အလုပ်ကြိုးစားတဲ့ မြည်းကလေး အသတ်ခံလိုက်ရပြီ

တချို့ဝန်ထမ်းတွေက ကိုယ်တိုင် ကြုံဖူးကြတယ်။ ကောင်းလွန်းလို့ အချိန်ပေးပြီး ဖတ်ပေးစေချင် ပါတယ်နော်။ ကိုမြည်းဟာ အမြဲ အလုပ် ကြိုးစားပေမယ့် သခင်ဟာ သူ့ကို တော်ရုံနဲ့ ချီးကျုးလေ့ မရှိပါဘူး။ ဒီနေ့တော့ ကိုမြည်းဟာ ပစ္စည်းတွေလည်း မနက်တပိုင်းလုံး သယ်ထားတယ်။

နေ့ခင်း ရောက်တော့လည်း ကိုနွား နေမကောင်းလို့ ဆိုပြီး ကိုနွား နေရာမှာ သူက လယ်ကူ ထွန်ပေးခဲ့ သေးတယ်။ လယ်ထွန်တာ တခါမှလည်း မထွန်ဖူး၊ နေကလည်း အတော် ပြင်းတော့ ညနေစောင်း အိမ်အပြန်မှာ ကိုမြည်းဟာ အတော်လည်း ပင်ပန်းနွမ်းလျ နေခဲ့တယ်။

သခင်ကို ခြံဝမှာ အသင့် လာကြိုနေတဲ့ ကိုခွေးက တွေ့တော့ "ဟာ ကိုမြည်း အဆင်ကော ပြေရဲ့လား။ အတော်လေး ပင်ပန်းနေပုံပဲ"

"ဟုတ်တယ် ကိုခွေးရေ ဒီနေ့တော့ တော်တော်လေး ပင်ပန်းသွားတယ်လေ နေကလည်း အတော်လေး ပူတာကိုးဗျ။ မနက်ဖြန်တော့ တရက်လောက် နားချင်မိတယ်ဗျာ။ ဖျားသွားလို့ ရက်ဆက်နားရင် အလုပ်တွေ မပြီးမှာလည်း ဆိုးတာဗျ"

ကိုခွေးဟာ ပင်ပန်းနေတဲ့ ကိုမြည်းကို နှုတ်ဆက်ပြီး ထွက်လာချိန်မှာ ခြံထောင့်မှာ ကိုကြောင်ကို တွေ့တော့ ကိုမြည်း အကြောင်းပြောပြ ဖြစ်တယ်။

"ကိုမြည်း သနားပါတယ်ဗျာ သူဒီနေ့ တော်တော်လေး ပင်ပန်းခဲ့တယ် ပြောတယ်။ မနက်ဖြန် တရက်လောက် နားချင်မိတယ် ဆိုပြီး ညည်းနေ ရှာတယ်။ ဟုတ်ပါတယ်လေ။ သခင်ကလည်း ကိုနွား နေမကောင်းတော့ ကိုမြည်းနဲ့ ပိုရုန်းတာကိုးဗျ"

ကိုကြောင်က ကိုခွေး ထွက်သွားတော့ သူ့နား မြက်လာစားတဲ့ ကိုဆိတ်ကို ပြောပြတယ်။

"ကိုမြည်းက သခင်က သူ့ကို အလုပ်အများကြီး လုပ်ခိုင်းလို့ ဆိုပြီး ညည်းနေတာ။ ခုလည်း မနက်ဖြန်တရက် အလုပ် မလုပ်ဘဲ နားချင်တယ် ဆိုပြီး ညည်းနေတာလေ" လို့ ပြောပြီး ထွက်သွားတယ်။

ကိုဆိတ်က သူ့အနား အစာ လာစားတဲ့ ကိုကြက်ကို တွေ့တာနဲ့ "ကိုမြည်းက သခင်အသစ် ပြောင်းရင် ကောင်းမလား စဉ်းစားနေတယ် ဆိုလား။ အင်းလေ သူ့အနေနဲ့ ကျတော့လည်း တခြားသခင်တွေ သာဆို ဒီလောက်ခိုင်းမှာ မဟုတ်ဘူး ဆိုပြီး တွေးမိမှာပဲ။ သနားပါတယ်"

ကိုဆိတ် ထွက်သွားတာနဲ့ ကိုကြက်က ကိုဝက်ကို လှည့်ပြောတာက "ကိုမြည်းက တို့သခင်အတွက် အလုပ် မလုပ်ပေးချင် တော့ဘဲ သခင်အသစ် ရှာချင်နေတယ် ဆိုလား။ သခင်က သူ့အပေါ်ဆို အလုပ်တွေ အရမ်းခိုင်းပြီး နှိပ်စက်တယ် ဆိုပြီး ပြောနေတာလေ"

ညစာကျွေးချိန် ရောက်တော့ သခင်မ လာချိန်မှာ ကိုဝက်က သခင်မနားကို ကပ်ပြီး ပြောလိုက်တယ်။ "သခင်မကို သတိပေးစရာတခုရှိတယ်။ ကိုမြည်းကို ကြည့်ရတာ ခုတလော တခုခုကို ကြံစည်နေ သလိုပဲဗျ။ ကျွန်တော် ကြားတာကတော့ သခင်က သူ့အပေါ် မညှာမတာ ခိုင်းလို့ မလုပ်ပေးချင်တော့ဘူး သခင်အသစ် ရှာမယ် ဆိုလား"

သခင်မဟာ စိတ်တို ဒေါသထွက်ပြီး ညစာ စားနေတဲ့ သခင်ကို သွားပြောတယ်။ "မြည်းက ရှင့်ဆီမှာ မလုပ်တော့ဘဲ တခြားသခင် ရှာနေတာတဲ့။ ဒီလို သစ္စာမရှိတဲ့ ဟာကို ရှင်ဘယ်လို လုပ်မှာလဲပြော"

ကိုမြည်းရဲ့ သခင်ဟာလည်း စိတ်တို ဒေါသထွက်ပြီး "သစ္စာဖောက်တွေကို အရှင်မထားဘူး" ဆိုပြီး ပင်ပန်းပြီး အိပ်မောကျနေတဲ့ ကိုမြည်းကို သတ်ပစ်လိုက်တယ်။ ဒီလိုနဲ့ပဲ အလုပ်ကို မညည်းမညူ ကြိုးစားတဲ့ မြည်းလေးဟာ အသတ်ခံ လိုက်ရတယ်။

ဘယ်တော့မှ အလုပ်ခွင်ထဲမှာ မညည်းပါနဲ့။ သင့်ဘေးမှာ သင့်ကို တွန်းချပြီး နေရာ လုချင်နေသူက အများအပြား ရှိနေတယ်ဆိုတာ မမေ့ပါနဲ့။ မဟုတ်ရင် ကိုယ်ဘာကြောင့် အလုပ် ပြုတ်မှန်းတောင် သိလိုက်မှာ မဟုတ်ပါဘူး။

သင်ကိုယ်တိုင်က လုပ်ငန်းရှင် (သို့) အကြီးအကဲတယောက် ဖြစ်ခဲ့ရင် ဘေးစကားတွေကို ကိုယ်တိုင် မမြင်ရ၊ မကြားရဘဲ လွယ်လွယ်ကူကူ မယုံလွယ်ပါနဲ့။ မဟုတ်ရင် မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမိပြီး ဝန်ထမ်းကောင်းတွေ ဆုံးရှုံးတတ်ပါတယ်။ Crd

Post a Comment

0 Comments