တခါတုန်းက သိန်းငှက်မတကောင် ရှိတယ်။ သူမဟာ ဥ ဥဖို့အတွက် တောင်ပေါ် မှာ ပေါက်တဲ့သစ်ပင်ကို ရှာတယ်။ အဲဒီသစ်ပင် ထဲမှာတောင် အမြင့်ဆုံး သစ်ပင်ပေါ်မှာ အသိုက်ကို ဆောက်တယ်။
ပထမတော့ အသိုက်ကို ကြီးတဲ့ သစ်ကိုင်း သစ်ခက်တွေနဲ့ ဆောက်လုပ် ပါတယ်။ အဲဒီအထဲမှာ သစ်ရွက်ခြောက်တွေ ထည့်တယ်။
နောက်တော့မှာ သူမရဲ့ အမွှေးနုတွေကို နှုတ်သီးနဲ့ ဆွဲနှုတ်ပြီး ထည့်တယ်။ နောက်တော့ အဲဒီအပေါ်မှာ ဥကို ဥလိုက်ပါတယ်။ ဥက များများ မဥပါဘူး။ တလုံး နှစ်လုံးပါပဲ။ အဲဒီဥပေါ်မှာ သိန်းငှက်မကြီးက ဝပ်တယ်။ အချိန်တန်တော့လည်း ဥထဲက သိန်းငှက်ကလေးတွေ ပေါက်လာပါတယ်။
သိန်းငှက်မကြီး ငယ်သေးတဲ့ သိန်းငှက်ကလေးတွေ အတွက် အစာ ရှာကျွေးပါတယ်။ သိန်းငှက်ကလေးတွေ အမွှေးနုတွေ ထွက်လာပြီ ဆိုရင် သိန်းငှက်မကြီးက အသိုက်ထဲမှာ ရှိတဲ့ အမွှေးနု တွေကို ဖယ်ရှားပစ်တယ်။
နောက် မကြာခင်မှာပဲ သိန်းငှက်ကလေးတွေရဲ့ အမွှေးတွေ ရှည်လာရင် သိန်းငှက်မကြီးက သစ်ရွက်ခြောက်တွေ ဖယ်ရှားပစ်လိုက်တယ်။
သဘောကတော့ ကြမ်းတမ်းတဲ့ သစ်ကိုင်းသစ်ခက် တွေရဲ့ အထိအတွေ့နဲ့ ကြီးပြင်းစေချင်လို့ပါ။ နောက် မကြာခင်မှာပဲ သိန်းငှက်က လေးတွေရဲ့ အတောင်ပံတွေက ရှည်သထက် ရှည်လာတယ်။
ပျံသန်းလို့ ရနိုင်တဲ့ အချိန်ကို ရောက်ပြီလို့ သိန်းငှက်မကြီးက ယူဆတဲ့ အချိန်မှာ သိန်းငှက်ကလေးတွေကို အသိုက်ထဲက တွန်းချလိုက် ပါတယ်။
သိန်းငှက်ကလေးတွေက ယက်ကန် ယက်ကန်နဲ့ တောင်ပေါ် အသိုက်ထဲက ပြုတ်ကျသွားတယ်။ မပျံနိုင်သေးဘူးလို့ ထင်ရင်သိန်းငှက်မက အသိုက်ထဲကို ပြန်ချီလာတယ်။ သိပ်မကြာခင်မှာပဲ သိန်းငှက်မဟာ သူ့ရဲ့ သားသမီးတွေကို အသိုက်ထဲက တွန်းချပြန်တယ်။
ဒီလိုနည်းနဲ့ပဲ အကြိမ်ကြိမ် အခါခါ တွန်းချပါတယ်။ သိန်းငှက်ကလေးတွေဟာ လေထဲမှာ ဝဲပြီး ပျံသန်းနိုင်ပြီ ဆိုတာနဲ့ အစစအရာရာ ကိုယ့်တာဝန် ကိုယ်ယူပေတော့။ သိန်းငှက်မကြီးရဲ့ တာဝန်က ပြီးပြီ။
အမေရိကန် နိုင်ငံသားတွေရဲ့ အတုယူသင့်တဲ့ အချက်တချက်က ဒီသိန်းငှက် ပုံပြင်လိုပဲ။ သူတို့ သားသမီးတွေကို ငယ်ငယ်ကထဲက ကိုယ့်အားကိုယ်ကိုးတတ်အောင် လေ့ကျင့်ပေးခြင်း ဖြစ်ပါတယ်။
မွေးကင်းစမှာပဲ ကိုယ်ပိုင်အိပ်ခန်းမှာ ကိုယ့်ဘာသာကိုယ်အိပ်၊ လမ်းလျှောက်တတ်စမှာပဲ အမှိုက်ပုံးမှာ ကိုယ့်အမှိုက်ကိုယ် ပစ်တတ်အောင် သင်ပေးတယ်။
