တမာပင်ကြီး

တခါတုန်းက ရွာလေးတရွာမှာ အဖိုးအိုနဲ့ မြေးလေး တို့အိမ်တအိမ်မှာ အတူတူ နေကြသတဲ့ကွယ်။ အဖိုးအိုက အသက်က ၆၅ နှစ်၊ သူ့မြေးလေးရဲ့ အသက်က ၁၄ နှစ်ပေါ့။

တနေ့တော့ အဖိုးအိုနဲ့ သူ့မြေးလေးတို့ဟာ ရွာကနေ မြို့ကို ပစ္စည်းတွေ သွားဝယ်ဖို့ ရွာကနေ ထွက်လာသတဲ့ကွယ်။ သူတို့နှစ်ယောက် မြို့ကို မရောက်ခင် နှစ်ယောက်သား ဗိုက်ဆာလာကြတယ်။ ခြေလျှင် ခရီးလည်း ဖြစ်တော့ ပိုပင်ပန်းတာပေါ့။ 

အဲ့ဒါနဲ့ နှစ်ယောက်သား မြို့ကို ရောက်အောင် အမြန်သွားကြတယ်။ မြို့လည်း ရောက်ရော ကိတ်မုန့်ရောင်းတဲ့ ဆိုင်ထဲကို ဝင်သွားကြတယ်။ ကိတ်မုန့်ဆိုင်က ကိတ်မုန့်တွေကို မှန်ကောင်တာထဲမှာ စီထားတယ်။ အဖိုးအိုက သူ့မြေးလေးကို မေးတယ်။ ဘယ်ကိတ်မုန့် စားချင်သလဲပေါ့။

မြေးလေးက ကိတ်မုန့် အကြီးကြီး စားချင်တာလို့ ဖြေတယ်။ အဖိုးအိုက "မဟုတ်သေးပါဘူး။ အဲ့ကိတ်မုန့် အကြီးကြီးတွေက အာဟာမပြည့်ဘူး။ သေးသေးလေးနဲ့ အာဟာရပြည့်တဲ့ ကိတ်မုန့်တွေ စား" လို့ သူ့မြေလေးကို ပြောတယ်။ အဖိုးအိုက သေးသေးလေးနဲ့ အာဟာရရှိတဲ့ ကိတ်မုန့်လေး ဝယ်လာခဲ့တယ်။

လမ်းမှာ နှစ်ယောက်သား ဝယ်လာတဲ့ ကိတ်မုန့်တွေကို စားရင်း ခရီးဆက် ထွက်လာကြတယ်။ အဖိုးက သူ့မြေးလေးကို ပြောပြတယ် "မြေးလေး၊ မုန့်ဆိုင်မှာ မြေးလေးက ကိတ်မုန့် အကြီးကြီး စားချင်တယ်လို့ ပူဆာတော့ မြေးလေးကို အဖိုးက မဝယ်နဲ့လို့ ပြောတာ မစားစေချင်လို့ မဟုတ်ပါဘူး။

ဒီလိုကွယ့် ကမ္ဘာမှာ ကြီးတဲ့ အရာတိုင်း ကောင်းတာမဟုတ်ဖူး ဆိုတာကို နားလည်အောင် မြေးလေးကို ပုံပြင် တပုဒ် ပြောပြမယ် နားထောင်" ဆိုပြီး သူ့မြေးလေးကို ပုံပြင်တပုဒ် ပြောပြသတဲ့ကွယ်။

ဟိုရှေးရှေးတုန်းက လူတွေ မနေတဲ့ နေရာမှာ တမာပင်ကြီးတပင် ရှိတယ်။ တမာပင်ကြီးရဲ့ ဘေးမှာ သစ်ပင် ပန်းပင် သေးသေးလေးတွေပဲရှိတယ်။ သူ့လို တမာပင်ကြီး မရှိဘူး။ အဲ့ဒီလို မရှိတော့ တမာပင်ကြီးက သူကသာ အကြီးဆုံး၊ အကောင်းဆုံး၊ အသုံးဝင်ဆုံး လို့ ထင်နေတာပေါ့။

သစ်ပင်လေးတွေ ပန်းပင်လေးတွေ ကလည်း သူ့ကို ပြောပြတယ်။ အဲ့လောက်ကြီး မာနမကြီးဖို့နဲ့ သူ့ထက် အသုံးဝင်တဲ့ အပင်တွေ ရှိကြောင်းပြောပြတယ်။ ဒါပေမဲ့ တမာပင်ကြီးက နားမထောင်ဘူး၊ ဆက်ပြီးတော့ သူ့ကိုယ်သူ မာန်ထောင်နေတာပေါ့။

တနေ့ တမာပင်ကြီး အနားမှာရှိတဲ့ အပင်လေးတပင်က မြို့ကိုသွားစရာ ကိစ္စတခု ရှိတယ် ဆိုပြီး တမာပင်ကြီးကို ဘာမှာလိုက်အုံးမလဲလို့ မေးတယ်။ တမာပင်ကြီးကလည်း ငါ့လောက်ကြီးပြီး အသုံးဝင်တဲ့ အပင်တွေ့ ရင် ခေါ်ခဲ့စမ်းကွာလို့ မြို့ကို သွားတော့မဲ့ သစ်ပင်လေးကို မှာလိုက်သတဲ့ကွယ်။

