တကယ့် မိတ်ဆွေအစစ်

ညနေတခုမှာ ဆိတ်လေး တကောင်ဟာ တောင်ကုန်းပေါ်မှာ ဆော့နေတယ်။ ရုတ်တရက် သစ်ပင် ခြုံကြားထဲက ဝံပုလွေ တကောင် ထွက်လာပြီး ဆိတ်ကို စားမယ် ပြင်တယ်။

ဆိတ်လေးဟာ အသံကျယ်နဲ့ အော်ပြီး သူငယ်ချင်းတွေကို အကူအညီ လှမ်းတောင်းတယ်။ နွားက သစ်ပင်ခြုံထဲကနေ တချက် လှမ်းကြည့်ပြီး ဝံပုလွေကို မြင်တော့ ပြေးပါလေရော။

မြင်းက ခေါင်းငုံ့ပြီး တချက်ကြည့်၊ ဝံပုလွေကို မြင်တော့ ဝှစ်ကနဲကို ပြေးပြန်ရော။ ဝက်ကလည်း ဖြတ်သွားရင်း ဝံပုလွေကို မြင်တာနဲ့ ကမန်းကတန်း တောင်ပေါ်က ဆင်းပြေးရော။

တောင်အောက်မှာ ရှိတဲ့ ခွေးက ဆိတ်အော်သံ ကြားတော့ ကမန်းကတန်း တောင်ပေါ် ပြေးတက်၊ ခြုံပုတ်တွေ ထဲက ဖြတ်ပြီးဝံပုလွေရဲ့ လည်မြိုကို ကိုက်ခဲပစ် လိုက်တယ်။

ဝံပုလွေက နာလွန်းလို့ အော်တယ်။ ခွေးက မာန်ဖီလိုက်တော့ ဝံပုလွေက လန့်ပြီး ပြေးပါလေရော။

ဆိတ်ကလေး အိမ်ပြန်ရောက်တော့ သူငယ်ချင်းတွေ အားလုံး ရောက်လာတယ်။ နွားက "နင်က ဘာလို့ ငါ့ကို မခေါ်တာလဲ။ ငါ့ဂျိုနဲ့ သူ့ဗိုက်ကို ပေါက်အောင် လုပ်ပစ်မှာပေါ့" လို့ ပြောတယ်။

မြင်းက "နင်က ဘာလို့ ငါ့ကို မပြောလဲ။ ငါ့ခွာနဲ့ သူ့ခေါင်းကို ကန်ပစ်မှာပေါ့" လို့ ပြောပြန်တယ်။

ဝက်က "နင် ငါ့ကို ခေါ်ရောပေါ့။ ငါတချက် ပက်လိုက်ရင် သူတောင်ပေါ် ကတောင် ပြုတ်ကျသွားမှာ" လို့ ပြောပါတယ်။ အဲ့ဒီလို ပြောသံတွေ ကြားမှာ ခွေးလေး မပါခဲ့ပါ။

မိတ်ဆွေစစ် ဆိုတာ စကားအလှတွေ သုံးနေစရာ မလိုပါဘူး။ တကယ် လိုအပ်ချိန်မှာ မင်းကို လက်လှမ်း ကူညီတဲ့ သူဟာ မိတ်ဆွေစစ်ပါ။ အနားမှာ ရှိနေတဲ့ သူငယ်ချင်းတွေ ခင်မင်နေတဲ့ သူငယ်ချင်းတွေဟာ သူငယ်ချင်း အစစ် ဟုတ်၊ မဟုတ် မသေချာ သေးပါ။

တခါတလေ အဝေးမှာ ရှိနေပြီး အမြဲတမ်း ပေါင်းသင်းနေတာ မဟုတ်ပေမယ့် ကိုယ်တကယ် အကူအညီ လိုအပ် နေချိန်မှာ အပိုမပြောဘဲ ကူညီတဲ့သူ ဂရုစိုက်တဲ့သူသာ တကယ့်မိတ်ဆွေ တကယ့် သူငယ်ချင်း အစစ်ပါပဲ။ ဘဝမှာ တန်ဖိုးထားသင့်တဲ့ မိတ်ဆွေ သူငယ်ချင်းကောင်းများ ပိုင်ဆိုင်ကြပါစေ။ phoomyatchal

Post a Comment

0 Comments