အဘိုးအို တယောက် မြစ်ကမ်းနဘေးမှာ အညောင်းပြေ လမ်းလျှောက်နေတဲ့ တနေ့မှာပေါ့။ အဘိုးအိုဟာ မြစ်ကမ်းနဖူး ပေါ်မှာ စိတ်ပျက်လက်ပျက် ထိုင်နေတဲ့ လူငယ်တယောက်နဲ့ သွားဆုံမိတယ်။
လူငယ်က သက်ပြင်းတွေချ ညည်းတွားလို့။ မျက်နှာပြင် တခုလုံးလည်း ရွာတော့မယ့် မိုးလို အုံ့မှိုင်းလို့။ အဘိုးအိုက မေးလိုက်တယ်။ "ကလေး မင်းဘာဖြစ်နေတာလဲကွ။ မျက်နှာကြီးက သုန်မှုန်လို့ ပါလား"
လူငယ်က အဘိုးအိုကို ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်တယ်။ "ကျွန်တော်က မွဲလိုက်တာမှ ဖွတ်က ဘိုးအေ ခေါ်ရလောက်အောင်ကို မွဲတယ်ဗျာ။ နေစရာ အိမ်လည်းမရှိ၊ သားမယား ဆိုတာကတော့ ဝေလာဝေး၊ အလုပ်ကလည်း မရှိတော့ ဝင်ငွေမရှိ၊ ငတ်တလှည့် ပြတ်တလှည့်နဲ့၊ ရေသောက် ဗိုက်မှောက် အိပ်ရတဲ့ နေ့တွေ မရေတွက်နိုင် ပါဘူးဗျာ။ အဖိုးရယ် ဒီလို လူတယောက်ရဲ့ မျက်နှာမှာ အပြုံးအရယ် ဆိုတာ ရှိနိုင်ပါ့ဦးမလားဗျာ" လို့ စိတ်ပျက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။
ဒီတော့ အဘိုးအိုက ပြုံးရယ်ပြီး "မင်းက တကယ့်ငတုံး အရူးဘဲကွ။ တကယ်ဆိုရင် မင်းဒီလိုမျိုး မညည်းညူ နေသင့်ဘူး၊ ဘာလို့လဲ ဆိုတော့ မင်းဟာ အခုအချိန်ထိကို သန်းကြွယ်သူဌေးတယောက် ဖြစ်နေသေးလို့ ဘဲကွ"
လူငယ်လည်း အဘိုးအို စကားကြောင့် တအံ့တသြ ဖြစ်မိပြီး "ဘာလို့လဲ အဘိုးရ။ အဘိုးစကားကို ကျွန်တော် နားမလည်နိုင်ဘူး" လို့ မေးလိုက်တယ်။
"အေးလေကွာ၊ မင်းဟာ အခုအချိန်အထိ သန်းကြွယ် သူဌေးတယောက် ဖြစ်နေသေးတယ် မင်းမသိဘူးလား" လို့ အဘိုးအိုက ပဟေဠိဆန်ဆန် ထပ်ပြီး ပြန်ပြောတယ်။ ဒီတော့ လူငယ်က "သန်းကြွယ်သူဌေး ဟုတ်လားအဘိုး။ ကျွန်တော့်လိုကောင် ငမွဲကို အဘိုးက လှောင်နေတာလားဗျာ"
လို့ ဝမ်းနည်းလေသံနဲ့ ပြောပြီး လှည့်ထွက်သွားမယ် လုပ်တော့ အဘိုးက "မင်းကို ငါ ဘယ်လှောင်ရက်ပါ့ မလဲကွယ်၊ ကဲ မင်းကို မေးခွန်း လေးငါးခြောက်ခွန်းလောက် မေးပါရစေ ဖြေကြည့်စမ်းပါဦး"
အဘိုးအိုက ဒီလိုလည်း ပြောလိုက်ရော လူငယ်လည်း စိတ်ဝင်စားလာတာပေါ့။ "ဘယ်လို မေးခွန်းများလဲ ခင်ဗျာ၊ မေးပါ။ ကျွန်တော် အမှန်အတိုင်း ဖြေဆိုပါ့မယ်" အဘိုးက သူ့မေးခွန်းကို စတင်လိုက်တယ်။
