ဖိနပ်စုတ်ကလေး

"မောင်ဇော်ဝင်းမောင် ဧည့်သည်" အဆောင် စာကျက်ခန်းမှာ စာကျက်နေတဲ့ ကျနော်ဟာ ဆရာမ အသံကြောင့် ဧည့်ခန်းဘက်ကိုထွက်လာ ခဲ့တယ်။ ဧည့်ခန်း ဖိနပ်ချွတ် မှာတော့ အမြီးပြတ်ပြီး စုတ်ပြတ်နေတဲ့ ဖိနပ်တရံ။ ကျနော် နှာခေါင်း ရှုံလိုက်မိတယ်။

ဧည့်ခန်းထဲ ဝင်မိတော့ ကုလားထိုင်မှာ ထိုင်ပြီး ကွမ်းသွေးတွေ ရဲနေတဲ့ သွားတွေ ပေါ်အောင် ပြုံးနေတဲ့ အဖေ။ အဝတ်အစားကလည်း ဖရိုဖရဲ။ "အဖေ သားအတွက် ငရုပ်သီးကြော်ရယ် မြေပဲကြော်ရယ် မုန့်ဖိုးရယ် လာပို့တာလေ"

အဖေက ပြောပြောဆိုဆို ငရုပ်သီးကြော်ပုလင်း၊ မြေပဲကြော်ပုလင်း မုန့်ဖိုး ငွေတချို့ ထုတ်ပေးရင်း ကျနော်ကို ပြုံးကြည့် နေတယ်။

"အဖေရယ် လူကြုံနဲ့ ပေးလိုက်ရောပေါ့။ လာရင်လည်း အဝတ်အစား သပ်သပ်ရပ်ရပ်နဲ့ လာပေါ့။ အခုဟာက စုတ်ပြတ်နေတာဘဲ။ အဖေ့ ဖိနပ်ကလဲ အမြှီးပြတ်၊ စုတ်ပြတ်နေတာဘဲ။ အခြား သူငယ်ချင်းတွေ တွေ့ရင် သား သိက္ခာ ကျမှာပေါ့"

"အင်းပါ သားရယ်၊ မတ္တရာမှာ အသီးအနှံ ပို့ရင်း သားကို မတွေ့တာ ကြာလို့ အဖေ တွေ့ချင်လို့ မန္တလေး ဆင်းလာတာ ပါကွယ်။ နောက် လာရင် အဖေ သပ်သပ်ရပ်ရပ် လာခဲ့ပါ့မယ်။ အဖေ ပြန်မယ်နော်သား ကျန်းမာရေး ဂရုစိုက်အုံး"

ခေါင်းငိုက်စိုက်နဲ့ ပြန်သွားတဲ့ အဖေကို ကြည့်ရင်း စိတ်ထဲ တမျိုး ဖြစ်မိသွားသည်။ ဒီနောက်ပိုင်း အဖေ ပေါ်မလာတော့ပါ။ ကျနော်တို့ နေတာ မတ္တရာမြို့နယ် ကျောက်တံတာရွာမှ ၁၀ မိုင်လောက် ဝင်ရတဲ့ ရွာလေးတရွာမှာ အသီးအနှံတွေ စိုက်စားတဲ့မိသားစုလေးပေါ့။

အမနှစ်ယောက် ရှိပေမဲ့ ရွာမူလတန်း ကျောင်းလေးမှာ ၄ တန်း အထိ ပညာသင်ခဲ့ရတာ အငယ်ဆုံးသား ကျနော် ကတော့ အလယ်တန်းကို မတ္တရာမှာထား၊ ၉ တန်းအောင် ၁၀ တန်း ရောက်တော့ အဖေက ပညာတတ်စေချင်သည့် အတွက် အမေ တားသည့် ကြားက မန္တလေးက ဘော်ဒါတခုမှာ ကျောင်းအိပ် ကျောင်းစား ပို့ကာ ကျောင်းထားပေးသည်။

ကျနော်တို့ ၁၀ တန်း စာမေးပွဲ နီးလာပြီ။ အဖေက မန္တလေး မလာတော့ မကြီးတလှည့် မလေးတလှည့်သာ လာသည်။ အဖေကိုမေးတော့ အဖေ စိုက်ခင်းတွေကို စိတ်မချလို့ မလာတာတဲ့။ အမတွေ မျက်နှာမကောင်း။ ဘာလို့လဲ မေးတော့ ခရီးပန်းလို့တဲ့။

၁၀ တန်းတွေ စာမေးပွဲ ပြီးတော့ မကြီး လာကြိုတယ်။ ရွာအဝင် လမ်းမကြီးဘေး ပြေးလွှားရင် အိမ်ဝင်းထဲသို့ ရောက်တော့

"အဖေ၊ အမေ၊ သားပြန်လာပြီလေ စာမေးပွဲလည်း ဖြေနိုင်တယ်" လို့ ပြောပြီး ပြေးဝင်လာတော့ အမေက "သား" လို့ အော်ရင် ပြေးဖက် ငိုပါလေရော။

မကြီးနဲ့ မလေးလည်း ဝိုင်းဖက် ငိုကြတယ်လေ။ အဲဒီတော့မှ

"အမေ၊ အဖေရောဟင်"

"သား မင်းအဖေ ပိုးထိလို့ ဆုံးတာ ၁ လလောက် ရှိပြီကွဲ့"

"ဗျာ၊ အဲဒါ ဘာလို့ မပြောတာလဲ အမေ"

"နင့် အဖေက မပြောရဘူးတဲ့။ ငါ့သား စာမေးပွဲ အတွက် စိတ်အနှောင့်အယှက် ဖြစ်မယ်တဲ့။ သား ဘော်ဒါကြေး အတွက် မတ္တရာက သီးနှံပွဲရုံက ငွေတွေ ထုတ်ထားတာ ပြန်ဆပ်နေရတော့ မိသားစု စားဖို့ ညဖက် နင့်အဖေ ငါးရှာရတယ်လေ။

နင့်ပညာရေးအတွက် သူ့မှာ အဝတ်အစားတောင် မဝယ်နိုင်ဘူး။ အစုတ်နဲ့။ မိန်းမနဲ့ သမီးအပျို ၂ ယောက် အတွက် ဦးစားပေးရ သေးတယ်လေ။ ဟိုမှာ နင့်အဖေ စီးခဲ့တဲ့ ဖိနပ်လေး ကြည့်ပါဦး သားရယ်။

ညဖက် ငါးရှာရင်း ပိုးထိတာ သိတဲ့အချိန် နောက်ကျသွားပြီးလေ။ အမေတို့ အသက် မှီရုံလေး။ နောက်ဆုံး အသက်ငွေ့ငွေ့မှာ မှာသွားသေးတယ်။ တကယ်လို့ သူ သေသွားရင် သားကို စာမေးပွဲ ပြီးမှပြောပါတဲ့။ ပြီးတော့ သားကို ဘွဲ့ရအောင် ထားပါ လို့ မှာသွားသေးတယ် သားရယ် ဟင့် ဟင့်ဟင့်"

ကျနော် မျက်ရည်တွေ ကျရင်း နောင်တတွေနဲ့ ခေါင်းရင်းမှာ ထောင်ထားတဲ့ အဖေ့ ဖိနပ်စုတ်လေးကို ရင်မှာ ပိုက်ရင်း အားရပါးရ အော်လိုက်မိပါတယ်။ "အဖေ" Crd

Post a Comment

0 Comments