ရှေးတုန်းက အီဂျစ်တွေက သစ်သားဇွန်းတွေကို စားသောက်ဖို့အတွက်တင် အသုံးပြုတာမဟုတ်ပါဘူး။ အလှအပအတွက်လည်း အသုံးပြုသလို ရိုးရာဓလေ့ပွဲတွေမှာလည်း အသုံးပြုကြပါတယ်။
ယနေ့ခေတ်မှာတော့ ပလက်စတစ်ဇွန်း၊ စတီးဇွန်း၊ ဆီလီကွန်ဇွန်းတွေ ပေါ်ပေါက်လာပြီး သစ်သားဇွန်းကို အသုံးပြုမှုနည်းလာကြပါတယ်။ အဲဒါကြောင့် သစ်သားဇွန်းကို ပြန်လည်အသုံးပြုသင့်တဲ့ အကြောင်းအရင်းတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အစားအသောက်တွေကို ပိုပြီးအရသာရှိစေတယ်။
သစ်သားအမျိုးအစားပေါ်မူတည်ပြီး သစ်သားဇွန်းတွေက အစားအသောက်တွေကို ပိုပြီး အရသာရှိစေပါတယ်။ သစ်သားတွေမှာ မတူညီတဲ့အရသာတွေ ရှိကြပါတယ်။ သစ်သီးပင်တွေရဲ့သစ်သားနဲ့ ပြုလုပ်ထားတဲ့ဇွန်းတွေက ချိုတဲ့အရသာကို ပေးပါတယ်။
သံလွင်သီးပင်၊ သစ်ကြားပင်၊ ဝက်သစ်ချပင်တို့ရဲ့သစ်သားနဲ့လည်း ဇွန်းတွေ ပြုလုပ်ကြပါတယ်။ အဲဒီလိုသစ်သားဇွန်းတွေနဲ့ စားတဲ့အခါ ဟင်းက အရသာပိုရှိပြီး ရနံ့လည်း အနည်းငယ်ပိုမွှေးပါတယ်။
၂။ ကိုင်ရတာ ပိုကောင်းပါတယ်။
သစ်သားဇွန်းနဲ့ စတီးဇွန်း၊ ဆီလီကွန်ဇွန်းတို့ကို နှိုင်းယှဉ်ပြီး ကိုင်မယ်ဆိုရင် သစ်သားဇွန်းက ကိုင်ရတာ ပိုပြီး နူးညံ့ပါတယ်။ ဇွန်းရဲ့လက်ကိုင်က ရှည်ပြီး ကိုင်ရတာလည်း လွယ်ကူပါတယ်။
၃။ သစ်သားဇွန်းက ပိုပြီးအန္တရာယ်ကင်းပါတယ်။
ပလက်စတစ်ဇွန်းတွေက အပူနဲ့ထိတွေ့တဲ့အခါမှာ ဓာတုဓာတ်ပြုမှုဖြစ်ပြီး ကျန်းမာရေးကို ထိခိုက်စေပါတယ်။ သတ္တုဇွန်းတွေကလည်း အချို့အစားအစာတွေနဲ့ ထိတွေ့ရင် အက်စစ်ဓာတ်ပြုမှုတွေ ဖြစ်ပေါ်ပါတယ်။ သစ်သားဇွန်းကတော့ အပူချိန်နဲ့တွေ့လည်း ဘာမှမဖြစ်ပါဘူး။
အစားအစာတိုင်းနဲ့ ထိတွေ့လည်း ဘာအန္တရာယ်မှ မဖြစ်စေပါဘူး။ သစ်သားဇွန်းမှာ ဘက်တီးရီးယားတွေပေါက်ဖွားနိုင်တယ်လို့ လူအများစုက ထင်ကြပေမယ့် လက်တွေ့မှာတော့ မဟုတ်ပါဘူး။ သတ္တုဇွန်းတွေကို သေသေချာချာမဆေးကြောရင် ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်ပါတယ်။
၄။ ရှေးတုန်းက လူတွေက သစ်သားဇွန်းနဲ့ပဲ စားခဲ့ကြပါတယ်။
ပလက်စတစ်ဇွန်းတွေ၊ စတီးဇွန်းတွေ၊ ဆီလီကွန်ဇွန်းတွေ မပေါ်ခင်က အဘိုးအဘွားတွေဟာ သစ်သားဇွန်းနဲ့ပဲ စားသောက်ခဲ့ကြပါတယ်။အတူတူချက်ထားတဲ့ဟင်းတစ်မျိုးတည်းကိုပဲ သစ်သားဇွန်းနဲ့ စတီးဇွန်းနဲ့ယှဉ်စားရင်တောင် အရသာက မတူပါဘူး။ သစ်သားဇွန်းက ဟင်းလျာရဲ့အရသာကို စုပ်ယူထားပါတယ်။
၅။ သစ်သားဇွန်းတွေက ပိုပြီး ခိုင်ခံ့ပါတယ်။
စတီးဇွန်းနဲ့ ပလက်စတစ်ဇွန်းတွေက အရောင်မလှတာ၊ ကွေးသွားတာ၊ ကျိုးသွားတာတို့ ဖြစ်နိုင်ပါတယ်။ သစ်သားဇွန်းကတော့ ခိုင်မာတာကြောင့် အချိန်ကြာကြာအသုံးပြုနိုင်ပါတယ်။ ပြီးတော့ ချက်ပြုတ်တဲ့အခါမှာလည်း ကိုင်ရတာ ပိုကောင်းပါတယ်။
၆။ သစ်သားဇွန်းတွေက သဘာဝပတ်ဝန်းကျင်အတွက် သင့်တော်ပါတယ်။
သင်က သဘာဝပတ်ဝန်းကျင်ကို ချစ်တဲ့သူတစ်ယောက်ဆိုရင်တော့ သစ်သားဇွန်းကို ရွေးချယ်သင့်ပါတယ်။ သစ်သားဇွန်းက ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းဖြစ်တာကြောင့် တစ်ခါသုံးပလက်စတစ်ဇွန်းတွေလို သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေပါဘူး။
သစ်သားဇွန်းတွေက စိတ်မချရတဲ့ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတာမဟုတ်လို့ စိတ်ချလက်ချ အသုံးပြုလို့ရပါတယ်။ သစ်သားဇွန်းတွေကို ဝယ်ယူအသုံးပြုတာက လက်မှုပညာရှင်တွေကို အားပေးရာလည်း ရောက်စေပါတယ်။
သစ်သားဇွန်းတွေကို ကြာရှည်ခံအောင် ဘယ်လိုသိမ်းမလဲ။
သစ်သားဇွန်းကို ပန်းကန်းဆေးစက်ထဲ ထည့်မဆေးသင့်သလို ရေထဲမှာလည်း မစိမ်ထားသင့်ပါဘူး။ စားပြီးတဲ့အခါ ဆပ်ပြာနဲ့ဆေးပြီး ချက်ချင်း ခြောက်သွေ့သွားအောင် သုတ်ပေးပါ။ သစ်သားဇွန်းကို ကြာရှည်ခံဖို့၊ အရောင်လှဖို့ နှမ်းကြတ်ဆီ၊ နှမ်းဆီတို့နဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။
Zombie (lovemedia)
0 Comments