သေမင်းကို လာဘ်ထိုးသောသူ

တခါက လူတယောက်ဟာ သူငယ်စဉ်ကတည်းက ပိုက်ဆံကို မစားရက် မသောက်ရက် စုဆောင်းတယ်။ သူဟာ အသက် ၄၀ ပြည့်တဲ့အခါ သူ့လက်ထဲမှာ ဒေါ်လာ တသန်း စုမိနေပြီ။

သူ နှစ်ပေါင်းများစွာ ကြိတ်ပြီး ကြိုက်နေတဲ့ အမျိုးသမီး တယောက်ကို လက်ထပ်ခွင့် တောင်းလိုက်တယ်။

အမျိုးသမီးက လည်း သဘောတူလို့ မနက်ဖြန်မှာ လက်ထပ်ကြတော့မယ်။ တသက်လုံး စုဆောင်းလာခဲ့တဲ့ ပိုက်ဆံနဲ့ သူ့ဘဝကို ပျော်ရွှင်စွာ နေသွားတော့မယ် ဆိုပြီး သူဟာ အရမ်း ပျော်ရွှင်နေတယ်။ အရမ်းပျော်ပြီး စိတ်လှုပ်ရှားနေလို့ ညနက်မှ အိပ်ပျော်သွား ခဲ့တယ်။

သူဟာ အိပ်နေရင်း ကနေ လန့်နိုးလာတယ်။ အနက်ရောင် ဝတ်စုံရှည်ကြီး ရုံထားပြီး ခေါင်မြီးခြုံထားတဲ့ လူတယောက်ဟာ သူအိပ်နေတဲ့ ကုတင်နားမှာ လာရပ်နေတာကို ပြတင်းပေါက်က ဝင်လာတဲ့ လရောင်အောက်မှာ သူတွေ့လိုက်ရတယ်။

အဲဒီလူဟာ ဓါးကောက်ကြီး တတ်ထားတဲ့ တုတ်ရှည်ကြီး ကိုင်ထားတယ်။ ခေါင်းမြီးခြုံ အောက်မှာ ပေါ်နေတဲ့ သူ့မျက်နှာဟာလည်း အရိုးခေါင်းခွံနဲ့ တူနေတယ်။ သူလည်း အရမ်း ကြောက်သွားပြီး ရုတ်တရက် စကား မပြောနိုင် ဖြစ်နေတယ်။

နောက်မှ သူက အရဲစွန့်ပြီး အဲဒီလူကို "ခင်ဗျား ဘယ်သူလဲ" လို့ မေးလိုက်တယ်။ ဟိုလူက "ငါ သေမင်း ပဲကွ။ မင်း လူ့ပြည်မှာ နေတာ အချိန်စေ့သွားလို့ အခု လာခေါ်တာ။ လိုက်ခဲ့တော့" ဆိုပြီး သူ့လက်ကို ဆွဲပါတော့တယ်။

သူလည်း မလိုက်ချင်လို့ အတင်း ရုန်းကန်ပေမယ့် သေမင်းက အားသန်လွန်းလို့ သူဆွဲခေါ်ရာကို ပါနေတယ်။ သူဟာ ရုန်းလို့ ရမှာမဟုတ်ဘူး ဆိုတာကို သိလိုက်လို့ သေမင်းကို ခုလို တောင်းပန် ပြောလိုက်တယ်။

"ကျွန်တော့်ကို လူ့လောကမှာ ၃ ရက် ဆက်နေဖို့ ခွင့်ပြုပါလား ခင်ဗျား။ ကျွန်တော် မနက်ဖြန် လက်ထပ်တော့မှာမို့ ကျွန်တော့် မိန်းမ နဲ့ ၃ ရက်လောက် အတူ နေပါရစေ။ ကျွန်တော် စုထားတဲ့ ဒေါ်လာ တသန်းရဲ့ ၃ ပုံ ၁ ပုံကို ပေးပါမယ်"

သေမင်းက ခွင့်မပြုဘူး ဆိုပြီး သူ့လက်ကို ဆက်ဆွဲတယ်။ ဒီတော့ သူက ခုလို သေမင်း ကို ပြောလိုက်ပြန်တယ်။ "၃ ရက် နေခွင့် မရရင်လည်း ၂ ရက် လောက်တော့ ခွင့်ပြုပါလားဗျာ။ အဲဒီအတွက် ဒေါ်လာ တသန်းရဲ့ တဝက်ကို ပေးပါမယ်။ လူ့ဘဝရဲ့ စည်းစိမ် ကို မသေခင် ခံစားသွားချင် လို့ပါ"

ဒါလည်း သေမင်းက ခွင့်မပြုဘူး ဆိုပြီး ဆက်ပြီး သူ့လက်ကို ဆွဲနေတယ်။ ဒီတော့ သူက ခုလို သေမင်းကို ပြောလိုက် ပြန်တယ်။ နောက်ဆုံး သူဟာ သူ့ရဲ့ ဒေါ်လာ တသန်း လုံးကို ပေးပါမယ်။ လူ့လောကမှာ တရက်လေးပဲ နေခွင့်ပေးပါ တဲ့။ သေမင်းက မရဘူးလို့ အပြတ် ပြောလိုက်တယ်။

ဒီတော့ သူ သိလိုက်ရပြီ။ သေမင်းကို ဘယ်လိုမှ ဈေးဆစ်လို့ ရမှာ မဟုတ်တော့ဘူး။ ဒါကြောင့် သူက သေမင်းကို စာလေး တစောင်တော့ ရေးခဲ့ပါရစေ လို့ ခွင့်တောင်းလိုက်တယ်။

ဒါကိုတော့ သေမင်းက ခွင့်ပြုပေး လိုက်တယ်။ သူလည်း ကုတင်ဘေး စားပွဲပေါ်က စာရွက် တစ်ရွက်ပေါ်မှာ စာကို ကမန်းကတန်း ချရေးလိုက်တယ်။

သူရေးလိုက်တာက " မိတ်ဆွေတို့၊ လူ့လောကမှာ နေရတဲ့ အခိုက်အတန့်လေးမှာ သင့်တို့ဘဝကို အကျိုးရှိအောင် လုပ်ပါ။ ကျွန်တော် တရက်လေး ဆက်နေချင်လို့ ဒေါ်လာ တသန်း ပေးတာတောင် နေခွင့် မရခဲ့ပါဘူး။

ကျွန်တော့်ရဲ့ အဖြစ်အပျက်ကို ကြည့်ပြီး အချိန်ဆိုတာ ဘယ်လောက် အဖိုးတန်တယ် ဆိုတာကို မိတ်ဆွေတို့ သိလောက်ပါပြီ" တဲ့။ crd

Post a Comment

0 Comments