တောအုပ်ထဲက ထွက်လာခဲ့တဲ့ သစ်ပင်လေးလည်း မြို့ကို ရောက်တော့ မြေသြဇာတွေ ဝယ်ဖို့ ခြံတခြံကို ရောက်သွားတယ်။ ရောက်သွားတော့ သူမြင်လိုက်တာက အလွန်လှပတဲ့ နှင်းဆီပင်တွေကို လူတွေ အများကြီး ရွေးပြီး ဝယ်နေတာကို တွေ့လိုက်သတဲ့ကွယ်။

ဟိုနှင်းဆီ အဖြူပင်လေးပေးပါအုံး၊ ဟိုနှင်းဆီ အနီပင်လေး ပေးပါအုံး စသဖြင့် နှင်းဆီပင်တွေကို လူတွေ အများကြီး ဝယ်နေကြတာ တွေ့သတဲ့ကွယ်။

အဲ့ဒါကို သစ်ပင်လေးက မြင်ပြီး ငါတို့ တောအုပ်ထဲက တမာပင်ကြီးကို သူ့ထက် အပင်သေးပေမဲ့ လူတွေ တော်တော်ကြိုက်ပြီး စိုက်ပျိုးကြတဲ့ နှင်းဆီပင်တွေ ရှိကြောင်း ပြောပြရမယ်လို့ တွေးရင်း တောအုပ်ထဲကို ပြန်လာခဲ့တယ်။ မြို့ကနေ ပြန်လာတဲ့ သစ်ပင်လေး တောအုပ်ထဲ ရောက်တော့ တမာပင်ကြီးကို ပြောပြတယ်။

"ခင်ဗျားက အကြီးကြီးသာ ဖြစ်တာ၊ လူတွေအတွက်ရော အကြိုက်ရော နှင်းဆီပင်တွေကို မယှဉ်နိုင်ပါဘူးဗျာ" လို့ ပြောတယ်။ တမာပင်ကြီးကလည်း သူ့ကို အဲ့လို ပြောတော့ စိတ်တိုသွားပြီး ပြန်ပြောတယ်။

"အောင်မာ ဟုတ်လား၊ အဲ့ဆို ငါ့လိုက်ပြစမ်း အဲ့သေးသေးလေးနဲ့ လူတွေ တော်တော်ကြိုက်တဲ့ နှင်းဆီပင်တွေ ရှိတဲ့ နေရာကို" လို့ပြောတယ်။ မြို့က ပြန်လာတဲ့ သစ်ပင်လေးကလည်း "ဟုတ်ပြီ လိုက်ပြမယ် လိုက်ခဲ့" ဆိုပြီး ပြောသတဲ့ကွယ်။

အဲ့ဒါနဲ့ သစ်ပင်လေးနဲ့ တမာပင်ကြီးနဲ့ က တောအုပ်ထဲက ထွက်ပြီး မြို့ကို သွားကြတာပေါ့။ မြို့လည်းရောက်ရော သစ်ပင်ပန်းပင်တွေ ရောင်းတဲ့ဆိုင်ကို နှစ်ယောက်သား ဆက်သွားကြတယ်။ သစ်ပင် ပန်းပင်တွေ ရောင်းတဲ့ နေရာလည်း ရောက်ရော တမာပင်ကြီးက နှင်းဆီပင်တွေကို လူတွေ လုပြီး ဝယ်နေကြတာကို တွေ့သွားသတဲ့ကွယ်။

ဒါကို တမာပင်ကြီးက အမြင်မှန် မရသေးဘဲ လူတွေကြားအောင် "ငါဟာ အဲ့ဒီ သစ်ပင်တွေထက် ပိုပြီးကြီးတယ်ကွ။ မင်းတို့က အလကား သေးသေးလေးကို အဟုတ် ထင်နေတယ်။ မင်းတို့က ညဏ်မရှိတဲ့ ကောင်တွေ" ဆိုပြီး အကျယ်ကြီး အော်လိုက်သတဲ့ကွယ်။

လူတွေက သူတို့ကို ပြောတော့ ပုဆိန်တွေ ယူပြီး စိတ်တိုတိုနဲ့ တမာပင်ကြီးကို ဝိုင်းခုတ်ကြတာပေါ့။ တမာပင်ကြီးမှာ နာကျင်ပြီးတော့ ပြိုလဲ သွားသတဲ့ကွယ်။ နောက်ပြီး လူတွေထဲက တယောက်က "ဒီသစ်ပင်က ကြီးသာ ကြီးတာ ဘာမှ အသုံးမဝင်ပါဘူးကွာ။ သူ့ရဲ့ သစ်ပင် အသားတွေကို မီးသာ ရှို့လိုက်ကွာ" လို့ ပြောသတဲ့ကွယ်။

အဲ့လိုနဲ့ နောက်ဆုံး ကိုယ့်ကိုယ်ကို အကြီးမားဆုံး ထင်တဲ့ တမာပင်ကြီးဟာ မီးစာအဖြစ် ရောက်သွားသတဲ့ကွယ် လို့ အဖိုးအိုက သူမြေးလေးကို ကြီးမားပေမဲ့ အသုံးမဝင်၊ အရာမရောက်တဲ့ အကြောင်း ပုံပြင်လေးနဲ့အတူ ပြောပြလိုက်ပါတော့တယ်။ Crd

Post a Comment

0 Comments