"မင်းရဲ့ ပျိုရွယ်မှုကို ငါ ငွေနှစ်သိန်း ပေးပြီးဝယ်မယ်၊ မင်းငါ့ထက်တော့ ပိုအိုသွားမှာ ပေါ့ကွာ၊ မင်းရောင်းဖို့ သဘောတူမလား" လူငယ်က ခေါင်းခါပြီး "ဟာ အဘိုးကလည်း ကျွန်တော် အသက် မကြီးချင်သေးပါဘူး၊ သဘောမတူ ဘူးဗျာ" လို့ ပြောလိုက်တယ်။
"ဒါဆို ငါ နောက်ထပ် ငွေနှစ်သိန်း တိုးပြီးတော့ ပေးမယ်။ မင်းရဲ့ ကျန်းမာသန်စွမ်းမှု တွေကို ငါ့ကို ရောင်းစမ်းကွာ။ မင်း သဘောတူမလား"
"ဘယ်နည်းနဲ့မှ ကျွန်တော် သဘောမတူနိုင်ဘူး အဘိုး၊ ကျွန်တော်က သာမန်ဖျားနာတဲ့ ဒဏ်ကိုတောင် ခံချင်တဲ့သူ မဟုတ်ဘူး" လို့ ဆိုပြီး လူငယ်က ခါးခါးသီးသီး ငြင်းလိုက်တယ်။
"ကဲ ဒါဆို ငါမင်းကို နောက်ထပ် နှစ်သိန်း တိုးပေးမယ်ကွာ။ မင်းရဲ့ ချစ်ခင်ဖွယ်ရာ မျက်နှာလေးကို ငါဝယ်ယူမယ်၊ မင်းကတော့ ငါ့လို အရေတွန့် မျက်နှာနဲ့ အကြည့်ရတော့ ဆိုးသွားမှာပေါ့၊ သဘောတူလိုက်စမ်းပါကွာ" လို့ ပြောတော့ လူငယ်က
"ဒါတော့ လုံးဝ မဖြစ်နိုင်ဘူး၊ ကျွန်တော် လုံးဝ သဘောမတူနိုင်ဘူး အဘိုး။ ကျွန်တော်က ယောကျာ်း ပီသတဲ့ ကျွန်တော့် ရုပ်ရည်ကို အဘိုးလိုအရွယ် ဘယ်အဖြစ် ခံနိုင်ပါ့မလဲ" လို့ ပြောလိုက်တယ်။
"အင်း ဒါဆိုရင်လည်း နောက်ထပ် နှစ်သိန်း တိုးပေးမယ်၊ မင်းခေါင်းထဲက လတ်ဆတ်တဲ့ မှတ်ဉာဏ်တွေကို ငါဝယ်ယူချင်တယ်ကွာ၊ ဘယ့်နှယ့်လဲ" လို့ ပြောတော့ လူငယ်လည်း တော်တော် ဒေါကန်သွားပြီး
"အဲ့ဒါ ငတုံးတွေ ကမှ ရောင်းမှာဗျ" လို့ပြောပြီး လှည့်ထွက် သွားမလို့လည်း လုပ်ရော အဘိုးအိုက
"ခဏလေး နေပါဦးကွယ်၊ နောက်ဆုံး မေးခွန်းလေးတော့ ဖြေသွားလိုက်ပါဦး။ မင်းကို နောက်ထပ် နှစ်သိန်း ထပ်တိုးပေးမယ်၊ မင်းလူတွေကို သတ်ပေးရမယ်၊ အိမ်တွေကို မီးတင်ရှို့ ပေးရမယ်။ မင်းရဲ့ စိတ်ကောင်းနှလုံးကောင်းကို ဝယ်ယူတဲ့ သဘောပေါ့၊ ဘယ်နှယ့်လဲ မင်းသဘောတူလား" လို့ ပြောပြန်တယ်။ ဒီတော့ လူငယ်က
"ဘုရား ဘုရား ဒီလို အကုသိုလ် အလုပ်မျိုးကို မာန်နတ်ဘဲ လုပ်မှာဗျ" လို့ ဒေါသတကြီး ပြန်ပြောလိုက်တယ်။ ဒီတော့မှ အဘိုးအိုက ပြုံးပြီး ရှင်းပြလေတယ်။
