တခါက ရွာတရွာမှာ အလွန် ကျွမ်းကျင်တဲ့ သစ်ခုတ်သမား ၂ ယောက် ရှိပါသတဲ့။ တယောက်ကတော့ အသက် ကြီးရင့် လာပေမယ့် အတွေ့အကြုံ ရင့်ကျက်တဲ့ သစ်ခုတ်သမား ဖြစ်ပြီး နောက်သစ်ခုတ်သမား ကတော့ ငယ်ရွယ်ပြီး ခွန်အားဗလနဲ့ ပြည့်စုံ လှပါသတဲ့။
တနေ့မှာတော့ သစ်ခုတ် သမား၂ ယောက်ဟာ သူတို့ အရည်အသွေးကို ပြိုင်ပွဲတခု ကျင်းပပြီး ယှဉ်ပြိုင်ဖို့ သဘောတူ လိုက်ကြတယ်။
အနိုင်အရှုံး ဆုံးဖြတ်မှု ကိုတော့ တနေ့ထဲမှာ သစ်ပင် အရေအတွက် ပိုများအောင် ခုတ်နိုင်တဲ့ လူက အနိုင် ဆိုပြီး သတ်မှတ်လိုက် ကြပါတယ်။
ဒီလိုနဲ့ ပြိုင်မယ့်နေ့မှာ ငယ်ရွယ်တဲ့ သစ်ခုတ်သမားဟာ စိတ်ဓာတ် တက်ကြွစွာနဲ့ အားကြိုးမာန်တက် ခုတ်ဖို့ သစ်တောထဲကို မနက် အစောကြီး ဝင်သွားခဲ့တယ်။
သူဟာ ငယ်ရွယ်တဲ့ အပြင် ပိုမို ခွန်အား ကြီးမားတာမို့ ကြိုးစားမှုချင်း တူရင် သူအနိုင် ရ ရမယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ မရပ်မနား ခုတ်ပါတယ်။
ဒီလို ခုတ်နေရင်းနဲ့ တဖက် တောအုပ်က ပြိုင်ဖက်ရဲ့ သစ်ပင်ခုတ်သံကို နားစွင့် မိတဲ့အခါ အချိန်မှန်မှန် သစ်ခုတ်သံကို ကြားရပြီး ၂ နာရီခြား တခါ သစ်ပင်ခုတ်သံ ရပ်သွားတာကို သတိထားမိတယ်။
ပြိုင်ဖက် သစ်ခုတ်သမားဟာ ၂ နာရီခြား တခါ အနားယူတယ် ဆိုတာ သိလိုက်ရတဲ့ အခါမှာ သစ်ပင်တပင် လှဲချလိုက်တိုင်း သူ့စိတ်ဓာတ်တွေ ပိုမို တက်ကြွ လာတယ်။
ဒီလို စိတ်အာရုံနဲ့ ခုတ်နေလိုက်တာ ဘယ်လို နေဝင်သွားတယ် ဆိုတာတောင် သတိ မထားမိအောင် ပါပဲ။ အနိုင်အရှုံး ဆုံးဖြတ်ဖို့ အချိန် ကျရောက် လာခဲ့ပါပြီ။
ငယ်ရွယ်တဲ့ သစ်ခုတ်သမားဟာ ယုံကြည်မှု အပြည့်နဲ့ သူသာလျှင် အနိုင်ရမယ်လို့ မျှော်လင့်ထားပေမယ့် လက်တွေ့ မှာတော့ အတွေ့အကြုံ ရင့်ကျက်တဲ့ သစ်ခုတ်သမားရဲ့ သစ်လုံးတွေက သူခုတ်တာထက် ပိုများနေတာကို တွေ့လိုက်ရတယ်။
ဒါကြောင့် လူငယ်က ရင့်ကျက်တဲ့ သစ်ခုတ်သမားကို မေးခွန်း ထုတ်လိုက်ပါတယ်။ "ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျာ။ ခင်ဗျား ကျွန်တော့်လောက် မခုတ်နိုင်သလို ကျွန်တော့်လောက်လည်း မခုတ်ခဲ့ပါဘူး။ ခင်ဗျား ၂ နာရီခြား တခါ နားနားနေတာ ကျွန်တော် သိနေရတာပဲလေ"
ရင့်ကျက်တဲ့ သစ်ခုတ်သမားက ပြန်ဖြေလိုက်တယ်။ "ဒီမယ် လူကလေး မင်း မသိလိုက်တာ တခုက နားနေတဲ့ အချိန်တွေ တိုင်းမှာ ငါက ငါ့ ပုဆိန်ကို သွေးနေခဲ့တယ် ဆိုတာပဲ"
ဘဝမှာ ကြိုးစားနေတာချင်း တူရင်တောင် ကိုယ့်အားနည်းချက်ကို ပြင်ဆင်ကာ ကြိုတင်လေ့ကျင့်ပြီး မှန်ကန်စွာ တွေးခေါ် ရှေ့ဆက်တတ်တဲ့ သူက အမြဲ ခြေတလှမ်း သာလေ့ ရှိပါတယ်။ Crd
0 Comments