အရွယ်နဲ့အမျှ တတ်နိုင်တဲ့ ဝန်ကို ထမ်းဆောင်ဖို့ လေ့ကျင့်ပေးတယ်။ အသက် ၁၈ နှစ် ပြည့်ရင်တော့ သိန်းငှက်မက အသိုက်ထဲက တွန်းချလိုက်သလိုမျိုး တွန်းချလိုက်တာပဲ။ ကိုယ့်စရိတ်ကိုယ် ရှာပြီး ကောလိပ်၊ တက္ကသိုလ် တက်ပေတော့။ ဘွဲ့မရခင် မှာပဲ လုပ်ငန်း အတွေ့အကြုံက အမျိုးမျိုး ရနေပြီ။
ယောကျာ်းရော၊ မိန်းမပါ အရွယ် ရောက်တာနဲ့ ကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်နေပြီ။ သေနတ်တိုင်း ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ပစ်တတ်နေပြီ။
ရေကူးခြင်း အတတ်ပညာ ကိုလည်း ကောင်းကောင်း ကျွမ်းကျင်နေပြီ။ အခြားအားကစားကို ဝါသနာပါရင် ဝါသနာပါတဲ့ အလျောက် ကောင်းကောင်း ကျွမ်းကျင်နေပြီ။
အမေရိကန် အင်္ဂလိပ်ဘာသာစကား အပြင် အခြားဘာသာစကားတွေ ကိုလည်း အနည်းဆုံး တမျိုးထက် ပိုတတ်မြောက် နေပြီ။ အဓိက ဦးတည်ပြီး လေ့ကျင့် ပျိုးထောင်တာက ကိုယ့်အား ကိုယ်ကိုးတတ်တဲ့ စိတ်ဓာတ်ကို ပြုစုပျိုးထောင်တာပါ။
ဒိအပြင် အားမနာတတ်ခြင်း အတတ်ပညာ ကိုလည်း ဒီအရွယ်မှာ တော်တော် ကျွမ်းကျင်နေပြီ။ သူတို့တွေဟာ အားမနာတတ်ပေမယ့် တခြားသူတွေဖက်က စာနာစိတ်နဲ့ ကြည့်တတ်၊ ခံစားတတ်အောင်လည်း တလက်စထဲ သင်ပေးတဲ့ အတွက် တတ်မြောက်နေပြီ။
သားသမီးတွေကို မိဘများအနေနဲ့ ဘဝမှာ အကောင်းဆုံး လက်ဆောင်ဟာ တသက်လုံး သုံးလို့ မကုန်တဲ့ ငွေမဟုတ်ပါဘူး။ ရင်ခွင်ထဲမှာ အမြဲတမ်း ထည့်ထားဖို့လည်း မဟုတ်ဘူး။ ဘွဲ့လက်မှတ်လည်း မဟုတ်ပါဘူး။ အိမ်ထောင်ဖက် ကောင်းကောင်းကို ရွေးပေးတာလည်း မဟုတ်ပါဘူး။
မိဘများအနေနဲ့ သားသမီးတွေကို ပေးသင့်တဲ့ အကောင်းဆုံး လက်ဆောင်ကတော့ "ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးတဲ့စိတ်ဓာတ်" ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးစိတ်ကို ရနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတခုကတော့ သူတို့ ကြောက်နေတဲ့ အလုပ်ကို သူတို့ကို လုပ်ခွင့်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ မိဘများအနေနဲ့ ထိန်းကြောင်းပေးဖို့ပဲ လိုပါတယ်။ သူတို့ကို အကြိမ်ကြိမ် အခါခါ တွန်းချဖို့ လိုအပ်ပါတယ်။ စိုင်းအောင်ဝင်းဟိန်း
0 Comments