"အေးကွယ် ကောင်းပါပြီ၊ စောစောက မင်းကို အဘိုး ဆယ်သိန်းဈေး ပေးပြီး ဝယ်ပေမယ့် မင်းခန္ဓာကိုယ် ထဲက ဘယ်အရာမှ မရခဲ့ဘူးနော်။ မင်း စဉ်းစားကြည့်စမ်း၊ မင်းဟာ တသန်း ကြွယ်ဝတဲ့ သူဌေး မဟုတ်ဘူးလား၊ အဲ့ဒါမှ မဟုတ်ရင် ဘာလဲကွဲ့၊ ပြောစမ်းပါဦး"
အဘိုးအို စကား ကြားပြီးချိန်မှာတော့ လူငယ်ဟာ ချက်ချင်းဘဲ အသိဉာဏ်ထဲ လင်းခနဲ ဖြစ်သွားတော့တယ်။ သွန်သင် ဆုံးမ လမ်းပြပေးတဲ့ အဘိုးအိုကို ကျေးဇူးတင်စကား ပြောပြီး နေရာမှာပဲ ထိုင်ကန်တော့ကာ နှုတ်ဆက် ထွက်ခွာ သွားတော့တယ်။
အဘိုးအိုက ယုံကြည်မှုရှိစွာ ပြုံးနေမိ လိုက်တယ်။ သည်လူငယ်လေးဟာ နောင်ဆိုရင် ဘယ်တော့မှ သက်ပြင်းချ ငြီးတွားခြင်း မရှိတော့ဘဲ ပြုံးပြုံးရယ်ရယ်နဲ့ ဘဝတိုးတက်ဖို့ အတွက် လမ်းကြောင်းအသစ်တွေ ရှာဖွေနေတဲ့သူ ဖြစ်လာတော့မယ် ဆိုတာကို အဘိုးအို ယုံကြည်ထားမိ ပြီလေ။
တကယ်တော့ လူ့ဘဝရဲ့ တန်ဖိုး အစစ်အမှန်ဟာ ဥစ္စာဓနတွေ မဟုတ်ပါဘူး။ နုပျို ကျန်းမာတဲ့ အရွယ်မှာ စိတ်ပျက်အားငယ် နေစရာ မလိုဘဲ အားမာန်အပြည့်နဲ့ ကြိုးစားဖို့ပဲ လိုပါတယ်။
အောင်မြင်မှုရဖို့ ဆိုတာ ကြိုးစားမှုက ၆၀%၊ ပံ့ပိုးမှုက ၂၀%၊ ကံတရားက ၂၀% လောက်နဲ့ပဲ အချိုးချချင် ပါတယ်။ ပံ့ပိုးမှု၂၀% မရနိုင်ရင် ကြိုးစားမှုကို ၈၀% လောက် ရှိအောင် ဖြည့်ယူရပါမယ်။ ပံ့ပိုးမှုရော၊ ကံတရားရော မရခဲ့ရင်ရော ဘာလို့ ကျွန်ုပ်တို့ ၁၀၀% ကြိုးစားအားထုတ်လို့ မရနိုင်ရမှာလဲ။
ကျွန်ုပ်တို့မှာ ခြေလက်အင်္ဂါတွေ အစုံအလင် ရှိတယ်။ ကျန်းမာ သန်စွမ်းတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားကြတယ်။ ထိုက်သင့်တဲ့ ဉာဏ်ပညာတွေလည်း ရှိနေတယ်။ လုပ်ချင်ကိုင်ချင် စိတ်တွေ ရှိနေတယ်။
ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိရင် အလုပ်တခုဟာ မလုပ်ခင်ကကို တဝက် ပြီးမြောက်နေသလို ပါဘဲ။ ဒါဆို ကျွန်ုပ်တို့ရဲ့ အိပ်မက်တွေကို ဘာလို့ အကောင်အထည် မဖော်နိုင်ရမှာလဲ။ စိတ်ပျက် အားငယ်စရာ မလိုဘဲ ဘဝကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ရမှာပေါ့။
ကြိုးစားမှု အားထုတ်မှုကိုတော့ ဘယ်တော့မှ အရှိန် မရပ်သင့်ဘူးလို့ ထင်ပါတယ်။ တကယ်တော့ ငွေကြေး တန်ဘိုးက အစစ် မဟုတ်ဘူးဆိုတာ စာဖတ်မိသူ အနေနဲ့ သိပါလိမ့်မယ်။ Crd
0 Comments