မနက်ဖြန် ဆိုတာကို ခဏ မေ့လိုက်ပါ။ သုံးစားလို့ မရတဲ့ မနေ့က အကြောင်းအရာတွေ ကိုလည်း မတွေးပါနဲ့။ သင့်ခြေတွေ လက်တွေ ပြန်စမ်းကြည့်ပါ အကောင်းအတိုင်း ရှိနေပြီ ဆိုရင် သင်ဖြစ်နေတဲ့ ပြဿနာကို ပြန်လည် သုံးသပ်ပါ။
အချစ်ရေးလား၊ တကယ်တော့ အချစ်ဆိုတာ မီးပါ။ ငြိမ်းလိုက်ရင် ငြိမ်းသွားပြီး မွေးထားရင်တော့ ဆက်လောင်ပါတယ်။ လူတယောက်မှာ အသဲ တခါ ကွဲဖူးရင် အချစ်ကို ဘယ်လို ကိုင်တွယ်ရမလဲ သိသွားပါပြီ။
ကိုယ့်ဒူး ကိုယ်တောင် မယုံရတဲ့ ခေတ်မှာ သင်က ဘယ်သူ့ကို ယုံကြည်နေချင် သေးတာလဲ။ သင်က အချစ်ကြောင့် စိတ်ညစ် နေရချိန်မှာ အိပ်ယာပေါ်မှာ နှစ်ပေါင်းများစွာ ရောဂါဝေဒနာ ခံစားနေရ သူကို ကြည့်ပါ။ အဲဒီလိုလူနဲ့ သင်နဲ့ နေရာချင်း လဲမလား။
ဘယ်လိုလဲ မလဲနိုင်ဘူး မဟုတ်လား။ နောက်တခု အိပ်ဆေးတွေ ကျွေးခံရပြီး လမ်းမှာ တောင်းရမ်းနေတဲ့ အနာဂတ်မဲ့ ကျောပိုးခံထားရတဲ့ ကလေးငယ်နဲ့ သင် နေရာချင်း လဲမလား။
ဘယ်လိုလဲ မလဲနိုင်ဘူး မဟုတ်လား။ အမှိုက်ပုံ ထဲက အမှိုက်တွေချည်း ကောက်စားနေ ရတဲ့ လူတွေနဲ့ နေရာချင်း ချိန်းမလား။
ဘယ်လိုလဲ သိပ် မငြီးတွားပါနဲ့။ အချစ်ငတ်တာ ထမင်းငတ်တာလောက် မဆိုးရွား ပါဘူး။ စီးပွားရေးကြောင့် စိတ်ညစ်နေသလား။ စိတ်မညစ်ပါနဲ့။
ဘယ်နှစ်ခါ လဲကျသွားလဲ အရေးမကြီးပါဘူး။ ဘယ်လောက် မြန်မြန် ပြန်ထနိုင်တာပဲ အရေးကြီးတာပါ။ သင့်မှာ ခြေတွေလက်တွေ အကောင်းကြီး ရှိနေတယ် မလား။
မိတ်ဆွေ အပေါင်းအသင်းတွေ ရှိနေတယ်၊ စိတ်ကောင်းတခု ရှိနေသေးတယ် ဆိုရင် သင်ပြန်ထနိုင် မှာပါ။ အကြွေးတွေ များလို့ စိတ်ညစ်နေ သလား။ အကြွေးကင်းတဲ့သူ ဆိုတာ မရှိသလောက် ရှားပါတယ်။ အလုပ် လုပ်နေသမျှတော့ အကြွေး မကင်းကြပါဘူး။
သားရေး သမီးရေးအတွက် စိတ်ပူနေသလား။ သင့်မှာ လိမ္မာ ကောင်းမွန်တဲ့ သားသမီးတွေ ရှိနေရင် အမွေပေးဖို့ လိုအပ်လို့လား။ဆိုးသွမ်းတဲ့ သားသမီး ရှိလို့ အမွေပေးရင်ရော သူတို့တွေ သုံးဖြုန်းရင် ကုန်မှာမို့ အမွေပေးဖို့ လိုသလား။
ကျွန်မတို့ မိဘတွေ လက်ထက် သားသမီး ၇ ယောက် ၈ ယောက် ၉ ယောက် ၁၀ ယောက် မွေးဖူးသူတွေ ပြန်ကြည့်ပါလား။ အခုခေတ် ကလေး၂ ယောက် ၃ ယောက် မွေးထားရုံနဲ့ ပူစရာလား။
အိမ်ထောင်ရေး အဆင်မပြေလို့ စိတ်ညစ်နေလား။ တယောက်တည်း လာပြီး တယောက်တည်း သေရွာ ပြန်ကြရမယ့် ဘဝမှာ တစုံတယောက်ကြောင့် ဘဝတိုတိုလေးမှာ စိတ်ဆင်းရဲနေတာ တန်ပါ့မလား။
စိတ်ညစ်တယ်ဆိုတာ တခုခုကို ဆုပ်ကိုင်ထား လို့ပါ။ လိုချင် ဖြစ်ချင်တာတွေ များနေလို့ပါ။ အလုပ်ကို အတတ်နိုင်ဆုံး လုပ်သင့်တာ လုပ်ပြီး ဘဝကို နေပျော်ဖို့ပဲ အရေးကြီးတာပါ။
တစုံတရာကို အလွန်အမင်း တွယ်တာ ဆုပ်ကိုင်တာကို တဏှာရူးလို့ ခေါ်ပါတယ်။ အရာအားလုံး ဖြစ်ချိန်တန် ဖြစ်ပြီး ပျက်ချိန်တန် ပျက်ပါတယ်။ ကံ ကံရဲ့ အကျိုးကို ယုံကြည်ပါ။
ဘာအတွက် ဘယ်သူ့အတွက်မှ စိတ်မညစ်နဲ့။ ယနေ့ လုပ်စရာရှိတာ ကိုသာ အကောင်းဆုံး လုပ်ပါ။ သင် တကယ် စိတ်ညစ် ရမှာက ဘဝကို ဒါန သီလ ဘာဝနာမပါဘဲ ကုန်ဆုံးသွားမှာကိုပဲ သင့်နှာသီးဝကို အောက်ဆီဂျင် ဝင်နေသမျှ ကံကောင်းနေတဲ့လူလို့ မှတ်ပါ။ ဒါဟာ ဘဝပါပဲ။ Crd
0 Comments