ရှဉ့်လေး နှစ်ကောင်

တခါတုန်းက ရှဉ့်ဇနီးမောင်နှံဟာ မြစ်ဆိပ်ကမ်းနား သစ်ပင်မှာ နေကြသတဲ့။ သူတို့ အတွက် စားစရာလည်း ပူစရာ မလိုဘူး သောက်စရာလည်း ပူစရာ မလိုဘူး။

စားဖို့အတွက် သစ်ပင်ပေါ်မှာ အသီးအပွင့်တွေ အမျအပြား ရှိသလို သောက်ဖို့ အတွက်လည်း အောက်မှာ မြစ်ကြီး တခုလုံး ရှိနေတယ်။

တနေ့မှာ ရှဉ့်မလေးက အစားစားပြီး မြစ်ဆိပ်ကမ်းမှာ ရေသောက်နေစဉ် လေပြင်း တချက် အတိုက်မှာ ရေဟာ လှိုင်းဂယက် ထပြီး ရှဉ့်မလေးကို ဆွဲယူသွားသည်။ ရှဉ့်မလေး တော်တော်နဲ့ ပြန်မလာ နိုင်တော့ ရှဉ့်ထီးလေးက လိုက်သွားတယ်။

မြစ်ဆိပ်ကမ်း ဘေးမှာ ရှဉ့်မလေးကို မတွေ့တော့ လိုက်ရှာတာပေါ့။ ရှဉ့်မလေးရဲ့ မြစ်ဆိပ် ဆင်းတဲ့ ခြေရာတွေသာ တွေ့ပြီး တက်တဲ့ ခြေရာ မတွေ့တော့ ရှဉ့်ထီးလေးက ရင်ကျိုး မတက် ငိုနေရှာတယ်။

ဒီရေတွေကြောင့် ငါ့ရှဉ့်မလေး သေရတယ် နင့်ကို ခမ်းအောင် လုပ်မယ် ဆိုပြီး သူ့အမြီးလေးကို ရေထဲ နစ်ပြီး ခပ်ဝေးဝေးကို သွားခါတယ်။ ရှဉ့်ကလေးဟာ အဲ့ဒီလို ထပ်တလဲလဲ လုပ်နေတယ်။

အတော်လေး ကြာတော့ သစ်ပင်စောင့် နတ်က မြင်ပြီး "အဆွေ ရှဉ့် သင်ဘာတွေ လုပ်နေသလဲ"

"ရေတွေကို ခမ်းအောင် လုပ်နေတာပါ"

"ဘာကြောင့်များလဲ"

"ကျုပ်ရဲ့ ရှဉ့်မလေးဟာ ဒီမြစ်ရေထဲ ကျပြီး သေဆုံးသွား လို့ပါ"

"သင်ကသာ ချစ်တဲ့စိတ်နဲ့ အပင်ပန်း ခံနေတာ ရှဉ့်မလေးက အခုဆို မြစ်စောင့်နတ်နဲ့ ပျော်ရွှင်လို့ နေပြီ"

ဒီစကားကို ကြားတော့ ရှဉ့်လေးက မယုံဘူး။ သူငါ့ကို ဒီလောက် ချစ်တာ "မဖြစ်နိုင်တာ ကျွန်ုပ် မယုံဘူး"

"ဒါဖြစ်ရင် ငါပြမယ်။ သင့်ရဲ့ ရှဉ့်မလေးဟာ မြစ်စောင့်နတ်နဲ့ ပျော်နေတာ ကြည့်မလား"

"ကြည့်ပါ့မယ် ပြပါ"

သစ်ပင်စောင့်နတ်ဟာ တန်ခိုးနဲ့ ပြလိုက်တယ်။ ရှဉ့်ထီးလေးဟာ ဒေါသတွေ ဖြစ်ပြီး သူ့လက်တွေနဲ့ သဲတွေ ကျုံးပြီး မြစ်ထဲ ပစ်ထည့် ပါတော့တယ်။

"ရှဉ့်ကလေး ဒါက ဘာလုပ်ပြန်တာလဲ"

"မြစ်ရေတွေ ခမ်းသွားအောင် လုပ်တာ။ သူ့ကို မမြင်ချင်ဘူး" ဆိုပြီး ဒေါသတကြီး လုပ်နေ ပါတော့တယ်။

ကာမရာဂ သံယောဇဉ်ရော ဗျာပါဒ သံယောဇဉ်ရော ကြောက်ဖို့ ကောင်းပါတယ်။ အချစ်တခု ရှိရင် သောက တခု ရှိတယ်။ အချစ်နှစ်ခု ရှိရင် သောကနှစ်ခု ရှိတယ်။ အချစ်တွေ ကဋေကဋာ ရှိရင် သောကတွေ ကဋေကဋာ ရှိတယ်။ phoomyatchal

Post a Comment

0 Comments