တခါတုန်းက လယ်သမား တဦးဟာ သူ့ယာခင်းက ထွက်တဲ့ ဟင်းသီးဟင်းရွက် တွေကို ရောင်းချဖို့ မြို့ကို လှည်းမောင်းပြီး သွားခဲ့ပါတယ်။
လမ်းခုလတ် အရောက်မှာ မိုးက သည်းထန်စွာ ရွာပြီး သူလာတဲ့ လမ်းတနေရာမှာ ရွှံ့ဗွက်တွေ၊ ကျင်းတွေ၊ ချိုင့်တွေနဲ့ ပြည့်နေ တာကြောင့် သူ့ရဲ့ မြင်းကလည်း လေးလံလှတဲ့ လှည်းကြီးကို ခက်ခက်ခဲခဲ ဆွဲနေရတယ်။
ဖြည်းဖြည်းသွားနေရင်း မှာပဲ လှည်းဘီး တဘက်ဟာ နွံနစ်သွားတယ်။ မြင်းဟာ ဆွဲလေ နွံပိုနစ်လေ ဖြစ်နေတယ်။ လှည်းသမားလည်း မြင်းလှည်းပေါ်က ဆင်းပြီး ဘေးပါတ်ဝန်းကျင်ကို လှည့်ကြည့်ပေမယ့် ကူညီမယ့်သူ မရှိဘူး ဖြစ်နေတယ်။
လှည်းသမားဟာ သူ့ရဲ့ ကံမကောင်းမှုကို ကျိန်ဆဲလိုက်ရင်း သက်ပြင်းချ အရှုံးပေး လိုက်တယ်။
မြင်းလှည်းဘီး နွံနစ်တာက လွတ်အောင် ကိုယ်တိုင် ထမ်းထုတ်တာ၊ ဘီးကို တွန်းတာတွေ လုပ်ရမယ့် အစား ကံကြမ္မာကိုပဲ ကျိန်ဆဲလိုက်၊ မိုးကောင်းကင်ကို မော့ကြည့်ပြီး တိုင်တန်းနေတယ်။
"မိုးနတ်မင်းကြီး၊ ကျွန်တော့်ရဲ့ ကံဟာ အရမ်းကို ဆိုးနေပါတယ်။ ဘာအမှားတွေများ လုပ်မိလို့လဲ၊ ခွင့်လွှတ်တော် မူပါ။ ကျွန်တော့ကို ကူညီပါဦး" ဆိုပြီး တချိန်လုံး ရေရွတ်နေ တော့တယ်။
ဒါကိုကြားတဲ့ မိုးနတ်မင်းကြီးလည်း နားညီးလာတော့ လူယောင် ဖန်ဆင်းပြီး လှည်းသမားကို ပြောလိုက်တယ်။
"မင်း မြင်းလှည်းကို ကိုယ်အား ကိုယ်ကိုးပြီး တွန်းမကြည့် ဘူးလား။ ကိုယ်တိုင် မကြိုးစားရင်တော့ ဘယ်သူမှ လာကူညီမှာ မဟုတ်ဘူး။ မင်းကိုယ်တိုင် အားထည့် တွန်းပါဦး။ အခုထ လှည်းဝန်ရိုး အောက်က ဝင်ထမ်းပြီး အရင်တွန်းဦး" လို့ ပြောလိုက်တယ်။
လှည်းသမားလည်း နဲနဲ ရှက်သွားပြီး လှည်းဘီးနောက် ကနေ ပခုံးနဲ့ ဝင်ထမ်းတင်ကာ မြင်းကိုလည်း အော်ဟစ် မောင်းနှင်လိုက်တော့ နွံထဲက လွတ်သွားတယ်။
အဲဒီနောက်တော့ လှည်းသမားလည်း ပညာ ရသွားပြီး မိုးနတ်မင်းကို ကျေးဇူးတင်စကား ပြော၍ မြို့ကို ဆက်သွား ပါတော့တယ်။
ဒီအကြောင်းအရာလေး ကတော့ အခက်အခဲတခု ကြုံလာတဲ့ အခါ ကိုယ်တိုင် ကြိုးစားအားထုတ် ကြည့်သင့်တဲ့ အကြောင်းကို သင်ခန်းစာ ပေးထားတာ ဖြစ်ပါတယ်။ Crd
0 Comments