တခါတုန်းက ကလေးငယ် တယောက်ဟာ အိမ်အပြင်မှာ ဆော့ကစားနေရင်း အရောင်အသွေး စုံတဲ့ ခူကောင် တကောင်ကို တွေ့တယ်။ အဲဒါနဲ့ အိမ်ကို သယ်လာပြီး သူ့အမေကို ပြတယ်။
သူ့အမေကလည်း သူ့သားက စိတ်ဝင်စားနေတော့ "သား ဒီခူကောင်ကို ဂရုတစိုက်မွေး" လို့ ပြောလိုက်တယ်။
အဲဒါနဲ့ ကလေးဟာ အဲဒီ ခူကောင်ကို အိုးအဟောင်း တခုထဲ ထည့်ပြီး သေသေချာချာ မွေးတယ်။ သစ်ရွက်နုလေးတွေ သယ်လာပြီး ကျွေးတယ်။ တနေ့မှာ ခူကောင်လေးက အိုးနူတ်ခမ်း တနေရာ တက်ပြီး ထူးဆန်းတဲ့ အပြုအမူ တခုကို လုပ်နေတယ်။ အဲဒါနဲ့ သူ့အမေကို ခေါ်ပြတယ်။
သူ့ အမေက ရှင်းပြတယ်။ "သားရေ ခူကောင်လေးက ပိုးအိမ် လုပ်နေတာ။ ပြီးရင် အဲဒီ ပိုးအိမ်ထဲမှာ နေရင်း သူ့အချိန် စေ့ရင် လိပ်ပြာ ဖြစ်လာမှာ" လို့ ရှင်းပြတယ်။ ကလေးငယ်ဟာ ပိုစိတ်ဝင်စား လာပြီး ပိုးအိမ်ထဲက ခူကောင်လေးကို နေ့တိုင်း စောင့်ကြည့်တယ်။
တနေ့မှာ ပိုးအိမ်လေးက လှုပ်လာပြီး အပေါက်ကလေး တခု ပေါက်လာတယ်။ ပြီးတော့ လိပ်ပြာဖြစ်မဲ့ အကောင်လေးဟာ အဲဒီအပေါက်ထဲက အတင်း ထိုးထွက်နေတယ်။
ကလေးငယ်ကလည်း ဘာဖြစ်မလဲ ဆိုပြီး စိတ်ဝင်တစား စောင့်ကြည့်နေတာပေါ့။ လိပ်ပြာဖြစ်မဲ့ အကောင်လေးဟာ ခက်ခက်ခဲခဲ အပေါက် ကျဉ်းကျဉ်းလေးထဲက ထိုးထွက်နေတယ်။
ကလေးငယ်ဟာ နဲနဲကြာတော့ စိုးရိမ်လာပြီး ကပ်ကြေးတလက် သွားယူတယ်။ ပြီးတော့ အထဲက အကောင်လေး ထွက်ရတာလွယ်အောင် အပေါက်ကျယ်ကျယ်လေး ဖောက်ပေးလိုက်တယ်။
ခဏနေရင်ပဲ အကောင်လေးက ပိုးအိမ်ထဲက ထွက်လာနိုင်ခဲ့တယ်။ ကလေးငယ်က ဘယ်တော့ လိပ်ပြာအဖြစ် ထပျံမလဲ စောင့်ကြည့်နေတာပေါ့။
ဒါပေမဲ့ လိပ်ပြာလေးက ထမပျံဘူး။ လိပ်ပြာလေးရဲ့ ခန္ဒာကိုယ်ဟာ ရောင်ရမ်းနေတယ်။ အတောင်တွေ ဟာလည်း တွန့်ကျေနေတယ်။ ကလေးငယ်ကလည်း ဘယ်တော့များ လိပ်ပြာအဖြစ် ထပျံမလဲ စောင့်ကြည့်နေတာပေါ့။
ဒါပေမယ့် လိပ်ပြာလေးကတော့ ရောင်ရမ်းတဲ့ ခန္ဒာကိုယ်နဲ့ တွန့်ကြေတဲ့ အတောင်ပံတွေနဲ့ မြေပေါ်မှာ တွားသွားနေ ရတယ်။
