"ခြောက်ထောင်နဲ့ ရမလား၊ ခြောက်ထောင်နဲ့ ရရင် ယူမယ်" ဘုရားရေ၊ ကိုယ့်မှာ မျက်နှာတွေ က ပူလှပြီ။ တကယ် ခင်ဗျ၊ တကယ်။ မိန်းကလေး အများစု သိပ်ထူးချွန်တဲ့ နေရာတွေ ထဲမှာ ဈေးဆစ်တာ ကလည်း တခု အပါအဝင်ပဲ ခင်ဗျ။ အခုလည်း ကြည့်လေ၊ တသောင်းနှစ်ထောင် တန်တဲ့ ပစ္စည်းကို တဝက်ဈေးနဲ့ ခေါက်ချိုး ဆစ်ချနေတာ။
ကိုယ့်မှာတော့ လက်မှာ ရွှေလက်ကောက်တွေ တတောင်လောက် ဝတ်ထားတဲ့ ဆိုင်ပိုင်ရှင် အန်တီကြီးကို ကြည့်ပြီး အားနာလှပြီ။ သူ့လှမ်းကြည့်လိုက်တော့ မျက်နှာက ပြတ်သားနေ လိုက်တာ။
ခြောက်ထောင်နဲ့ ရရင် ယူမယ်၊ မရရင် မယူဘူး ဆိုတဲ့ ဒီဇိုင်း။ ကိုယ်သူ့ကို အဲ့ဒီလောက် အထိတော့ မလုပ်ပါနဲ့ ဆိုတဲ့ အားနာစရာ မျက်နှာပေးနဲ့ တချက်ကြည့်ပြီး လက်ကို လှမ်းတို့ ပါသေးတယ်။
ဒီတော့ သူကလည်း ခေသူတော့ မဟုတ်ဘူး ဆရာ။ ရှင်မသိရင် အသာနေ၊ ဝင်မပါနဲ့၊ ကျမဘာသာ ကြည့်လုပ်မယ် ဆိုတဲ့ မျက်နှာပေးနဲ့ တချက် ပြန်ကဲကြည့်ရင်း ကိုယ့်လက်ကို အသာ ပုတ်ထုတ် ပါတယ်။
"ခြောက်ထောင်တော့ မလုပ်ပါနဲ့ သမီးလေးရယ်၊ ဈေးရင်းကို ရှစ်ထောင် ရှိပါတယ်။ တထောင်တော့ ပေးစားနော်။ ကိုးထောင်အတိနဲ့ ယူသွား ဟုတ်ပြီလား"
"မရဘူး၊ ခြောက်ထောင်ပဲ"
"ခြောက်ထောင်ကတော့ တကယ် မရလို့ပါ၊ ရရင် ပေးပါတယ် ငါ့သမီးလေးရယ်၊ ကဲ ကဲ ခုနစ်ထောင် နဲ့ ယူသွား ဟုတ်လား"
ဟာ မဆိုးဘူးပေ့ါ၊ ဒီလောက်ဆို။ ကိုယ်က ယူပြီပဲ ထင်တာပေါ့။ တထောင်ပဲ ကွာတော့တာ မလားဗျာ။
"ဟင့်အင်း၊ မရဘူး၊ ခြောက်ထောင် အတိပဲ" ကိုင်း ခက်ပြီ၊ ငွေလေးတထောင်နဲ့ များကွာ ကပ်နေသေးတယ်။ ကိုယ့်မှာ အားကလည်းနာ၊ မျက်နှာကလည်းပူ။
"ခြောက်ထောင်တော့ တကယ် မရလို့ပါ"
"မရရင်လည်း ထားလိုက်တော့၊ ကဲ လာသွားမယ်"
ကိုယ့်လက်ကို ဆွဲပြီး ထွက်သွား ပါတယ်။ ကိုယ်ဒီလောက်တော့ နပ်ပါတယ်။ ဒါက ဈေးဆစ်တဲ့ နည်းဗျူဟာတွေ ထဲမှာ နောက်ဆုံး ထုတ်သုံးရတဲ့ အကွက်မလား။ လိုချင်တဲ့ ဈေးနဲ့ မရလို့ အချေအတင် ဖြစ်ရင်း ဈေးဝယ်က စိတ်ကုန်ပြီး ထွက်သွားဟန် ပြင်မယ်၊
ခြေလှမ်း ငါးလှမ်းအကွာ စက္ကန့် သုံးစက္ကန့်ခွဲလောက် အကြာမှာ ဈေးသည်က ကဲလာပါ ယူသွား ယူသွား၊ ဖောက်သည်ရင်းမို့၊ ဈေးဦးပေါက်မို့၊ အရှုံးခံပြီး ပေးလိုက်မယ် ဘာညာသရကာ နေကြာကွာစေ့ ပေါ့။
အခုလည်း အထက်ဖော်ပြပါ ဈေးဆစ်ခြင်း နည်းဗျူဟာ အဟောင်းနဲ့ပဲ သိသိကြီးနဲ့ ရလာခဲ့ပါတယ်။
