ခြေစုံပစ် မဝင်ခင် စဉ်းစားပါ

တခါတုန်းက မြေခွေးတကောင်ဟာ ညမှောင်မှောင်မှာ လှည့်လည် အစာရှာဖွေ နေသည်။ ကံမကောင်းစွာပဲ မြေခွေးဟာ ရေတွင်းဟောင်း တခုထဲ ကျသွားခဲ့သည်။

ရေတွင်းထဲက ပြန်တက်နိုင်ဖို့ သူအကောင်းဆုံး ကြိုးစားခဲ့ သော်လည်း ဘယ်လိုမှ တက်လို့ မရ ဖြစ်နေခဲ့သည်။ မြေခွေးဟာ အဲဒီလိုနဲ့ နောက်တရက် မိုးလင်းလာတဲ့ အထိ တညလုံး ရေတွင်းထဲမှာ စောင့်ဆိုင်း နေရသည်။

နောက်တနေ့မှာ ဆိတ်တကောင်ဟာ လမ်းလေး အတိုင်း လမ်းလျှာက်လာရင်း ရေတွင်းထဲက အသံကြားတာနဲ့ ရေတွင်းထဲကို ငုံ့ကြည့် လိုက်တော့ မြေခွေးကို တွေ့လိုက်ရသည်။ ဆိတ်က "ကိုမြေခွေး ဘာလုပ်နေတာလဲ" ဟု မေးလိုက်သည်။

ကောက်ကျစ်စဉ်းလဲတဲ့ မြေခွေးက "ငါရေသောက်ဖို့ ဆင်းလာတာ။ ဒီရေဟာဟာ ငါသောက်ဖူးတဲ့ ရေတွေထဲမှာ အရသာ အရှိဆုံးပဲ။ လာမြည်းကြည့် ပါဦး" ဟု ပြောလိုက်သည်။

ရေငတ်နေတဲ့ ဆိတ်ဟာ ပြန်တက်လမ်း ကြည့်ရှုခြင်း၊ ရေ ရှိမရှိ ကြည့်ရှုခြင်း၊ စဉ်းစား‌ မြော်မြင်ခြင်း မရှိဘဲ ရေတွင်းထဲကို ခုန်ချကာ ရေသောက်ဖို့ ကြိုးစားခဲ့သည်။

ရေတွင်း အောက်ခြေ ရောက်ရှိ ပြီးနောက် ရေသောက်လို့ ရေက ဘာမှမထူးကြောင်း သိရှိပြီးမှသာ ဆိတ်လည်း မြေခွေး ကဲ့သို့ပင် ရေတွင်းပေါ် ပြန်တက်ရန် အကူအညီ မဲ့နေကြောင်း သိတော့သည်။

အဲဒီနောက်တော့ မြေခွေးက "မင်းရဲ့ နောက်ခြေထောက်ပေါ် ရပ်ပြီး ရှေ့ခြေကို ရေတွင်းဘောင် အတိုင်း မြောက်ထားလိုက် မင်းခေါင်းပေါ်ကို တက်ပြီး ရေတွင်းထဲက ငါထွက်မယ်။ ငါအပြင်ရောက်မှ မင်းထွက်နိုင်အောင် ငါကူပေးမယ်" ဟု ပြောလိုက်သည်။

ရိုးအလွန်းတဲ့ ဆိတ်ဟာ မြေခွေးရဲ့ ကောက်ကျစ်တဲ့ စိတ်ထားကို နားမလည်နိုင်ပဲ မြေခွေး ပြောခဲ့သလို လိုက်လုပ်ခဲ့တဲ့ အတွက် မြေခွေးဟာ ဆိတ်ရဲ့ ခေါင်းကို နင်းပြီး ရေတွင်းမှ တက်နိုင်ခဲ့သည်။

ရေတွင်းအပြင် ရောက်တာနဲ့ မြေခွေးဟာ ရေတွင်းနဲ့ ဝေးရာကို လမ်းလျှောက် ထွက်ခွာ သွားရင်း "မင်းမှာသာ လုံလောက်တဲ့ဉာဏ်ပညာ ရှိရင် ထွက်လမ်း မရှိတဲ့ နေရာကို ဘယ်တော့မှ ဝင်မိမှာ မဟုတ်ဘူး" ဟု ဆိတ်ကို ပြောခဲ့သည်။

သင်ခန်းစာ။ ။ နေရာသစ် တခုကို၊ ပတ်ဝန်းကျင်သစ်ကို၊ ခြေစုံပစ် မဝင်ခင် ဘဝသစ်ကို မစခင် ဘက်ပေါင်းစုံက စဉ်းစားပါ။ မျက်မမြင် လမ်းလျှောက်သလို မလုပ်ပါနဲ့။ Crd

Post a Comment

0 Comments