ပြတင်းပေါက်နှင့် မှန်

တခါတုန်းက အိမ်ရှေ့မင်းသား တပါးဟာ နန်းတွင်း ပညာရှိ အမတ်ကြီးရဲ့ အိမ်ကို သွားလည်တယ်။ သူဟာ သူ့ဖခင် ဘုရင်ကြီး ကွယ်လွန်ရင် ထီးနန်း အရိုက်အရာကို ခံယူရမယ့် သူပါ။

ဒါပေမဲ့ သူဟာ မာန်မာန မရှိသလို သူ့မှာ သိစရာ တတ်စရာ ပညာတွေ အများကြီး လိုသေးတယ်လို့ ခံယူထားတယ်။

ပညာရှိအမတ်ကြီးနဲ့ တွေ့တော့ သူ နန်းတက်ပြီး ဘုရင် ဖြစ်လာရင် ဘယ်လို ပြုမူနေထိုင်ရမယ် ဆိုတာကို အကြံပေးဖို့ မင်းသား က ပြောလိုက်တယ်။ ဒီတော့ အမတ်ကြီးက အခုလို ပြောလိုက်တယ်။

"အရှင်မင်းသား၊ ဟိုနားက ပြတင်းပေါက် မှန်ကနေ အပြင်ဖက်ကို လှမ်းမျှော် ကြည့်လိုက်ပါ။ ပြီးရင် ဘာတွေများ မြင်တွေ့သလဲဆိုတာ ပြောပြစမ်းပါ"

မင်းသားလည်း ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့် လိုက်တယ်။ ပြီးတော့ အမတ်ကြီးဘက် လှည့်ပြီး အခုလို ပြောလိုက်တယ်။

"လမ်းပေါ်မှာ လူတွေ သွားလာနေ ကြတယ်။ လမ်းဘေးမှာ သူတောင်းစား တယောက်က လမ်းသွားလမ်းလာ တွေကို တောင်းရမ်းနေတာ ကိုလည်း တွေ့ရပါတယ် ဘိုးဘိုး"

ထို့နောက် အမတ်ကြီးက မင်းသားကို အခန်းထောင့်မှာ ထောင်ထားတဲ့ မှန်ချပ်ကြီးဆီ ခေါ်သွားပြီး ခုလို ပြောလိုက် ပြန်တယ်။

"အရှင်မင်းသား၊ အခု မှန်ကို ကြည့်လိုက်ပါ။ ပြီးရင် ဘာမြင်သလဲ ဆိုတာ ပြောပြစမ်းပါအုံး"

"ကျနော့် ရုပ်ပုံကိုပဲ မြင်ပါတယ်"

"အေး၊ မှန်ထဲမှာ အရှင်မင်းသားရဲ့ ပုံကိုပဲ မြင်ရတယ်။ တခြားသူတွေကို မမြင်ရဘူး။ မှန်တယ်နော်"

"မှန်ပါတယ် ဘိုးဘိုး"

"မှန်နဲ့ ပြတင်းပေါက်တွေဟာ ဖန်သားနဲ့ လုပ်ထားကြ တယ်နော်။ ဒါပေမဲ့ သူတို့ အလုပ် လုပ်ပုံတွေ မတူကြဘူး။ ဖန်သားပြင်ကို ဘာမှ မသုတ်ထားတဲ့ ပြတင်းပေါက် ကနေ ကြည့်လိုက်ရင် တခြားသူတွေကို ဖေါက်ထွင်းပြီး မြင်ရတယ်။ မှန်ကျတော့ ပြဒါး သုတ်ထားလို့ ဖေါက်ထွင်း မမြင်ရဘူး။ အရှင်မင်းသားရဲ့ ပုံရိပ်ကိုပဲ မြင်ရတယ်" "ဆက်ရှင်းပြပေးပါ ဘိုးဘိုး"

"ဆိုလိုတာက မှန်ကို ပြဒါး သုတ်ထားလို့ ဖေါက်ထွင်း မမြင်ရသလို ရာထူး အာဏာ ငွေကြေးတွေက အရှင်မင်းသားကို ဖုံးကာထားလို့ အရှင်မင်းသားဟာ တိုင်းသူ ပြည်သားတွေရဲ့ အခြေအနေ အမှန်ကို သိမှာ မဟုတ်ဘူး။ အရှင်မင်းသားဟာ ရာထူး အာဏာ ငွေကြေးတွေနဲ့ ယစ်မူး မာန်တက်နေရင် နန်းတော်အပြင်မှာ ဘာဖြစ်နေတယ် ဆိုတာကို မသိနိုင်ဘူး" "ဒါဆိုရင် ဘယ်လို လုပ်ရမလဲ ဘိုးဘိုး"

"အင်း အရှင်မင်းသားဟာ ရာထူး အာဏာ ငွေကြေးတွေနဲ့ ယစ်မူးခြင်း မရှိမှ ပြတင်းပေါက်မှန်ကို ဖေါက်ပြီး မြင်နိုင်သလို တိုင်းသူပြည်သားတွေရဲ့ အခြေအနေ မှန်ကို သိမယ်။ ဒါမှလည်း တိုင်းသူ ပြည်သားတွေကို ရင်ဝယ်သားလို ပိုက်ပြီး အုပ်ချုပ်နိုင်မယ်။ သူတို့အပေါ် အကြင်နာမေတ္တာ ထားနိုင်မယ်"

"ရှင်းပြပေးတာ ကျေးဇူး ကြီးလှပါတယ် ဘိုးဘိုး။ ကျွန်တော် နန်းတက်ရင် ပြတင်းပေါက်က ကြည့်ပြီး အုပ်ချုပ်ပါမယ်။ မှန်ကြည့်ပြီး မအုပ်ချုပ်ပါဘူးလို့ ကတိပေးပါတယ်"

"ကောင်းလေစွ ကောင်းလေစွ၊ အရှင်မင်းသား ဘုန်းကြီးလို့ အသက်ရှည်ပါစေ" Bamaw Thein Phe

Post a Comment

0 Comments