တဦးမေတ္တာ တဦးမှာ

တခါတုန်းက အမျိုးသား တယောက်ဟာ အဖွားအိုကြီး ရောင်းတဲ့ လိမ္မော်သီးတွေကို အမြဲ ဝယ်လေ့ ရှိတယ်။ သူ့စိတ်ကြိုက် လိမ္မော်သီးတွေ ရွေးပြီးတာနဲ့ ကီလိုချိန်တယ်။ အဲဒီအတွက် ကျသင့်ငွေတွေ ရှင်းပြီး သူ့လွယ်အိတ် ထဲပဲ ထည့်ယူသွားတယ်။

ဒါပေမဲ့ အဲဒီလို လွယ်အိတ်ထဲ လိမ္မော်သီးတွေ ထည့်တိုင်း သူလုပ်လေ့ ရှိတာကတော့ လွယ်အိတ်ထဲ ပိုက်ဆံ ရှင်းပြီးသား လိမ္မော်သီး အားလုံး ထည့်ပြီးတာနဲ့ လိမ္မော်သီး တလုံးကို အိတ်ထဲက ပြန်ထုတ်တယ်။

ဆိုင်မှာပဲ အခွံခွာပြီး လိမ္မော်သီးကို စားကြည့်တယ်။ ပြီးတော့ "ဒီလိမ္မော်သီးက အရမ်း ချဉ်တာပဲ" လို့ လိမ္မော်သီး တစိတ်ကို စားရင်း သူက ပြောပြီးတာနဲ့ ကျန်တဲ့ တလုံး လုံးကို ဆိုင်ရှင် အဖွားကြီးကို ပေးလိုက်တယ်။

အဖွားအိုကြီး ကလည်း တစိတ်စီ စားကြည့်ရင်းနဲ့ "ဘာဖြစ်လို့လဲ မချဉ်ပါဘူး။ သူက ချိုပါတယ် လူကလေးရဲ့" လို့ ပြန်ပြောတယ်ဆိုရင်ပဲ အဲဒီလူဟာ သူ့ရဲ့ လိမ္မော်သီး အိတ်ကလေး လွယ်လို့ ထွက်သွားနှင့်ပြီ ဖြစ်တယ်။

ဒီအပြုအမူဟာ သူလိမ္မော်သီး လာဝယ်တိုင်း လုပ်နေကျပါပဲ။ တခါတော့ သူနဲ့ အမြဲတူတူ လိုက်လာတဲ့ ဇနီးဖြစ်သူက နားမလည်နိုင်စွာ မေးတယ်။

"အဲဒီ အမေကြီး ဆိုင်က လိမ္မော်သီးတွေက အမြဲ ချိုပါတယ်။ ဒါပေမဲ့ ရှင်က ဘာကြောင့် အဲဒီလိုပဲ အမြဲ လုပ်နေရတာလဲ"

ထိုအခါ ယောကျာ်းဖြစ်သူက ပြုံးပြီး ပြောတယ်။ "အမေကြီးက ချိုမြိန်တဲ့ လိမ္မော်သီးတွေ အမြဲရောင်းပေမဲ့ ပိုက်ဆံ မတတ်နိုင်လို့ သူ့လိမ္မော်သီးတွေကို သူတောင် မစားဖူးဘူး။

ငါ ဒီလို လုပ်လိုက်တဲ့ နည်းနဲ့ သူက မြည်းကြည့်ရင်းပဲ ဖြစ်ဖြစ် သူ့ပိုက်ဆံ တပြားမှ မကုန်ပဲ လိမ္မော်သီး ချိုချိုလေး တလုံး စားလိုက်နိုင် တာပေါ့" တဲ့။

အဲဒီလိုပဲ အဖွားအိုရဲ့ ဘေးဆိုင်က ဈေးသည် မိန်းမကလည်း အဲဒီ အမျိုးသားကို အပြစ်တင် ဝေဖန်တယ်။ "ရှင့်ဆိုင်က လိမ္မော်သီးတွေက ချိုရဲ့သားနဲ့ အဲဒီလူက အမြဲချဉ်တယ် ပြောတယ်။ ဒါတောင် ရှင်က အမြဲ အစစ် ပိုထည့်ပေးတယ်နော်"

ဒီစကားကို ကြားတော့ အမေအိုကြီးက ကျေကျေနပ်နပ် ပြုံးလိုက်ရင်း "သူ ဒီလို လုပ်တာ ငါ့ကို လိမ္မော်သီး အလကား ကျွေးချင်လို့ ဆိုတာ ငါသိတယ်။ ငါက အစစ် ထည့်ပေးတာ မဟုတ်ပါဘူး။ သူ့ရဲ့ မေတ္တာတရားက အလေးသာ သွားတာပါ" လို့ ပြောပြလိုက်ပါတယ်။

ဘဝရဲ့ ပျော်ရွှင်မှုတွေဟာ ဒီလို သေးငယ်တဲ့ ချစ်စရာ အပြုမူလေးတွေ လိုပဲ လူသားအချင်းချင်း အသားရောင် ခွဲခြားမှု မရှိ၊ ဘာသာရေး ခွဲခြားမှုတွေ ကင်းကွာကာ အဆင့်အတန်း ခွဲခြားမှုတွေက ရုန်းထွက်ရင်း

တဦးပေါ် တဦး မေတ္တာ ထားကြရင်း တဦးပေါ် တဦး စာနာ နားလည်ပေးကြရင်းနဲ့ ပျော်ရွှင်စရာ လောကကြီးကို တည်ဆောက်ကြပါစို့လား။ phoomyatchal

Post a Comment

0 Comments