ရှေးအခါက ဗာရာဏသီပြည်မှာ တိုင်းပြည်အသီးသီမှ မင်းညီမင်းသား ငါးရာကို ပညာ သင်ကြားပေးသော နာမည်ကျော် ဆရာကြီးတယောက် ရှိ၏။ ဆရာကြီးသည် တပည့်အပေါင်းတို့ တတ်သင့် တတ်အပ်သော ပညာရပ်များကို သင်ကြားပေးလျက် ရှိသည်။
ထိုဆရာကြီး၌ အရွယ်ရောက်ပြီ ဖြစ်သော အင်မတန်မှ ချောမောလှပတဲ့ သမီးတယောက် ရှိလေ၏။ ဆရာကြီး၏သမီး ရုပ်ရည်ချောမော လှပသောကြောင့် မင်းညီမင်းသား အပေါင်းတို့ ကလည်း ချစ်ခင်စုံမက် ကြ၏။
ဆရာကြီးသည် အရွယ်ရောက်လာပြီဖြစ်သော သမီးလေး၏ နောင်ရေးအတွက် ရှေးရှု့၍ တပည့်များအတွင်းမှ သီလ သမာဓိနှင့် ပြည့်စုံသောသူ တယောက်ကို သမီးတော်နှင့် လက်ဆက်ပေးရန် ကြံရွယ်လိုက်သည်။
တနေ့သ၌ ဆရာကြီးသည် တပည့် အပေါင်းအားလုံးကို ခေါ်၍ "အမောင်တို့ ငါ့သမီးသည် အရွယ် ရောက်ပြီ၊ ထိမ်းမြားလက်ထပ်ခြင်းကို ပြုမည်။ သို့အတွက် အဝတ်တန်ဆာ ရှာရန် သွားကြကုန်။ မိဘဆွေမျိုးတို့ မသိအောင် ခိုးယူခဲ့ကြကုန်" ဟု စေခိုင်းလိုက်သည်။
ထိုစကားကို ကြားသောအခါ တပည့်အပေါင်းတို့သည် မိမိတို့ ရပ်ရွာသို့ အရောက် ပြန်ကြ၍ ဆရာကြီး အမှာရှိသည့် အတိုင်း မိဘဆွေမျိုးများ မသိအောင် အသီးသီး ရွှေငွေ ရတနာ အမြောက်အများကို ခိုးယူခဲ့ကြ၏။
ထို့သို့ ခိုးယူခဲ့ပြီး နောက်မှာတော့ ဆရာကြီးရှိရာ ဗာရာဏသီပြည်သို့ အပြေး ပြန်လာခဲ့ကြသည်။
ထိုအခါ ဆရာကြီးက မိဘဆွေမျိုးများ ဆီက မသိအောင် ခိုးယူခိုင်း လာသော ရတနာပစ္စည်းများကို တပည့် တယောက်ချင်းစီမှ တောင်းယူ ကြည့်ရှု့၍ မှတ်သားထားခဲ့သည်။
တပည့်အားလုံး ပြီးလို့ နောက်ဆုံးတယောက် အရောက်မှာတော့ မည်သည့်ရတနာပစ္စည်းမှ ယူဆောင်လာခြင်း မရှိသော တပည့်ကို တွေ့ရှိရ ပါတော့သည်။
ဆရာကြီးက "အမောင်လုလင် မင်းက ငါ၏ အင်မတန် ချောမောလှပသည့် သမီးတော်ကို စိတ်ဝင်စားမှု မရှိသလော" ဟု မေးမြန်းလိုက်ပါတယ်။ ထိုအခါ လုလင်က "ဆရာကြီး၏ သမီးလေးကို အင်မတန်မှ ချစ်မြတ်နိုးလှ ပါသည်" လို့ ဖြေကြားလိုက်သည်။
ထိုအခါ ဆရာကြီးက အံ့အားသင့်၍ "ဒါဆို အဘယ်ကြောင့် ရတနာတွေ မယူဆောင်ခဲ့ရ သနည်း" ဟု မေးလိုက်ပြန်သည်။ ဒီတော့မှ လုလင်က
"ဆရာကြီးခင်ဗျာ ကျွန်ုပ်သည် လူမှန်း သိတတ်စ အရွယ်တည်းက ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းလာသောသူ တယောက် ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်၏ သီလနှင့်တော့ ကျွန်ုပ် မည်သည့် အရာကိုမှ မလဲနိုင် သောကြောင့် မခိုးယူ၊ မယူဆောင်ခဲ့ခြင်း ဖြစ်သည်" ဟု ရှင်းပြလိုက်သည်။
ထို့နောက်မှာ လုလင်က ဆက်ပြီး "မကောင်းမှု ပြုသူသည် စိတ်ကွယ်ရာအရပ် မရှိ၊ ကျွန်ုပ်သည် မကောင်းမှုကို ရှေ့တွင်လည်း မပြုသလို ကွယ်ရာမှာလည်း မပြုလုပ်ပါ ဆရာကြီး" ဟု လျှောက်တင်လိုက် ပါတော့သည်။
ထိုစကား ကြားလိုက်ရသောအခါ ဆရာကြီးက တပည့်ဖြစ်သူ လုလင်လေးကို အလွန် ကြည်ညို၍ "အမောင်လုလင် ငါ၏ အိမ်၌ ဥစ္စာမရှိသည် မဟုတ်ပေ၊ အကျင့်သီလနှင့် ပြည့်စုံသူအား သမီးကို ပေးမည်ဟု ကြံစည်ကာ လုလင်တို့ကို ယခုလို စမ်းစစ် ရခြင်းဖြစ်သည်။
သင်သည် အကျင့်သီလနှင့် ပြည့်စုံသောသူ ဖြစ်သောကြောင့် ငါ၏ သမီးလေးသည် သင်နှင့်သာ ထိုက်တန်သည်။ သင့်ကို သမီးတော်နှင့် ထိမ်းမြားပေးမည်" ဟု ဆိုလိုက်သည်။
ထို့နောက်မှာတော့ တခြားတပည့်များ အားလုံး ကိုလည်း မိမိတို့ ယူဆောင်လာသော ပစ္စည်းများကို မိမိအိမ်သို့ ပြန်လည်ယူဆောင်၍ မိဘဆွေမျိုးများ အားလုံးကို တောင်းပန်ရန် မှာကြား၍ ပြန်လွှတ်လိုက် ပါတော့သည်။ Cartoon Bakery
0 Comments