ရန်ကုန်မှ မန္တလေးသို့ သွားသော ရထားပေါ်တွင် ဖြစ်သည်။ ရထားပေါ်မှာ ပါလာတဲ့ ခရီးသည်တဦးရဲ့ လက်ထဲမှာ ဟောင်းနွမ်းနေတဲ့ ၂၀၀ တန် အစုတ်လေး တရွက်။
သူက လာသမျှ ဈေးသည်တွေကို အဲဒီ ပိုက်ဆံလေးနဲ့ လိုက်ဝယ် နေတယ်။ ဒါပေမယ့် ဈေးသည် တော်တော် များများက "ဒီပိုက်ဆံလေး ပြန်လဲပေး ပါဦး" ဆိုပြီး လဲခိုင်း တယ်။
ဒီတော့ သူစဉ်းစား နေတယ်။ "အင်း ဒီအတိုင်း ဝယ်နေလို့ ကတော့ အဆင်ပြေမှာ မဟုတ်ဘူး။ ငါ နောက်ဘူတာကို ရောက်ရင် ရထား ထွက်ခါနီးမှပဲ ဝယ်မယ်။ ဒီလိုဆိုရင် သူတို့ ပြန်လဲခိုင်းလို့ ရမှာ မဟုတ်တော့ဘူး"
သူ့အကြံနဲ့ သူကတော့ ဟုတ်လို့ပေါ့။ နောက်လာမဲ့ ဘူတာမှာလည်း ဈေးသည် တယောက်။ သူကတော့ ရောင်းလို့ မကုန်တဲ့ထမင်းသိုးတွေကို ရထား ထွက်ခါနီးမှ အပြေးအလွှား လိုက်ရောင်းတာ။
ဘူတာကိုလည်း ရောက်၊ ရထား ပြန်ထွက်ခါနီး ဥသြလည်း ဆွဲရော ရထားဘီးတွေ ကလည်း တလိမ့်ချင်း လိမ့်စ ပြုလို့ ဒီတော့မှ ဈေးသည်က "ထမင်းတွေ ရမယ် ထမင်းတွေ ရမယ် ပူပူနွေးနွေး လေးနော်။ တထုပ်မှ ၂၀၀ ပဲ၊ ယူကြဦးမလား"
နှစ်ရာတန် အစုတ် ကိုင်ထားတဲ့ ခရီးသည်ကလည်း "လာဦးဗျို့ တထုပ်လောက် ပေးပါ" "ဟုတ်ကဲ့ ရော့ရော့ ပိုက်ဆံ ချပေးလိုက်လေ" "အေး အေး"
ခရီးသည်ကလည်း ပိုက်ဆံ အစုတ်လေး ထွက်သွားပြီး ထမင်းထုပ်လေး ရလာတော့ သူ့ကိုသူ ဟုတ်လှပြီပေါ့။ ဈေးသည်ကလည်း ထမင်းသိုး တထုပ်က ပိုက်ဆံနှစ်ရာ ပေးတယ် ဆိုတော့ ဝမ်းသာ လို့လေ။
ရထားပေါ်က ပစ်ချလိုက်လို့ လေထဲ ဝဲနေတဲ့ ပိုက်ဆံလေးကို အမိအရ ဖမ်းပြီးတော့မှ "ဟင်"
ခရီးသည်ကလည်း ဈေးသည်ကို လှမ်းကြည့်၊ သနားပါတယ် ဆိုတဲ့ သဘောပေါ့။ ပြီးတော့မှ ထမင်းစားမယ် ဆိုပြီး အိတ်ဖွင့် လိုက်တော့မှ "ဟာ"
မိတ်ဆွေတို့ရေ ဒီ "ဟင်နဲ့ ဟာ" ကို အနှစ်ချုပ်ရင် "အစုတ်ပေးရင် အပုပ်ရတယ်။ အပုပ်ပေးရင် အစုတ် ရတယ်" ဆိုတဲ့ သဘောပါ။
စိတ်ထားလေးတွေ မကောင်းသရွေ့ အကျိုးပေးလည်း ညံ့တတ်တယ် ဆိုတာ သတိရစေချင် လို့ပါ။ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြ ပါစေ။ Crd
0 Comments