လက်အောက်ငယ်သားကို ကြည့်ရှုပါ

တခါတုန်းက လူတယောက်ဟာ မြွေတကောင်ကို နေ့စဉ် ကျွေးမွေးပြီး ပခြုပ်ထဲမှာ ထည့်ထား ပါသတဲ့။ အဲဒီ မြွေကို အစာကျွေးရာမှာ တနေ့လျှင် ကြွက်တကောင် အားဖြင့် ပခြုပ်အတွင်း ထည့်ပြီးတော့ စားစေပါတယ်။

မြွေကတော့ သူ ပခြုပ်ထဲက ဘယ်လို လွတ်မြောက်နိုင်မလဲ လို့ အမြဲတွေးပြီး အကြံထုတ် နေတာပေါ့။ ဒါပေမယ့် သူဟာ လွတ်လမ်းကို ဘယ်လိုမှ ရှာမတွေ့ဘူး ဖြစ်နေသတဲ့။

တနေ့ မြွေက စဉ်းစား မိတယ်။ သူလည်း ဒီအထဲ ရောက်နေတာ ကြာပြီ ဘယ်လိုမှလဲ ပြန်မထွက်နိုင်ဘူး။ သူ မကြာခင် သေရတော့ မှာပဲ။ ဒီတော့ ဒီနေ့ သူစားရမယ့် ကြွက်လေးကို မစားပဲ လွှတ်ပေးလိုက် တော့မယ် ဆိုပြီးပေါ့။

မြွေက အဲဒီလို တွေးပြီးတော့ သူ့အတွက် မြွေဖမ်းသမား နေ့စဉ် ထည့်ပေးနေကျ ကြွက်လေး တကောင်ကို မစားဘဲ သာသာ ငြိမ်နေ သတဲ့။ အဲဒီလို လွှတ်ပေးလိုက်ရလို့လည်း သူ့စိတ်ထဲမှာ ပီတိတွေ ဖြစ်နေ မိတယ်။

နာရီဝက် လောက်လည်း ကြာရော သူမစားဘဲ ဒီအတိုင်း ထားလိုက်တဲ့ ကြွက်ကလေးက ပခြုပ်ကို ကိုက်ဖြတ်လိုက် နိုင်ခဲ့တယ်။ အဲဒီအခါမှာ ကြွက်ထွက်တဲ့ အပေါက်ကနေ ထွက်ပြီး သူပါ လွတ်သွားတော့ တာပေါ့။

ကျွန်တော်တို့ဟာလည်း ဘာပဲ လုပ်သည် ဖြစ်စေ ကိုယ့်အတွက်ကိုပဲ ပိုပြီး စဉ်းစားတတ် ကြပါတယ်။ တခါတလေမှာ ကိုယ့်လက်အောက်မှာ အလုပ် လုပ်နေတဲ့ လူတွေကို အမြဲလိုလို အပေါ်စီးကပဲ ဆက်ဆံနေ မိတယ်။

ကိုယ်အဆင်ပြေဖို့ အတွက် တခြားသူကို ချနင်းချင် ကြတာ မဆန်းပါဘူး။ အလုပ်တခု လုပ်တဲ့ နေရာမှာ ကိုယ်ကပဲ ရသမျှအကုန် ယူတာထက်

လက်အောက် ငယ်သား အပေါ်မှာ ညှာတာစိတ်နဲ့ သင့်မြတ်အောင် ပေးကမ်းခြင်းက အလုပ်ကို ပိုတွင်ကျယ် စေသလို မိမိ အလုပ်သမား ကလည်း မိမိအပေါ် လေးစားချစ်ခင် လာမှာပါ။

လက်အောက်ငယ်သား အပေါ် ညှာတာမှု ထားခြင်းက လုပ်ငန်းအပေါ် ပိုပြီး အောင်မြင်နိုင်တဲ့ အချက်တချက် ပါပဲ။ မြွေလို လက်အောက်ငယ်သား ကြွက်ကို မစားပဲ လွှတ်ပေးလိုက်လို့ ထွက်ပေါက်ရှာ လွတ်မြောက်ရ သလိုပဲ

အလုပ်တခုမှာ မိမိလက်အောက်ငယ်သား အပေါ် အမြတ်မထုတ်ပဲ မေတ္တာနဲ့သာ ဆက်ဆံမယ်ဆိုရင် အခက်အခဲ ဖြစ်ချိန်မှာတောင် လက်အောက်ငယ်သားရဲ့ အကူအညီနဲ့ ကြိုးစား လွတ်မြောက်နိုင် မှာပါ။

ဒါ့ကြောင့် မိမိလုပ်ငန်းအောင် မြင်ချင်တယ် ဆိုရင်တော့ လက်အောက်ငယ်သား ဝန်ထမ်းတွေကို အခွင့်အရေး ပေးဖို့ မမေ့ပါနဲ့လို့ပဲ အကြံပြုလိုက် ပါရစေ။ Crd

Post a Comment

0 Comments