အေးဆေးစွာ နေကြသည်။ သို့ရာတွင် သူတို့ ထင်သကဲ့သို့ မဟုတ်။
သမုဒ္ဒရာရေသည် ခါးလယ်မှ ပခုံး၊ ပခုံးမှ ဦးခေါင်း၊ ဦးခေါင်းမှ ထန်းတဖျား တိုင်အောင် တက်လေတော့သည်။ သည်တွင် ပညာမဲ့ ခေါင်းဆောင်နှင့် တကွ ထိုသူကို ဆည်းကပ်သူ ငယ်သား ငါးရာစလုံး ရေနစ်သေဆုံး သွားကြလေ၏။ Crd
0 Comments