အဲဒီလိပ်ပြာလေးဟာ တသက် ဘယ်တော့မှ မပျံသန်းနိုင်မှာ မဟုတ်တော့ ပါဘူး။ ဘာလို့လဲ ဆိုတော့ တကယ်တော့ လိပ်ပြာလေးဟာ သူ့ဟာသူ အပင်ပန်း ဆင်းရဲခံပြီး ပိုးအိမ် အပေါက် သေးသေးလေး ထဲက ထိုးထွက်ရမှာပါ။ အဲဒီလို ထိုးထွက်မှ ခန္ဓာကိုယ်က ကြီးထွားစေမဲ့ အရည်တမျိုးဟာ ပျံနှံသွားပြီး တောင်ပံအထိပါ ရောက်သွားမှာပါ။
ဒါမှသာ ခန္ဓာကိုယ်ဟာ ကြီးထွားဖွံ့ဖြိုး လာပြီး အတောင်ပံဟာလည်း သန်မာလာမှာပါ။ ဒါမှသာ လိပ်ပြာလေးဟာ ပျံသန်းနိုင်မှာပါ။ အခုတော့ ကလေးငယ်ရဲ့ စေတနာအမှားကြောင့် လိပ်ပြာဘဝ ပီပီပြင်ပြင် မဖြစ်ပဲ မပျံသန်းနိုင်ပဲ မြေပြင်ပေါ်မှာ တွားသွားရတဲ့ အဖြစ် ရောက်ခဲ့ရတာပေါ့။
ဒီသင်ခန်းစာလေးက ဘာတွေ သင်ယူနိုင်လဲ ဆိုတော့ ကျနော်တို့တွေ အခက်အခဲ တွေ့တဲ့ အချိန်မှာ နည်းနည်း ကြိုးစားကြည့်တယ်၊ မရရင် တစုံတယောက်ကများ ငါ့ကို ကူညီရင် ကောင်းမှာပဲလို့ မျှော်လင့်ကြတယ်။
အားကိုးရှာ ကြတယ်။ အကယ်၍ အကူအညီ ရခဲ့ရင် သိပ်ပျော်ကြ တာပေါ့။ ကိုယ့်ရဲ့ အစွမ်းအစတွေ ရုတ်လျော့သွားတာ၊ အားကိုးရှာတဲ့ အကျင့်ကြီး အမှု့မဲ့ အမှတ်မဲ့ ကျင့်သုံးနေမိမှန်း လိပ်ပြာလေးလို မြေပေါ်မှာ တွားသွားနေမိမှန်း မသိကြဘူး။
ဒါကြောင့် အခက်အခဲ တွေ့ရင် မကြောက်ပါနဲ့။ ကိုယ့်အားကိုယ်ကိုးပြီး ကျော်ဖြတ်နိုင်အောင် ကြိုးစားပါ။ အဲဒီ အခက်အခဲကို ကျော်ဖြတ်နိုင်ခဲ့ရင် ကိုယ်ရဲ့ ယုံကြည်ချက်တွေ တိုးပွားလာပြီး ကိုယ်ရဲ့ တန်ဖိုးလည်း တက်လာမှာပေါ့။ အခက်အခဲ ကြုံခဲရင် ဒီလိပ်ပြာလေးရဲ့ အဖြစ်အပျက်ကို သတိရပြီး ကိုယ်ကိုယ်တိုင် ရုန်းထွက်ပါ။ အားကိုးမရှာပါနဲ့။
တခြား လိပ်ပြာတွေလို ကိုယ့်ကို ကြီးထွားစေမဲ့ အမြင့်ပျံနိုင်မဲ့ ဗီဇဓာတ်တွေ ကိုယ့်ခန္ဓာထဲ ပျံနှံ့ပါစေ။ ဒါဆိုရင် ကြုံတွေတဲ့ အခက်အခဲ တွေကို ကျော်ဖြတ်နိုင်ရုံသာမက လိပ်ပြာလေးလို လှပတဲ့ ပန်းခင်းနဲ့ တူတဲ့ လှပတဲ့ ကိုယ့်အနာဂတ်ဆီကို ပျော်ရွှင်စွာ ပျံသန်းသွားနိုင်တော့ မှာပေါ့။ Crd
0 Comments