"ရှင်ဘာသိလို့လဲ၊ ဒါမျိုးတွေက အဲ့လောက်ဆစ်မှ တော်ကာ ကျတာ" တဲ့။ သြော် ကိုယ်တွေ ကတော့ ဈေးဝယ်တဲ့ အခါ သိပ်ဆစ်တတ်တဲ့ အထဲမှာ မပါပါဘူး။ တခါတလေ ဆစ်လို့ ရရင်တောင် မကောင်းတတ်လို့ "လျှော့ဦးလေ" လို့ပဲ ပြောတဲ့ အဆင့်ပါ။ လျှော့ရင်လည်း ယူတယ်၊ မလျှော့ရင်လည်း ယူတယ်ပေါ့။
ဒီလိုနဲ့ တနေ့ သူက လိမ္မော်သီး ဝယ်ရအောင်လို့ ပြောပါတယ်။ ပြောရင်း ဆိုရင်း သူနဲ့အတူ လမ်းလျှောက်နေတုန်း လမ်းဘေးမှာ လိမ္မော်သီးနဲ့ ငှက်ပျောသီး ထိုင်ရောင်းနေတဲ့ အဘွား တယောက်ကို သွားတွေ့ပါတယ်။
"သူက လိမ္မော်သီးကို ဒီမှာ ဝယ်မယ်" ဆိုပြီး ပြောပြော ဆိုဆိုနဲ့ အဲ့ဒီ အဘွားရှေ့မှာ ဆောင့်ကြောင့် ထိုင်ပြီး လိမ္မော်သီးတွေ ရွေးပါလေရော။
တကယ်ဆို အဲ့ဒီ အဘွား ရောင်းတဲ့ လိမ္မော်သီး တွေက သိပ်ပြီး အရည်အသွေး ကောင်းတာမျိုး မဟုတ်သလို ကိုယ်တွေ လိုချင်တာမျိုးလည်း မဟုတ်ပါဘူး။ တောဘက်က တက်လာပြီး ရောင်းတယ်လို့ ယူဆရတဲ့ အဘွားက အသက်လည်း တော်တော် ကြီးနေပြီ ဖြစ်သလို နွမ်းနွမ်း လျလျနဲ့ လက်ကျန် ဘဝကို ခက်ခက် ခဲခဲ ရုန်းကန် နေရတဲ့ အနေအထားမျိုးပါ။
ဒီလိုအချိန်မှာ သူက အဘွားဆီက လိမ္မော်သီးတွေ ဝင်ရွေးနေတော့ အဘွားခင်ဗျာ အားတွေတက်ပြီး ပျော်လို့ပေါ့ဗျာ။ မျက်စိထဲ မြင်ယောင်ကြည့်ပေါ့။ ပြီးတော့ ဇာတ်လမ်းက စပါပြီ။
"ဘယ်လောက်ကျလဲ အဘွား" တဲ့။ ကိုယ်ထင်တာ ကတော့ လုပ်တော့မယ်ပေါ့။ အဘွားက ဈေးပြောရင် ထုံးစံအတိုင်း ဆစ်ဦးမယ်ပေါ့၊ ခေါက်ချိုးတွေ။ အဘွားကလည်း အပိုတွေ ထည့်ပေးရင်း ဈေးပြောပါတယ်။
သုံးထောင်တဲ့။ သူကပြုံးပြီး ငါးထောင်တန် တရွက် ထုတ်ပေးတယ်။ "ငှက်ပျောသီးလည်း ယူဦးမယ် အဘွား၊ ပိုသေးရင် ပြန်မအမ်းနဲ့တော့"
ငှက်ပျောသီးနဲ့ လိမ္မော်သီးတွေ ဆွဲရင်း ထွက်လာကြတော့ အဘွားက ကိုယ်တွေကို တွေတွေကြီး ငေးရင်း ကျန်နေခဲ့ပါတယ်။ အဲ့ဒီအချိန် ကိုယ့်စိတ်ထဲမှာ ပြောမပြတတ်တဲ့ ကြည်နူးမှု တခုကို သိမ့်ကနဲ ခံစားလိုက်ရတယ်။ သူ့ကို စိုက်ကြည့်ရင်း မေးလိုက်တယ်။
"ဒီတခါကျ ဈေးမဆစ်တော့ ပါလား" လို့။ သူကိုယ့်ကို မျက်စောင်း တချက်လှမ်းခဲရင်း ဆတ်ကနဲ ပြန်ဖြေပါတယ်။ "မသိရင် မှတ်ထား၊ ဈေးဆိုတာ ဝယ်တတ်ရင် ကုသိုလ် ရတယ်ရှင့်" တဲ့။ Crd _ Wai Phyo Maung
0 Comments